Sunday, 28 October 2012
လူလတ်တန်းစားကို မမေ့ထားကြပါနှင့်
လူလတ်တန်းစား ဆိုသည်မှာ လူ့အဖွဲ့အစည်း အတွင်းတွင် အလယ်နေရာ၌ ရှိနေသူများ ဖြစ်ကြောင်း ယေဘုယျအားဖြင့် အဓိပ္ပာယ် ဖွင့်ဆိုကြ ပါသည်။ လူမှု စီးပွားရေး ဝေါဟာရဖြင့် ဖွင့်ဆိုရှင်း ပြရလျှင်
အထက်တန်းလွှာနှင့် အလုပ်သမား လူတန်းစားကြားမှာ ရှိနေသော အုပ်စုကြီးသည် လူလတ်တန်းစားအလွှာ ပင်ဖြစ်သည်။
လူလတ်တန်းစား၏ အရွယ်အစားသည် ယင်းကို အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားဥစ္စာ၊ ကြီးပြင်းလာသော ပတ်ဝန်းကျင်၊ လူမှုရေးကွန်ရက်၊ အမူအကျင့်နှင့် စံတန်ဖိုးများပေါ်မှာ မူတည်ပါသည်။ သည် အချက်များက တစ်ခုပေါ်တစ်ခု မှီခိုနေတာ မဟုတ်သော်ငြား ဆက်စပ်ပတ်သက်နေတာ တော့အမှန်။
ခေတ်သစ်လူလတ်တန်းစား
ခေတ်သစ်လူလတ်တန်းစားနှင့် ပတ်သက်ပြီး အကျုံးဝင်သော အချက်များမှာ-
-တက္ကသိုလ်နှင့် အဆင့်မြင့်ပညာရေး ရရှိခြင်း၊
-ပညာတတ်များ၊ ရှေ့နေများ၊ အင်ဂျင်နီယာ များ၊ ဆရာဝန်များ စသော အသက်မွေးဝမ်း ကျောင်း အရည်အချင်းရှိသည့် ပုဂ္ဂိုလ်များ( သူတို့ ၏ ဥစ္စဓနကို ထည့်မတွက်ပါ)
-အိုးအိမ်ပစ္စည်းပိုင်ဆိုင်မှုနှင့် အလုပ်အကိုင် တို့သည် ဘဝလုံခြုံမှုဖြစ်ကြောင်း ယုံကြည်ခြင်း၊
-ဘဝနေဟန်ရှိခြင်းတို့ဖြစ်ပါသည်။
ကမ္ဘာကျော် "အီကော်နောမစ်" စာစောင် ကြီးက ၂၀ဝ၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကမ္ဘာ့ လူဦးရေတစ်ဝက်ကျော်သည် လူလတ်တန်းစား များ ဖြစ်နေပြီဟူ၍ ကြေညာခဲ့ပါသည်။ ထွန်းသစ် စနိုင်ငံများတွင် စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးလာ သောကြောင့် ဖြစ်သည်။ အဆိုပါ ထွန်းသစ်စနိုင်ငံများ ဟူသည် တရုတ်၊အိန္ဒိယနှင့် ဘရာဇီးလ်တို့လို နိုင်ငံများကို ညွှန်းဆိုခြင်းပါ။
၂၀ဝ၈ ခုနှစ်မှစ၍ ကမ္ဘာ့စီးပွားရေး ကျဆင်းနေချိန်မှာ သည်နိုင်ငံများက ပန်းပန်လျက် ရှိနေပါသည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေး အဖွဲ့ (အိုအီးစီဒီ)၏ ၂၀၁၀ ပြည့်နှစ် "ဖွံ့ဖြိုး ဆဲနိုင်ငံများမှ ထွန်းသစ်စ လူတန်းစား" စာတမ်း အရမူ ယနေ့ကမ္ဘာ့လူဦးရေ သန်း ၆၀ဝ၀ တွင် သန်း ၁၈၀ဝသည် လူလတ်တန်းစားများ ဖြစ်နေ ပြီဟု ဆိုထားပါသည်။ ထားတော့။
