Saturday 29 September 2012

မြန်မာပြည်တွင် ခေတ်သစ်ကျွန်စနစ်နှင့် ဆင်းရဲသားများ ပပျောက်ရန်

ခေတ်သစ်ကျွန်ဆိုလို့ ခေတ်ဟောင်းကျွန်စနစ်အကြောင်း ပြန်လည် အစဖော်ရပါမယ်။
ကျွန်ဆိုတာကို စာဖတ်သူ တော်တော်များများ သိကြမှာပါ။ ပုဂံခေတ်တွေကတည်းက ကျွန်ဆိုတာ ရှိခဲ့ပါတယ်။
ဘုရင်ကျွန်၊ သူဌေးကျွန်၊ ဘုရားကျွန်၊ ကျောင်းကျွန် အစရှိသဖြင့် အမျိုးမျိုး စုံလှပါတယ်။ ကျွန်ဆိုတာ ဟိုအရင်ကတည်းက ရှိခဲ့တာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ယခု အိုင်တီခေတ်ကြီးမှာ ကျွန်မရှိတော့ဘူးလို့ စာဖတ်သူတို့ ထင်နေပါလား။ ယနေ့ခေတ် မြန်မာပြည်မှာ ကျွန်စနစ်ထွန်းကားနေပါသေးတယ်။

အအေးဆိုင်မှာ စားပွဲထိုးလေးတွေက အသက် ၁၀ နှစ်ဝန်းကျင်၊ ထမင်းဆိုင် မှာ စားပွဲထိုးတွေက သုံလေးတန်းအရွယ်၊ ရွှေတိဂုံဘုရား ရင်ပြင်မှာ ဖိနပ် အိတ်ဝေတဲ့ ကလေးတွေက တစ်ပုံတစ်ပင်၊ မီးပွိုင့်မှာ စံပယ်ပန်းကိုင်လို့ ကားမှန်တံခါး ခေါက်နေတဲ့ ကလေးတွေက အပုံပုံအပင်ပင်။ တောင်း ရမ်းစားသောက်နေတဲ့ အစုပ်ပျက် နွံချာနေသူလေးတွေ။ ကလေးတွေ၊ ကလေးတွေ။ ပညာမသင်ရပဲ ကျွန် ဖြစ်နေရချာတယ်။ ကလေးမှမဟုတ်ပါ။ လူငယ်လူရွယ်၊ လူကြီး၊ လူအို နေရာတိုင်းမှာ နုံချာချာနဲ့ ကျွန် ဖြစ်နေရပါ တယ်။

စာဖတ်သူတို့အိမ်မှာ အိမ်ဖော်ရှိပါသလား။ သူတို့က ဘယ်ကလဲ။ ပညာ အရည်အချင်းက ဘယ်လောက်လဲ။ အသက်ဘယ်နှစ်နှစ်လဲ၊ အမျိုးသား လား၊ အမျိုးသမီးလား။ အိမ်ဖော်ဆိုတာကိုကော မြန်မာပြည်မှာ ဘယ်လို သဘောထား သတ်မှတ်ကြပါသလဲ။

အိမ်ပိုင်ရှင်၊ ငွေရှင်တွေဟာ ယုံကြည်စိတ်ချရဖို့အတွက် အိမ်ဖော်ကို နယ်ကနေခေါ်ပါတယ်။ မြို့ စွန်မြို့ ဖျားက ဆင်းရဲသူတွေလည်း ခေါ်ပါတယ်။ အများစုက ငယ်ရွယ်တဲ့သူများဖြစ်ပြီး အမျိုးသမီးငယ်လေးတွေ ပိုများပါ တယ်။ အမျိုးသားကလေးငယ်တွေလည်း ခေါ်ကြပါတယ်။ အိမ်မှု ကိစ္စဝေယျာဝစ္စအားလုံးကို လုပ်ကိုင်စေပါတယ်။ လစာပေးပါတယ်။ အချို့ က ကျေနပ်ပါတယ်။ အချို့ က မကျေနပ်။ ဒီလို ပြဿနာကြုံမှာစိုးလို့ နယ်မှာကတည်း မိခင်တွေကိုယ်တိုင် အပ်ပေးတာကို ယူပါတယ်။ လစာကျ တိုက်ရိုက်ပေးတာရှိသလို နယ်က အုပ်ထိန်းသူတွေ လာယူတာမျိုးလည်း ရှိပါယ်။ ဒါတွေ အိမ်ဖော်ငှားသူတွေ ပိုသိမှာ ဖြစ်ပါတယ်။ အချိန်တန် မလိုအပ်တဲ့အချိန် နောက်ဆုံးတော့ ယင်းအိမ်ဖော်ကို နယ်ပြန်ပို့ပါတယ်။ ဒီတော့ ယင်းအိမ်ဖော်လေးတွေ ဘာမှထူးခြားမသွား ပါဘူး။ ကံရှိတုန်း အနှိပ်စက်ခံရပြီး ကံကုန်တဲ့အချိန် မူလနေရာကို ပြန်သွားရတာမျိုးပဲ ဖြစ်ပါ တယ်။

စားပွဲထိုးကလေးငယ်များ တစ်လကို ၁သောင်းခွဲ၊ ၂သောင်း၊ အများဆုံး ၅ သောင်း ရပါတယ်။ ၁၀ နှစ်ဝန်းကျင် ကလေးကတော့ ၅ သောင်းရစရာ အကြောင်းမရှိပါဘူး။ ယင်းရတဲ့ လစာကို အချိန်တန်ရင် နယ်က မိဘတွေ မြို့ တက်လာပြီး လာယူပါတယ်။ မြို့ စွန်မှာနေရင်လည်း မြို့ တက်လာယူပါတယ်။ စားပွဲထိုး ကလေးလေးကတော့ ဆုပ်ပြတ်မြဲ ဆုပ်ပြတ်လို့။ အဆူဆဲ ခံမြဲခံလို့ ဘာမှထူးခြား မသွားပါဘူး။

မွေးကင်းစကလေးတစ်ယောက်ကို တစ်ရက် ၁၅၀၀ နဲ့ငှားပါတယ်။ ယင်းကလေးကို ချီပြီး စားသောက်ဆိုင်တွေ မှာ ကလေးဗိုက်ဆာ တဲ့အကြောင်းပြချက်နဲ့ တောင်းစားပါတယ်။ ကလေး အသက်ကြီးလာရင် သူတို့လမ်းပဲ ဆက်သွားရဖို့များပါတယ်။ သို့မဟုတ်လည်း ဆင်းရဲတွင်းလောကမှာပဲ ဆက်လက်ကျင်လည်ရပါတယ်။

အားလုံးခြုံငုံပြီး ကြည့်လိုက်ရင် ငွေရှင်ကြေးရှင်လက်အောက်မှာ ငွေမရှိ ပညာမတတ် လူတန်းစားများက ဘဝအရှုံးခံနေကြရပါတယ်။

ဒီမှာ ဆိုးကျိုးများစွာ ရှိပါတယ်။ ဆင်းရဲသားလောက တည်ရှိနေသေး သရွေ့  မြန်မာပြည် တိုးတက်ဖို့ ခဲယဉ်းပါ တယ်။ ငွေပိုင်ရှင်တို့ ယခုလို စားပွဲထိုး၊ အိမ်ဖော်၊ အလုပ်သမား အစရှိသဖြင့် ခေါ်ထားရာမှာ ခဏတာ အတွက်ကောင်းပေမယ့် ဒါဟာ ဆိုးကျိုးများစွာ ဖြစ်ထွန်းစေပါတယ်။ ပညာ မတတ်လူတန်းစား အမြဲရှိနေသေးပြီး မြန်မာပြည်ရဲ့ လူစွမ်းအား အရင်း အမြစ်ကို တိမ်ကောစေပါတယ်။ သာမန်လူတစ်ယောက် တတ်ကျွမ်းရမယ့် ပညာ၊ လုပ်ရမယ့်အလုပ်ဟာ ယင်းအတန်းအစားနဲ့သာ ကုန်ဆုံးသွားရင် သူ့အတွက်လည်း အကျိုးယုတ်သလို မြန်မာပြည်အတွက်လည်း အကျိုး ယုတ်စေပါတယ်။ ဒီတော့ တစ်ကိုယ်ကောင်းတဲ့ လုပ်ရပ်လို့ သိမြင်လာဖို့ အရေးကြီးပါတယ်။

