Saturday 29 September 2012

၅ ထောင်တန် ငွေဖြည့်ကဒ်များ တစ်ပတ်အတွင်း ပစ္စည်းပြတ်သည်အထိ ရောင်းအားတက်


ကျပ် ၅၀၀၀ တန် ဖုန်းကြိုတင် ငွေဖြည့်ကဒ်များအား စတင်ရောင်းချပြီး တစ်ပတ်အတွင်းမှာပင် ဈေးကွက်အတွင်း၌ ငွေဖြည့်ကဒ် မလုံလောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အေးရှမီဂါလင့်ခ် ကုမ္ပဏီထံမှ စုံးစမ်းသိရှိရသည်။


“ကျွန်မတို့စီမှာ ၀ယ်လို့မရတော့ဘူး။ ၅ ထောင်တန် ငွေဖြည့်ကဒ်ပဲဝယ်ရင် မရောင်းတော့ဘူး။ ၁ သောင်းတန်နဲ့ တွဲဝယ်မှ ရောင်းတာပါ” အေးရှမီဂါလင့်ခ် ကုမ္ပဏီမှ အရောင်းဝန်ထမ်းက ပြောသည်။

ထိုကဲ့သို့ ၁ သောင်းတန် ငွေဖြည့်ကဒ်များဖြင့် တွဲရောင်းရခြင်းမှာ ၅ ထောင်တန် ငွေဖြည့်ကဒ်များ နည်းပါးနေခြင်းကြောင့် ဖြစ်သည်။

၅ ထောင်တန် ဖုန်းငွေဖြည့်ကဒ်များအား တဆင့်ရောင်းချသော ဆိုင်များတွင် ကျပ်ငွေ နှစ်ရာ၊ သုံးရာခန့် အမြတ်ယူ ရောင်းချလျက် ရှိနေကြောင်းကိုလည်း သိရသည်။

“အခု ၅ ထောင်တန် ငွေဖြည့်ကဒ်တွေက ၀ယ်ရခက်နေတယ်။ ဆိုင်မှာလည်း မလောက်ဘူး။ ကျွန်မတို့ဝယ်တဲ့ ဖုန်းကဒ်တွေမှာ အမြတ်မပါတော့ ပိုရောင်းရတာပါ။” ဟု ကမာရွတ်မြို့နယ်ရှိ ဖုန်းငွေဖြည့်ကဒ်ရောင်းသော ဆိုင်တစ်ဆိုင်က ပြောသည်။

၅ ထောင်တန် ကြိုတင်ငွေဖြည့်ကဒ်များကို အရောင် (၃) ရောင်ဖြင့် ခွဲ့ခြားထုတ်လုပ် ထားခြင်းဖြစ်ပြီး GSM ကဒ်တွင် အစိမ်းရောင်၊ 450 MHz တွင် ရွှေရောင်နှင့် 800 MHz တွင် ခဲရောင်တို့ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ၅ ထောင်တန် ဖုန်းငွေဖြည့်ကဒ်များကို ပင်ရင်းအရောင်းဆိုင်များမှ ကျပ်ငွေ ၁ သိန်းဖိုးဝယ်လျှင် ၂၀၀၀ အမြတ်ပေးကာ ယခင်က အမြတ် ကျပ် ၃၅၀၀ ပေးရကြောင်းကိုလည်း အရောင်းဆိုင်များက သိရသည်။

၎င်း ဖုန်းငွေဖြည်ကဒ်များမှာ စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ ရတနာပုံကုမ္ပဏီ၊ အီလိုက်ကုမ္ပဏီ နှင့် အေးရှမီဂါလင့်ခ် ကုမ္ပဏီတို့မှ ရောင်းချခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်ကတော့ လကုန်ရက်ဆိုတော့ ပိုက်ဆံလည်းမရှိဘူး။ ဆိုင်တွေကအဲ့လို ငါးထောင်တန်ငွေဖြည့်ကဒ် ၀ယ်ရခက်တယ် ပြောတော့ စိတ်တော့ပူမိတယ်” ဟု ကမာရွတ်မြို့နယ်နေလူငယ်တစ်ဦးက ပြောသည်။

ယခင် တစ်သောင်းတန်ငွေဖြည့်ကဒ်များ စပေါ်ခါစကလည်း တစ်သောင်းလျှင် တစ်သောင်းငါးရာကျပ်ဖြင့် ရောင်းချခဲ့သည်။

ယခုအချိန်တွင်မူ တစ်သောင်းတန်ငွေဖြည့်ကဒ်များအား ကိုးထောင့်ရှစ်ရာကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းကို လည်း သိရသည်။

By Shwelone.com (ရွှေလုံး)

Photo - article.wn.com

No comments:

Post a Comment