ထိုစာတမ်းတွင် စိတ်ဝင်စားဖွယ် ဖော်ပြထားတာက တရုတ်နိုင်ငံ၏ လူလတ်တန်း စား ဦးရေသည် ၁၅၇ သန်းအထိရောက်ရှိနေပြီဆို ခြင်းပင်။ အမေရိကန် ပြည်ထောင်စုပြီးလျှင် ကမ္ဘာပေါ်မှာ လူလတ်တန်းစား ဒုတိယအများဆုံးနိုင်ငံ ဖြစ်နေပေပြီ။ ထို့ကြောင့် ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးများ က တရုတ်မှာ ဝင်ရောက်လုပ်ကိုင်ဖို့ သူ့ထက် ငါကဲ ဖြစ်နေကြလေသည်။ ဖြစ်လည်းဖြစ်လောက် ပါ၏။ ၂၀ဝ၇ ခုနှစ် စစ်တမ်းတစ်ခု၌ တရုတ်ဈေး ဝယ်သူ ၆၀ဝ၀ ကို လေ့လာကြည့်ခဲ့ရာ ရက်သတ္တ တစ်ပတ်လျှင် သူတို့ဈေးဝယ်ချိန်က ၉ဒသမ၈ နာရီရှိသည်တဲ့။ ထိုစဉ်က အမေရိကန်တစ် ယောက်၏ ဈေးဝယ်ချိန်ကမူ ၃ ဒသမ ၆ နာရီသာ ရှိလေသည်။
ဘာကြောင့်သည်လောက်အရေးကြီးရသနည်း
များသောအားဖြင့် နိုင်ငံရေးသမားများက လူ လတ်တန်းစားဟူသည် စီးပွားရေးတိုးတက်လာ ခြင်း၏ ကျွဲကူးရေပါဟု ရှုမြင်တတ်ကြပါသည်။ တကယ်တော့ ယင်းနှင့်ဆန့်ကျင်ဘက်ဖြစ်ကြောင်း ဒေးဗစ်မက်လန်က ၂၀၁၁ ခုနှစ် နွေဦးထုတ် "ဒီမိုကရေစီဂျာနယ်" တွင် ဆောင်းပါးရေးသား ထားပါသည်။ လူလတ်တန်းစားသည် စီးပွားရေးဖွံ့ဖြိုးတိုး တက်စေရန် အရင်းအမြစ်ဖြစ်သည်ဟု သူကဆို သည်။
အားကောင်းမောင်းသန်လူလတ်တန်းစား သည် တည်ငြိမ်သော စားသုံးသူအခြေခံကိုတည် ဆောက်ပေးပါသည်။ ထိုအခြေအနေက ကုန်ထုတ်လုပ်မှု ကို တွန်းအားပေးပါသည်။ ဘော ဂဗေဒဂုရုကြီး ဂျွန်မေနတ်ကိန်းက သူ၏ ၁၉၃၆ ခုနှစ်ထုတ The General Theory of Employment, Interest and Money် စာအုပ်တွင် ရင်း နှီးမြှုပ်နှံမှုများကို ကြိမ်တို့ရန်အတွက် တည်ငြိမ်သော လူလတ်တန်းစား စားသုံးမှုတစ်ရပ် လိုအပ်ကြောင်း ရေးသား ဖော်ပြခဲ့ပါသည်။
စင်စစ်အားကောင်းမောင်းသန် လူလတ်တန်း စားရှိလျှင် အခြေအနေက ထိုမျှမကပါဟု ဒေးဗစ်မက်လန်က ရေးသားသည်။ တခြားသော အမျိုးသားရေး နှင့် လူ့အဖွဲ့အစည်းဆိုင်ရာများ တိုးတက်ဖြစ်ထွန်းစေရေး အတွက်လည်း လူလတ်တန်းစားက အခရာကျပါသည်။ လူအချင်းချင်း ကြား ယုံကြည်မှုကို တည်ဆောက်ပေးပါသည်။ စွန့်ဦးတီထွင်လုပ်ငန်းများနှင့် တီထွင်ဖန်တီး မှုများက သူတို့ရှိမှ ဖြစ်ပေါ်သည်။ သူတို့ရှိမှလည်း လူမှုရေးတည်ငြိမ်သည်။ ပိုမိုကောင်းမွန်သော အစိုးရအုပ်ချုပ်မှု ပေါ်ထွန်းလာသည်။ ပညာရေးနှင့် တခြားသော ရေရှည်ရင်းနှီးမြှုပ်နှံမှု များကိုလည်း အားပေးသည်။
ချမ်းသာကြွယ်ဝမှု မမျှမတဖြစ်နေသော လူ့အဖွဲ့အစည်းများသည် ခေတ်သစ်စီးပွားရေး ဖွံ့ဖြိုး မှုအတွက် လိုအပ်သလောက် စားသုံးမှုမပြုတတ် ချေ။ လူချမ်းသာများက လူလတ်တန်းစားထက် ငွေပိုစုသည်။ ပြီး အသုံးအစွဲနည်းသည်။ သည်တော့ငွေတွေက ရေကြီးရာမှာပဲ မိုးရွာ နေတော့သည်။ သာမန်လူတွေလက်ထဲ ငွေစီးဆင်းမှု နည်းလာသည်။ ဤတွင် ကုန်ထုတ်လုပ်မှုအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို အားမပေးနိုင်တော့။ အကျိုး ဆက်က လူအများ စီးပွားကျပ်တည်းခြင်းတည်း။
သည်အတွက် သင်ခန်းစာက ရှင်းပါသည်။ ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးရေးအတွက် ဆိုလျှင် လူလတ်တန်းစားများ သုံးစွဲနိုင်ဖို့လိုပါ သည်။ ထို့အတွက် သူတို့ဝင်ငွေ အထိုက်လျောက် ကောင်းရမည်။ စီးပွားရေးကို လက်ဝါးကြီးအုပ် ထားပြီး နိုင်ငံတကာပေါက်ဈေးထက် ဈေးတင် ရောင်း တာမျိုးတွေ မလုပ်ဖို့လိုပါသည်။ နောက်အရေးကြီးသောတစ်ချက်က လူလတ်တန်းစား ခိုင်မာစွာရှိနေလျှင် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုပိုရှိနိုင်ကြောင်း ဒေးဗစ်မက်လန်က ရေးသားသည်။ သူတို့တစ်တွေ အချင်းချင်းလက်တွဲ လုပ်ကိုင်ကြဖို့ ဝန်မလေးတော့။ တကယ်တော့ တို့တစ်တွေအားလုံး အတူတူ ပဲဟူသော အမြင်က ယုံကြည်မှု၏ အရင်းခံပေကိုး။ တစ်ဦးနှင့် တစ်ဦး ဆင်းရဲချမ်းသာကွာဟနေ လျှင် ထိုယုံကြည်မှုမျိုးကို မည်သို့တည်ဆောက် ယူနိုင်မည်နည်း။ ပိုင်ရှင်က ပိုင်ရှင်၊ အလုပ်သမား က အလုပ်သမားဖြစ်နေမည်။ ထိုဝိရောဓိကား ဘယ်ခါမှ မငြိမ်းချမ်းသောမီး။ ဒါကို လူလတ်တန်း စားက ကြားဝင်ပေးမှဖြစ်မည်။
အားကောင်းသော လူလတ်တန်းစားရှိနေဖို့
အားကောင်းသော လူလတ်တန်းစားရှိနေဖို့ နောက်လိုအပ်ချက်တစ်ခုက ပိုမိုကောင်းမွန်သော အစိုးရအုပ်ချုပ်မှုတစ်ရပ် ပေါ်ထွန်းလာစေရန် ဖြစ်ပါ သည်။ ယင်းအတွက် လူလတ်တန်းစားက ရေ ခံမြေခံကောင်းဖြစ်ကြောင်းကို ရှေးခေတ်ဒဿန ဆရာကြီး အရစ္စတိုတယ်မှအစ၊ အမေရိကန်နိုင်ငံ ရေးသုခမိန် ဂျိမ်းမယ်ဒီဆင်အလယ်၊ ခေတ်သစ် နိုင်ငံရေးသိပံ္ပပညာရှင်များအဆုံး အားလုံးက လက် ခံထားကြကြောင်း ဒေးဗစ်မက်လန်က "ဒီမိုက ရေစီဂျာနယ်" ထဲ၌ ရေးသားထားပါသည်။
လူလတ်တန်းစားများက အစိုးရတစ်ရပ်ကို ကောင်းမွန်စွာလည်ပတ်စေပါသည်။ နိုင်ငံအရေး အရာတွင် နိုင်ငံသားများပါဝင်အောင် အားပေးပါ သည်။ အထက်မှာဆိုခဲ့သလို ချမ်းသာဆင်းရဲ လူတန်းစားပဋိပက္ခများကို လျော့ပါးစေပါသည်။ လူတစ်စု၊ တစ်ဖွဲ့ကောင်း စားရေးထက် ပြည်သူ တစ်ရပ်လုံး ကောင်းစားရေး မူဝါဒများကို အားပေး ပါသည်။ လူလတ်တန်းစားအားနည်းနေလျှင် ဆိုခဲ့ပါ အချက်များနှင့်ဆန့်ကျင်ဘက်ရလဒ်များ ကိုသာ ရရှိလာရလိမ့်မည်။ စီးပွားရေး မညီမျှမှုများ ဖြစ်လာမည်။ နိုင်ငံရေးစနစ် မျှခြေမရှိ ဖြစ်လာမည်။ စားဝတ်နေရေး မဖူလုံမှုများဆိုးရွားလာပြီးထိုသူများသည် နိုင်ငံ့အရေးအရာများမှာ စိတ်မဝင်စား၊ မဲ မထည့်၊ အများပြည်သူအတွက်မူဝါဒ များကို ဂရုမစိုက်ဖြစ်လာပေလိမ့်မည်။
တချို့သောအုပ်စိုးသူများကမူ ထိုအခြေအနေများကို သဘောကျ သည်။ သို့မှသာအာဏာကိုချုပ်ကိုင် ထားနိုင်ပြီးနိုင်ငံကို ကြိုက်သလိုချယ် လှယ်နိုင်မည်ဟု ထင်ကြသည်။ သို့သော်ယင်းမှာ ယာယီမျှသာပါ။ ပြည်သူများဆင်းရဲကျပ်တည်း လွန်းလာ သောအခါ မကျေနပ်မှုတွေ ပေါက်ကွဲပြီး ဆူပူအြွုံကကြတော့သည်။ ထိုအခါ အကြမ်းဖက်နှိမ်နင်းကြရသည်။ ကာလ အတန်ကြာသောအခါထပ်ပြီး ပေါက် ကွဲကြပြန်သည်။ အုပ်စိုးသူများက နှိမ်နင်းကြရပြန်သည်။သည် လိုပုံဖြင့် ဆိုးသွမ်းသံသရာလည်နေတော့သည်။ တိုင်းပြည်မူကားဖွတ်သည်ထက်ညစ်လာ ရလေသည်။
ထို့အပြင် လူလတ်တန်းစားများ အားနည်းလာလျှင် အစိုးရ၏ အခြေခံ စွမ်းဆောင်ရည်သည်လည်း ကျဆင်းလာပါသည်။ စီးပွားရေးမညီမျှမှု ဖြစ်နေပြီး လူလတ်တန်းစားကလည်း အားနည်းနေသောအခါ အစိုးရဌာနများ၏ အရည်အသွေးနှင့် ဝန်ဆောင်မှုတို့ သိသိသာသာပင် ညံ့ဖျင်းသွားကြောင်း လေ့လာမှု များအရ သိရပါသည်။ ၂၀ဝ၇ ခုနှစ်က ဘောဂဗေဒပညာ ရှင်များဖြစ်သော အယ်လ်ဘာတိုချောင်း နှင့် မာ့စ်ဂရက်ဆတိန်းတို့ကThe Review of Economics and Strtistics စာစောင်မှာဆောင်းပါး တစ် ပုဒ်ရေးခဲ့ပါသည်။
ယင်းမှာ စီးပွားရေး မညီမျှမှုနှင့်အစိုးရအုပ်ချုပ်မှုတို့ကြား ဆက်စပ်မှုရှိနေခြင်းကို သဘော တရား ရေးရာအရ ဖွင့်ဆိုပြီးလက်တွေ့စမ်းသပ် တွေ့ရှိချက်ကို ရှင်းပြထားခြင်းဖြစ်ပါ သည်။ သူတို့တွေ့ရှိချက်အရ စီးပွားရေး မညီမျှမှုကြောင့်အစိုးရယန္တရား၊ အစိုးရတည်ငြိမ်မှုနှင့် ဒီမိုကရေစီနည်း ကျ တာဝန်ယူမှုတို့အပေါ် အန္တရာယ် ရှိနေပါသည်။ ထို့ထက်ပို၍ ပြောရလျှင် ကားလူလတ်တန်းစားတို့ အားနည်း လာသောအခါတွင် အစိုးရအတွင်း အဂတိလိုက်စားမှုများလည်း အလွန် အကျုး ဖြစ်လာတော့သည်။ အချုပ်ဆိုရလျှင် လူလတ်တန်း စားတို့ အားနည်းနေပါက အစိုးရ၏ ဆောင်ရွက်ချက်များနှင့် ယင်း၏ အင်စတီကျူးရှင်းများပါ အနှစ်ဗလာ အကာသက်သက်ဖြစ်နေပေမည်။ အစိုးရ ယန္တရားသည်လည်း ပြည်သူ့အကျိုးကို မဆောင်တော့ချေ။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆီသို့
လူလတ်တန်းစားများတွင် စံတန် ဖိုးများရှိသည့်အနက် အရင်းရှင် စံတန် ဖိုးသည်လည်းတစ်ခုအပါအဝင်ပါ။ သူတို့၏ သားသမီးများကို ပညာနှင့် အလုပ်ကို တန်ဖိုးထားတတ်အောင် သူတို့က သွန်သင်သည်။ မိမိတို့တစ် တွေအလုပ်အကိုင် ကောင်းရရန်လို ပါသည်။သို့မှသာ(ကျိကျိတက် ချမ်းသာ ခြင်းမဟုတ်ဘဲ) ဝင်ငွေကောင်းနိုင်မည် ကို သူတို့၏ ကလေးများက သဘော ပေါက်ပါသည်။သူတို့၏ စည်းမျဉ်း ဥပဒေသက အချောင် သမားလမ်းစဉ် မဟုတ်။ ပညာကြိုးစား။ ဒါမှအလုပ် ကောင်းရမည်။ အလုပ်ကိုကြိုးစား။ ဒါမှ ဘဝမှာ အောင်မြင်မည်ဟူ၏။ သည်စည်းမျဉ်း ဥပဒေသကို အကောင်အထည်ဖော်နိုင်ရန် လူလတ် တန်းစားများ ကကြိုးစားကြလေရာ သူတို့ကြောင့် စာသင်ကျောင်းများ ဆရာ၊ ဆရာမများလည်းအရည် အသွေးမြင့်မားလာကြောင်း တွေ့ရှိရပါ သည်။ ကျွန်တော်တို့ဆီမှာရော---။
ကျွန်တော်တို့ဆီမှာလည်းလူလတ် တန်းစားများ၏ အနေအထား ကမည် သို့ရှိနေသနည်း။အသေအချာတော့ မသိ။ တချို့ကမူ "ထားစရာ မရှိသူ" နှင့် "စားစရာမရှိသူတွေပဲ" ရှိကြ သည်ဟုပြောကြပါသည်။ ထိုအတိုင်း သာမှန်ခဲ့လျှင် သည်ကနေ့ အားလုံးက ဝိုင်းဝန်းကြိုးပမ်းနေကြသော ပြုပြင် ပြောင်းလဲမှုများသည် မှန်းချက်အတိုင်း ပေါက်မြောက်နိုင်ဖို့မလွယ်။ အထက်မှာ ဖော်ပြခဲ့သောအချက် များကိုကြည့်သော် ကျွန်တော်တို့ ဆီတွင်လည်း လူလတ်တန်းစားကြီး ထွား လာစေရန် ဥစ္စာရင်လို ဥစ္စာရင်ခဲ လုပ်ကြရပေမည်။
လူတစ်စု၊ တစ်ဖွဲ့ အဆင်ပြေကောင်းစားရုံမျှဖြင့် တစ်နိုင်ငံ လုံးကြီးပွား တိုးတက်နိုင်ဖို့ဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်းကိုလည်း အားလုံး ကြုံဆုံခဲ့ကြ ရပြီးသား။ အိမ်နီးချင်းနိုင်ငံများက အရှိန် အဟုန်ဖြင့်ပြေးနှင့် ကြပြီ။ ကျွန်တော်တို့ လည်းမဖြစ်မနေလိုက် ပြေးကြရတော့ မည်။ သူတို့နှင့် ယှဉ်လျှင်အတော် ကြီးကို နောက်ကျကျန်ရစ်နေပြီဆိုတာ အများအသိ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆီသို့ အားကောင်းမောင်းသန် လူလတ်တန်း စားကသာ ဦးဆောင် သွားနိုင် မည်ကို သဘောပေါက်ကြရန်လိုကြောင်း ဒေးဗစ်မက်လန်က သတိပေးပါသည်။ ယင်းမှတစ်ပါး အခြားနည်းလမ်းမရှိပါချေ။ နိုင်ငံပြောင်းလဲရေးတွင် လည်း လူလတ်တန်းစားများ အားကောင်း လာစေရေးကို မမေ့ကြပါနဲ့။
အေးချမ်းမွန်မှTHE PUBLIC IMAGE တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :THE PUBLIC IMAGE
By Aye Chan Mon
Subscribe to:
Post Comments (Atom)
No comments:
Post a Comment