ဒါကိုရှေးရှုပြီး အလုပ်အကိုင်အခွင့်အလှမ်းများ၊ ပညာရေးအခွင့်အလှမ်း များကို အစိုးရတို့ ပြန်လည် ဖန်တီးပေးနေပြီ ဖြစ်ပါတယ်။ သို့ပေမယ့် ပြည်သူ တို့ လက်တွဲခြင်း မရှိသေးသရွေ့  ယင်းတိုးတက်မှုဟာ နှေးကွေးနေ အုံးမှာ ဖြစ်ပါတယ်။ ဒီတော့ စာဖတ်သူတို့ဘက်က လက်တွဲကူပေးရမှာ ဖြစ်ပါ တယ်။

ပညာသင်ပေးခြင်း

ဆင်းရဲသူတို့ကို ပညာသင်ကြားပေးရပါမယ်။ ကိုယ့်စီမှာ ဆင်းရဲသား ဝန်ထမ်းရှိနေပြီဆိုရင်လည်း တစ်နည်းမဟုတ် တစ်နည်းနဲ့ ပညာ ပြန်လည် သင်ကြားထားပေးရပါမယ်။ ကျောင်းပညာရေး မဟုတ်ရင်တောင် အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခု သင်ကြားပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက် တစ်ရက်ကို အနည်းဆုံး တစ်နာရီ သို့တည်းမဟုတ် ၄၅ မိနစ် ပေးပြီးတော့ သင်ကြားပေးသင့်ပါတယ်။ ဒီအတွက် ငွေရှင်တို့အနေနဲ့ ဘယ်လောက်မှ ကုန်ကျမသွားပါဘူး။ အိမ်ဖော်တစ်ယောက် လုံးတောင် ခေါ်နိုင်မှတော့ အတတ်ပညာလေး တစ်ခုသင်ကြားပေးဖို့ ဆရာ၊ဆရာမ သို့တည်းမဟုတ် ကိုယ်တိုင်ပြန်သင်ကြားပေးတာ အကုန်အကျ မများပါဘူး။

ဒီတော့ အိမ်ဖော်ခေါ်တာ၊ စားပွဲထိုးခေါ်တာ။ ပညာဒါန သင်တန်းဖွင့်နေ တာမဟုတ်ဘူးလို့ စာဖတ်သူ့အချို့ က ဆိုပါမယ်။ ငွေရှင်တို့ စဉ်းစားကြည့်ပါ။ သူတို့လည်းလူ၊ ကိုယ်တိုင်ကလည်း လူမှန်ရင် ဘာကိုမျော်လင့်ကြသလဲ။ အနည်းဆုံး အပူအပင်ကင်းကင်း အသက်ရှင်နေထိုင် လိုကြသူ ချည်း ဖြစ်ပါတယ်။ ဒီအတွက် ငွေလိုပါတယ်။ ငွေရှာရန်အတွက် ပညာလိုပါ တယ်။ ပညာကို ကိုယ်တတ်ထားပေမယ့် သူတို့မတတ်ဘူး။ ဒါလေး သင်ပေး ဖို့ မပင်ပန်းပါ။

အကယ်၍ သူတို့ကို ဒီတိုင်း ဆက်ခိုင်းနေရင် ဆိုးကျိုးက အများရှိပါတယ်။ တစ်ဒင်္ဂါ ကိုယ့် အခက်အခဲပြေလည် သွားပေမယ့် ပတ်ဝန်းကျင်တစ်ခုနဲ့ ယှဉ်လိုက်ရင် ဘဝတွေ အရှံးခံလိုက်ခြင်း ဖြစ်ပါတယ်။ ကိုယ့် သူ့ကို ခိုင်းပြီး မလိုအပ်တော့တဲ့အခါ စွန့်ခွာလိုက်တယ်။ ကိုယ်စွန့်ခွာလိုက်သူတို့က ဘာမှတိုးတက်မလာပါဘူး။ သူတို့ အိမ်ထောင်ပြုမယ်။ ကလေးတွေမွေးမယ်။ ဒီတိုင်းပဲ ကျောင်းမထားနိုင်တဲ့ ကလေးတွေ ထပ်များလာမယ်။ အိမ်ဖော် အဖြစ်၊ စားပွဲထိုးအဖြစ်၊ အလုပ်သမား အဖြစ် ပြန်ခေါ်တယ်။ ဒီလိုနဲ့ပဲ ပြန် လည် ကုန်ဆုံးသွားတယ်။ အောက်ခြေတန်းစားကို ပိုမို ကျယ်ပြောလာစေပြီး ဆင်းရဲသားသာ များပြားလာရင်၊ ပညာတတ်လူတန်းစားသာ နည်းပါးလာရင် တိုင်းပြည်အထိ မတိုင်ရင်တော့ ကိုယ့်မြို့ ကိုယ့်ရွာ ပျက်ဆီးပါမယ်။ ယင်းမှ တစ်ဆင့်အားလုံး ကူးဆက်ပြီး မပြီးဆုံးနိုင်တဲ့ လူတန်းစား တိုက်ပွဲတွေ ဆက်လက် ဖြစ်တည်စေပါတယ်။

ဒီတော့ စာဖတ်သူတို့မှာသာ အိမ်ဖော်၊ စားပွဲထိုး၊ ကူလီထမ်းအလုပ်သမား၊ အိမ်စောင့်၊ခြံစောင့်၊ ဂိုထောင်စောင့် အစရှိသဖြင့်ဆင်းရဲသား အခိုင်းအစေ များ ရှိရင် ပြန်လည် သုံးသပ်ပါတယ်။ လူသားချင်း ကိုယ်ချင်းစာ တရားနဲ့ ရှေးရှုရပါမယ်။ သူတို့ကို ငွေပေးတာထက်ပို တန်ဖိုးရှိတာ တစ်ခု ခုပေးလိုက်လို့ ဘာမှ အများကြီးပဲ့မပါသွားပါဘူး။ ပညာပေးလှူရတဲ့ ကုသိုလ် ဟာလည်း နည်းနည်းနောနော ကုသိုလ်မဟုတ်ပါဘူး။ ဒီအတွက် အခမဲ့ ပညာရေး စနစ်၊ ကျောင်းများလည်း မြန်မာပြည်မှာ အရေအတွက်တိုးနေ ပါပြီ။ ရှာဖွေ၊ စုံစမ်းလို့ မိမိဆီမှာ လုပ်ကိုင်နေတဲ့ ကလေးတွေ၊ ဆင်းရဲ သားတွေ၊ ပညာမတတ်တွေကို ပညာအဆင့်မြင့်တင်ပေးရပါမယ်။

ဆင်းရဲသား မိဘများလည်း စဉ်းစားသုံးသပ်ရပါမယ်။ မိမိ တစ်နပ်စာ စားလို့လောက်ဖို့အတွက် သားသမီးကို စတေးရက်ပါသလား။ မိမိက အဆင်ပြေသွားပေမယ့် သွေးသွားရင်းချာတွေ၊ ရင်သွေးတွေ တစ်သက်လုံး ဆင်းရဲသွားရမယ်။ ကျွန်ဖြစ်သွားရမယ်။ ဒီလိုပဲ ဆွေစဉ်မျိုးဆက်တစ်ခုလုံး မဆုံးနိုင်တဲ့ ကျွန်တွေ ဖြစ်ကြရပါ တယ်။ မိမိတစ်နပ်စာအတွက် မရရတဲ့နည်း လမ်းဖြင့် ကြိုးစားပါ။ ကလေးတွေကို အခမဲ့ပညာသင်ကြားရေး စနစ်တွေ ထဲ ရောက်အောင် ပို့ပေးသင့်ပါတယ်။ ပို့မပေးနိုင်ရင်တောင် ဒီလို ဖြစ်အောင် ဖန်တီးပေးနိုင်တဲ့ ပတ်ဝန်းကျင်ကို ရောက်အောင်ပို့ပေးရပါမယ်။ မိမိစားဖို့ တစ်နပ်အတွက် ကလေးကို ဘဝအရှုံးခံခိုင်းတာ ကြီးမားတဲ့ အကုသိုလ် ဖြစ်ပါတယ်။ လူလူချင်းစာနာသလို သားသမီးကိုလည်း စာနာစိတ်ထားရမှာ ဖြစ်ပါတယ်။ မိမိက ပညာမတတ်လို့ ဒီလိုဖြစ်ပေမယ့် သားသမီးသာ ပညာတတ်ရင် ဒီဘဝက လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ မိမိမလွတ်မြောက်တောင် လွတ်မြောက်သွားတဲ့ သားသမီးကြောင့် မျိုးဆက် သစ်တို့ မျိုးရိုးဂုဏ်မြင့်တင်ရပါတယ်။

တစ်နိုင်ငံလုံးသာ တန်းတူ ပညာတတ်လူတန်းစားများ ဖြစ်ရင် အိမ်ဖော် လုပ်လဲ မျက်နှာမငယ်တော့ပါဘူး။ စားပွဲထိုးလုပ်လည်း မျက်နှာ မငယ်တော့ပါဘူး။ နိုင်ငံခြားမှာဆိုရင် ကျောင်းစရိတ် လိုတဲ့ လူငယ်တွေ အချိန်ပိုင်း စားပွဲထိုး လုပ်ကြပါတယ်။ ဒါဟာလည်းမျက်နှာငယ်စရာမဟုတ်ပဲ ဂုဏ်ယူစရာ ဂုဏ်ပုဒ်ဖြစ်ပါတယ်။ မြန်မာပြည်မှာ စားပွဲထိုးသာလုပ်ရင် ဒီလို ဂုဏ်ပုဒ်မရှိပါဘူး။

ဒီတော့ အောက်ခြေသိမ်းအလုပ်မှန်သမျှ ပညာမတတ် သူတွေ လုပ်ရတယ်လို့ ပုံသေကားချပ်လို့ သတ်မှတ်လာပါတယ်။ အကယ်၍ လူအားလုံးသာ ပညာတတ်ထားရင် ဘယ်အလုပ် လုပ်လုပ် အားလုံး ဂုဏ်ရှိတာချည်း ဖြစ်ပါတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိဆွ ဆိုတဲ့ ဆောင်ပုဒ် လည်း တကယ်အသက်ဝင်လာပြီး မြန်မာပြည်ကြီး တဖြည်းဖြည်း ဂုဏ်ရှိ လာပါမယ်။ မြန်မာပြည်မှာ အားလုံး ပညာတတ်လို့ ဆင်းရဲတွင်းမှ လွတ်ကင်းခြင်းဟာ စာရေးသူရဲ့ ဆန္ဒဖြစ်ပါတယ်။
---
အောင်ခမ်း (TSJ team)

By TechSpace Journal

No comments:

Post a Comment