Thursday 25 October 2012

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း ခရီးသည် ဟန်ဆောင်ကာ အိတ်ခိုးသည့် အဖွဲ့များ ရှိနေ


အောင်မင်္ဂလာ အဝေးပြေးဝင်းကြီး အတွင်း၌ အဝေးပြေး ကားစီးမည့် ခရီးသည်များ၏ ခရီးဆောင်အိတ်များကို ခရီးသည် ဟန်ဆောင်ကာ အုပ်စုလိုက် ခိုးယူမှု ဖြစ်စဉ်များ လတ်တလော ကာလအတွင်း
ဖြစ်ပေါ်နေကြောင်း အဝေးပြေးဝင်း အုပ်ချုပ်ရေးမှူးရုံးနှင့် မော်တော်ယာဉ်များထံမှ ၁၃-၁၀-၂၀၁၂ ရက်က သိရသည်။ ယင်းကဲ့သို့ ခရီးသည် ဟန်ဆောင်ကာ အဝေးပြေးကား စီးနင်းမည့် ခရီးသည်များ၏ အိတ်များကို ခိုးယူသည့် ဖြစ်စဉ်မှာ အဝေးပြေးကားများ၏ ပစ္စည်းတင်ယာဉ် စစ်သည့် ကာလနှင့် အနီးကပ်ဆုံး အချိန်များတွင် ဖြစ်ပေါ်နေပြီး အမှတ်တမဲ့ အနေအထားတွင် ခိုးယူနေမှန်း မသိသေးကြောင်း သိရသည်။ “ရုပ်ရည် ခပ်သန့်သန့် လူနှစ်ယောက်ဗျ။ တစ်ယောက်က နည်းနည်းဝတယ်။ သူတို့တစ်တွေက ကားပေါ်ကို တက်လာပြီး ခရီးသည်လိုလို ဘာလိုလိုနဲ့ အိတ်တွေကို ဆွဲထုတ်တာတွေ လုပ်နေတယ်။ ကျွန်တော်ကလည်း ကားပေါ်ကို ခဏယာဉ် တက်စစ်တဲ့အချိန်၊ ရုတ်တရက်ဆိုတော့ သူ့အိတ်သူ ဆွဲနေသလိုလိုပေါ့။ ကျွန်တော်လည်း သိပ်မသင်္ကာတာနဲ့ သူတို့ဆင်းသွားမှ အုပ်ချုပ်ရေးမှူးရုံးကို သတင်းပို့ပြီး လိုက်ချောင်းကာ ဂိတ်အထွက်မှာပဲ မိတာ” ဟု JJ Express ကားကုမ္ပဏီမှ ယာဉ်စစ်တစ်ဦးက ပြောကြားသည်။

“အဲဒီလူတွေက အုပ်စုလိုက် ဖွဲ့ပြီး လုပ်နေတာလို့ သတင်းကြားရတယ်။ ပြီးတော့ ဒီလူတွေ အုပ်စုက ရွှေတောင်ရိုး အဝေးပြေး ကားကိုလည်း ကပ်တယ်လို့ ပြောကြားပါတယ်” ဟု JJ မှ အခြားသော ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားသည်။ “မသင်္ကာလို့ ဖမ်းဆီးခေါ်ထားတာ ရှိပါတယ်။ စစ်ဆေးနေပါတယ်” ဟု အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်း အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ကြားသိနေရသော သတင်းများအရ ယာဉ်လိုင်းများနှင့် ခရီးသည်ကြား အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်နိုင်စေသည်ဟု သိရကာ ယင်းမသင်္ကာဖွယ် လူတစ်ဦးထဲမှ မိထားသူတစ်ဦးကို ပထမတစ်ကြိမ် စစ်ဆေးပြီး သက်သေမခိုင်မာသဖြင့် စောင့်ကြည့်အနေအထားဖြင့် ပြန်လွှတ်ခဲ့ကာ နောက်တစ်နေ့တွင် ထပ်မံ ဖမ်းမိထားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အေဝိုင်အီး
.........................................................................................
Reference and Credit to ^..^
http://news.yatanarpon.com.mm/news/news-69995

By News of Myanmar

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment