Thursday, 27 September 2012
မေ့လျော့ခံ အသံတိတ်ဘ၀များ
အေးမြတ်သူ၊ ထွန်းခိုင်
၂၀၀၈ ခုနှစ် မေလမှာ တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကို ခံစားခဲ့ရပြီး မသေမပျောက်ဘဲ ကျန်ခဲ့သည့် မုဆိုးမဒေါ်နုနုဝါ
(ကာယကံရှင်ဆန္ဒအရ အမည်လွဲ)တစ်ယောက် မုန်တိုင်းတိုက်ခတ်အပြီး ဆယ်လခန့်အကြာမှာ သူနေထိုင်ရာ ဧရာဝတီတိုင်းဒေသကြီးကနေ သားသမီးသုံးဦးအားခေါ်ပြီး ရန်ကုန်ဆင်ခြေဖုံးဖြစ်သည့် လှိုင်သာယာမြို့နယ်သို့ စားဝတ်နေရေးအတွက် ရွှေ့ပြောင်းလာခဲ့သည်။ ရွှေ့ပြောင်းလာပြီးနောက် မိသားစုအဖို့ စားဝတ်နေရေး အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။
ကြုံတွေ့နေရသော စားဝတ်နေရေး ပြဿနာထဲမှ ရင်သွေးတစ်ဦး လွတ်မြောက်ရမည်ဟု မျှော်လင့်ချက်ဖြင့် အကြီးဆုံးသမီးဖြစ်သူအား အိမ်အကူအဖြစ် လုပ်ကိုင်ရန် ပွဲစားအကူအညီနှင့် ထည့်ပေးလိုက်သည်။ ထို့နောက် နှစ်လခန့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ခွဲထားရသည့် သမီးအား တွေ့ဆုံရန်အတွက် နှစ်လကျော်အတွင်း ပထမဆုံးအကြိမ် ပွဲစားအမျိုးသမီး၏ အကူအညီဖြင့် သွားရောက်တွေ့ဆုံချိန် သမီးမှာ အိမ်ရှင်မိသားစု၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများသာ ခံနေရကြောင်း သိလိုက်ရသည်။
“ဘယ်လိုနှိပ်စက်လဲ ပြန်မပြောချင်တော့ဘူး။ ငါရင်နာတယ်”ဟု ဒေါ်နုနုဝါကပြောသည်။
မြန်မာနိုင်ငံတွင် ဒေါ်နုနုဝါ၏သမီးကဲ့သို့ အိမ်အကူအလုပ်ဖြင့် အသက်မွေးသူများအပေါ် အိမ်ရှင်များ၏ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်သည့် သတင်းများ မကြာခဏ ထွက်ပေါ်လျက်ရှိသည်။ အိမ်အကူများသည် အခြားသော အလုပ်အကိုင်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများကဲ့သို့ အလုပ်သမားအဖြစ်လည်း သတ်မှတ်ခြင်းမခံရ၍ အလုပ်ချိန်နှင့် အားလပ်ရက် အပါအ၀င် အလုပ်သမား အခွင့်အရေးများလည်း မရရှိသည့်အပြင် အိမ်ရှင်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်အကြမ်းဖက်မှုများကို ခံနေရကြောင်း အိမ်အကူများအရေး ဆောင်ရွက်နေသူများနှင့် ဥပဒေပညာရှင်များက ဆိုသည်။
အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ပညာသင်ကြားရမည့် အရွယ်တွင် အိမ်အကူအလုပ် လုပ်ကိုင်နေရသည့် အမျိုးသမီးငယ်များ၊ အိမ်အကူအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရသည့် အမျိုးသမီးများ မည်မျှရှိကြောင်း တိကျသော စာရင်းကောက်ယူမှု မရှိသေးသောကြောင့် ယခုအချိန်တွင် မည်သူမျှ တပ်အပ်ပြောနိုင်မည် မဟုတ်သေးပေ။ အလားတူပင် ဒေါ်နုနုဝါ၏သမီး ကြုံတွေ့သကဲ့သို့ အိမ်အကူများအပေါ် အိမ်ရှင်များ၏ ဆိုးရွားသော ဆက်ဆံမှု ပြုလုပ်မှုများမှာ တိုးလာခြင်း(သို့မဟုတ်)လျော့နည်းလာခြင်း ရှိ၊ မရှိကိုလည်း သုတေသနပြုလေ့လာမှုများ မရှိသေးသောကြောင့် အတိအကျ မသိနိုင်ပေ။
ရန်ကုန်မြို့တွင် အိမ်အကူအဖြစ် လုပ်ကိုင်သူအများစုမှာ ၎င်းတို့ မိဘဆွေမျိုးများရှိရာ နယ်ဒေသကို စွန့်ခွာပြီး လာရောက်လုပ်ကိုင်ခြင်း ဖြစ်သောကြောင့် မပြေလည်မှုများရှိပါက အိမ်ရှင်များနှင့် ထိပ်တိုက်တွေ့ဆုံကာ ၎င်းတို့အခွင့်အရေးအတွက် ပြောဆိုရန် ကြောက်ရွံ့လေ့ရှိကြောင်း ၎င်းတို့အရေး ဆောင်ရွက်သူများက ဆိုသည်။ ၎င်းအပြင် အိမ်အကူအဖြစ် လုပ်ကိုင်သူများသည် ကောင်းစွာပညာသင်ကြားခွင့် မရရှိသူများဖြစ်ပြီး ငယ်ရွယ်သူ အမျိုးသမီးလေးများ ဖြစ်သောကြောင့် ၎င်းတို့နှိပ်စက်ခံရပါက လူသိရှင်ကြားဖြစ်မှု နည်းပါးကြောင်း အိမ်ဖော်များအရေး ဆောင်ရွက်နေသူများက ဆိုသည်။
“အိမ်ဖော်နှိပ်စက်ခံရတာ တော်ရုံတန်ရုံက သိဖို့မလွယ်ဘူး။ နောက်ဆုံး သူတို့ထွက်ပြေးတဲ့ အဆင့်လောက်မှပေါ်တာ။ ထွက်မပြေးမချင်းက အိမ်ရှင်တွေက တံခါးပိတ်ထားတာတို့ နှိပ်စက်တာတို့ကဖြစ်တော့ မပေါ်တတ်ဘူး”ဟု အိမ်အကူများအရေး လိုက်လံကူညီ ဆောင်ရွက်ပေးနေသူ သမာဓိဖောင်ဒေးရှင်းမှ အထွေထွေအတွင်းရေးမှူး ဦးငိုင်ဆာ့ခ်ကပြောသည်။
တရားလွှတ်တော်ရှေ့နေ တစ်ဦးလည်းဖြစ်သူ ဦးငိုင်ဆာ့ခ်သည် ၂၀၀၇ ခုနှစ်မှစတင်ပြီး ပြစ်မှုကျူးလွန် စော်ကားခံရခြင်းနှင့် ကျူးလွန်ကြောင်း စွပ်စွဲခံရသည့် အသက်(၁၈)နှစ်အောက် ကလေးများ လူငယ်များ၊ အသက်(၁၈)နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက် ပြစ်မှုကျူးလွန် စော်ကားခံရသည့် အမျိုးသမီးများအတွက် ဥပဒေကြောင်းအရ အခမဲ့ ကူညီဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေသူ ဖြစ်သည်။ ၎င်း၏အဆိုအရ အိမ်အကူများအား အိမ်ရှင်အချို့ ကိုယ်ထိလက်ရောက် ရိုက်နှက်ညှင်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာ ပြုမူစော်ကားခံရခြင်းများသည် အသက်(၁၃)နှစ်မှ (၁၆)နှစ်အရွယ် အမျိုးသမီးငယ်များ အများဆုံး ဖြစ်လေ့ဖြစ်ထရှိကြောင်း သိရသည်။
“အလှဆုံးအရွယ်တွေပေါ့။ အဲဒီအချိန်က ကလေးက နုနုထွတ်ထွတ်အရွယ်လေ”ဟု ၎င်းကဆိုသည်။
အိမ်အကူများအပေါ် ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည် စွပ်စွဲခံရသော လူတိုင်းကို တရားဥပဒေ လမ်းကြောင်းအတိုင်း အပြစ်ပေးနိုင်ရန်အတွက် နစ်နာသူများဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေများအဖို့ စိန်ခေါ်မှုများ ကြုံတွေ့ရလေ့ရှိကြောင်း အိမ်ဖော်များအရေး ဆောင်ရွက်သူ ရှေ့နေများကဆိုသည်။
“အိမ်ရှင်ရဲ့ ဓနအင်အား အပေါင်းအသင်းအင်အားရပ် အပေါ်မှာ မူတည်ပြီးတော့ ရှေ့နေတွေက တော်တော်ရုန်းကန်ရတယ်”ဟု တရားလွှတ်တော်ရှေ့နေ ရောဘတ်စန်းအောင်ကပြောသည်။
အိမ်အကူများ အနိုင်ကျင့်ခံရမှုများအတွက် တရားစွဲဆိုရာတွင် ရှေ့နေမငှားနိုင်ခြင်း၊ ဗဟုသုတနည်းပါးခြင်း၊ တရားရင်ဆိုင်ရန်အတွက် ၎င်းတို့မူလနေထိုင်ရာ ဒေသများမှ ဝေးလံသော ရန်ကုန်မြို့သို့ အကြိမ်ကြိမ်အခါခါ လာရောက်ရခြင်းတို့ကြောင့် ကျူးလွန်သူဟု စွပ်စွဲခံရသည့် အိမ်ရှင်များနှင့် အိမ်အကူများအကြား နစ်နာကြေး တစ်စုံတစ်ရာပေးပြီး ဖြေရှင်းလေ့ရှိကြောင်း အိမ်အကူများအရေး ဆောင်ရွက်သူများက ဆိုသည်။
သူ့အား နှိပ်စက်သည်ဆိုသည့် အိမ်ရှိရာ ရန်ကုန်မြို့တွင်း ရပ်ကွက်သို့ ထပ်မံသွားရောက် ပြပါဆိုပါက မသွားတတ်တော့ကြောင်း ဒေါ်နုနုဝါ၏ သမီးဖြစ်သူက ပြောသည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်များအတွင်း လက်နှင့် ခြေသလုံးတွင် ရရှိခဲ့သော ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ပျောက်ကင်းသွားပြီ ဖြစ်သော်လည်း အိမ်ရှင်များက ထိုစဉ်က ပြောဆိုခဲ့သည့် စကားလုံးအသုံးအနှုန်းများကို ပြန်လည်မှတ်မိနေသည်ဟု သူကဆိုသည်။
အိမ်အကူအဖြစ် အသက်မွေးဝမ်းကျောင်း ပြုသူများအား အိမ်ရှင်များက ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများအပြင် စိတ်ပိုင်းဆိုင်ရာ အနာတရဖြစ်အောင် ကျူးလွန်မှုများလည်း ရှိသည်ဟု ဆိုသည်။ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် အနိုင်ကျင့်စော်ကားသူကို ပြစ်ဒဏ်ပေးရန် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာ အနာတရဖြစ်မှုများကို သိရှိရန် ခက်ခဲကြောင်း အိမ်အကူများအရေး ဆောင်ရွက်နေသူများက ဆိုသည်။
“ဒီလူတစ်ယောက်ရဲ့ဘ၀မှာ နာကျင်သွားအောင် ပြောတာလည်း ထိခိုက်မှုတစ်ခုပဲ”ဟု ရန်ကုန်တက္ကသိုလ်မှ စိတ်ပညာပါမောက္ခ ဒေါက်တာဦးအောင်မြတ်ကျော်စိန်က ပြောသည်။ ညှင်းပန်းနှိပ်စက်မှုများ၊ နာကျဉ်းစရာ အဖြစ်အပျက်များနှင့် ကြုံတွေ့ပါက အသက်ငယ်ရွယ်သူများမှာ ပိုခံစားရလေ့ရှိကြောင်း ၎င်းကဆိုသည်။
“ဒီလိုမျိုး နှိပ်စက်ခံရတဲ့ သူတွေဟာ လူ့အဖွဲ့အစည်းကို တုန့်ပြန်တဲ့အခါမှာလည်း ရန်လိုစိတ်နဲ့ တုံ့ပြန်လေ့ရှိတယ်။ အဲဒါမျိုးက များလာမယ်။ သူ့ရဲ့ရန်လိုစိတ်က သိပ်ကြီးလာမယ်ဆိုရင် လူ့အဖွဲ့အစည်းနဲ့ ရပ်ရွာကို ထိခိုက်လာနိုင်မယ့်စိတ်တွေ ရှိလာမယ်”ဟု ဒေါက်တာဦးအောင်မြတ်ကျော်စိန်က ပြောသည်။
အိမ်အကူများအား နှိပ်စက်သည်ဆိုသည့် အဖြစ်အပျက်များတွင်လည်း စွပ်စွဲခံရသူ အိမ်ရှင်များဘက်မှ ပြုလုပ်သည့် ပုံစံများကို နှစ်မျိုးခန့် တွေ့ရှိရလေ့ရှိကြောင်း ပထမတစ်မျိုးမှာ အိမ်ရှင်၏ တပ်မက်မှု မပြည့်ဝခြင်းနှင့် လိုဘမပြည့်မှုများက ဒေါသအဖြစ် ကူးပြောင်းကာ ဖြစ်လေ့ရှိပြီး ဒုတိယတစ်မျိုးမှာ သူတစ်ပါးအား ပြင်းထန်သည့် ဒဏ်ရာရရှိမှ စိတ်ကျေနပ်စေသည့် ခံစားမှုများကြောင့်ဖြစ်ကြောင်း ဒေါက်တာဦးအောင်မြတ်ကျော်စိန်က ပြောသည်။
“သူများ ဒဏ်ရာခံစားရတဲ့ အပေါ်မှာ ကျေနပ်တယ်ဆိုလို့ရှိရင် (သူ့မှာ) စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိလိမ့်မယ်”ဟု ၎င်းကဆိုသည်။
ဒေါ်နုနုဝါ၏ သမီးဖြစ်သူ မနီနီ (ကာယကံရှင်ဆန္ဒအရ အမည်လွဲ)သည် သူမအလုပ်လုပ်ခဲ့သော အိမ်တွင် တစ်နေ့ နာရီအနည်းငယ်ခန့်သာ အိပ်ရသည်ဟု ဆိုသည်။ ညအချိန်တွင် အဆိုပါအိမ်တွင် လူစုံအောင် ထမင်းစားပြီးသည့် ပန်းကန်များဆေးပြီးမှ အိပ်ရပြီး မနက်တွင် ငါးနာရီခန့် ဘုရားဝတ်ပြုသော အဆိုပါအိမ်မှ အမျိုးသမီးကြီးနှင့်အတူ အိပ်ရာထရသည်ဟု ဆိုသည်။ မနီနီကဲ့သို့ပင် အိမ်အကူအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများသည် အလုပ်ချိန်သတ်မှတ်ချက် အတည်တကျမရှိချေ။
“ဥပဒေပြဋ္ဌာန်းပေးဖို့ လိုတယ်။ သူ့မှာ အားလပ်ချိန်ကို သတ်မှတ်ပေးရမယ်။ အလုပ်လုပ်ချိန်ကို သတ်မှတ်ပေးရမယ်။ သို့သော် မြန်မာပြည်ရဲ့ အနေအထားက အိမ်ဖော်ဆိုတာ အလုပ်ချိန်မရှိဘူး။ ၂၄ နာရီဟာ အိမ်ဖော်အတွက်က အလုပ်ချိန်ပဲ။ ညဘယ်အချိန်မဆို ထနိုးပြီးတော့ ခိုင်းမယ်။ မနက်လည်း ခိုင်းတယ်ဆိုတော့ အိမ်ဖော်အတွက်က သီးသန့်တောင်မှ ဥပဒေပြဋ္ဌာန်းပေးဖို့ လိုအပ်မယ်လို့ ယူဆတယ်”ဟု ဦးငိုင်ဆာ့ခ်ကပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှာတော့ အိမ်အကူများအတွက် သီးသန့် ပြဋ္ဌာန်းထားသော ဥပဒေမရှိသေးသောကြောင့် ၎င်းတို့အခွင့်အရေးများ ဆုံးရှုံးနေရကြောင်း အိမ်အကူများအရေး ဆောင်ရွက်သူများက ဆိုသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO)၏ အိမ်အကူ လုပ်သားများဆိုင်ရာ ဥပဒေကို မြန်မာနိုင်ငံဖြင့် လေ့လာဆဲ အခြေအနေတွင်သာရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ILO ရဲ့ ပြဋ္ဌာန်းချက်ကို လက်ခံမှ တိုင်လို့ရတာ။ လောလောဆယ် သူတို့ရဲ့ သက်ဆိုင်တဲ့ အိမ်အကူဥပဒေ မပြဋ္ဌာန်းရသေးဘူး။ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ခိုင်းထားတာ။ သူတို့အတွက် ဥပဒေက မရှိသေးတော့ အလုပ်သမားဝန်ကြီးဌာနကို တိုက်ရိုက်တိုင်လို့ မရသေးဘူး”ဟု အလုပ်သမားဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
သီးသန့်ဥပဒေ မပြဋ္ဌာန်းခင် စပ်ကြားတွင် အိမ်အကူများအရေး နစ်နာမှုများအတွက် အခမဲ့ ကူညီဖြေရှင်းမှုများ ပြုလုပ်ရန် အရပ်ဘက် လူ့အဖွဲ့အစည်းများအား ကောင်းရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကပြောသည်။ 7Day News မှ တွေ့ဆုံမေးမြန်းခဲ့သည့် ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက်မှ အသေးစား အိမ်အကူပွဲစား အမျိုးသမီး၏ အဆိုအရ အိမ်ရှင်များသည် အသက် (၁၃) (၁၄)နှစ် ၀န်းကျင်များကို ပိုမိုအလိုရှိလေ့ရှိကြောင်း၊ အဆိုပါအရွယ်များ အိမ်အကူလုပ်ကိုင်ရင်း ယင်းအိမ်တွင်ပင် (၁၇)(၁၈) နှစ်အရွယ် ရောက်လာသည်ကို လက်ခံသော်လည်း အသက် (၁၈)နှစ်အရွယ်လောက်မှ လာရောက်လုပ်ကိုင်သူများကို သိပ်သဘောကျလေ့ မရှိကြောင်း ၎င်းကဆိုသည်။ ယခင် မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသမှ လာရောက်လုပ်ကိုင်မှုများ ရှိသော်လည်း ယခုအခါ ဧရာဝတီ၊ ပဲခူး စသည့် တိုင်းဒေသကြီးများမှ လာရောက်သူ များပြားကြောင်း ၎င်းကဆိုသည်။
မြို့ပြဖွံ့ဖြိုးလာပြီး လူတို့၏ နေထိုင်ပုံစံ ပြောင်းလဲလာသောကြောင့် လိုအပ်လာသော အိမ်အကူများမှာ သီးသန့်ဝန်ဆောင်မှုပေးသည့် အလုပ်ရှာဖွေရေးများ၊ အိမ်အကူများအတွက် မှတ်ပုံတင်ပုံစံများ လိုအပ်ကြောင်း ၎င်းတို့အရေး ဆောင်ရွက်သူများကဆိုသည်။
မနီနီသည် ခုအခါ အချိန်ပိုင်း အိမ်အကူအဖြစ် လုပ်ကိုင်နေပြီဟု ဆိုသည်။ လှိုင်သာယာမြို့နယ်အတွင်းရှိ အိမ်တစ်အိမ်တွင် မနက်သွားညပြန် ကူဖော်လောင်ဖက်အဖြစ် လုပ်ကိုင်ပေးနေခြင်း ဖြစ်သည်။ သူ၏ အိမ်ရှင်အသစ်မှာ အရင်အိမ်ရှင်များနှင့် မတူဘဲ လခလည်း ပိုပေးသည်ဟု သူကဆိုသည်။ အရင်တစ်ခါလို သူ၏မိခင်နှင့် အကြာကြီးခွဲရန်လည်း မလိုဟု သူကပြောသည်။
မနီနီကဲ့သို့ မိန်းမငယ်လေးများ (အိမ်အကူ)များအား အိမ်ရှင်များဘက်မှ ညှင်းပန်းနှိပ်စက်မှုများသည် ယနေ့တွင် သိသိသာသာ လျော့လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးကဆိုသည်။
အိမ်အကူကို နှိပ်စက်ပါက ထိထိရောက်ရောက် အရေးယူမှုများ ပြုလုပ်နေကြောင်း သတင်းမီဒီယာများမှတစ်ဆင့် အသိပေးခြင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများက စောင့်ကြည့်တိုင်ကြားခြင်းများကြောင့် ယင်းသို့ လျော့နည်းလာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
သို့သော်လည်း ၎င်းတို့အတွက် သည့်ထက် ပိုမိုပြည့်စုံကောင်းမွန်သည့် ကာကွယ်စောင့်ရှောက်မှုမျိုးမှာ လိုအပ်နေဆဲဖြစ်ကြောင်း အိမ်ဖော်များအရေး ဆောင်ရွက်သူများက ဆိုသည်။
“တိုင်းပြည်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ရှိတဲ့ အမျိုးသမီးနဲ့ ကလေးတွေနဲ့ အခွင့်အရေး ပျောက်ဆုံးသွားတာ မကုသနိုင်ရင် ကျွန်တော် မြန်မာပြည်သူလူထုရဲ့ အခွင့်အရေး ဆုံးရှုံးသွားတာပဲ”ဟု ဦးငိုင်ဆာ့ခ်ကပြောသည်။
By 7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment