Monday 13 August 2012

တရားဥပဒေစိုးမိုးရေးကိုဘယ်လိုဖော်ဆောင်မလဲ


၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့ ပြည်သူ့လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး (၂၀)ရက်နေ့မြောက်တွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်ပေသည်။



 ကော်မတီဥက္ကဋ္ဌမှာ ကော့မှုးမဲဆန္ဒနယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပြီး အတွင်းရေးမှူးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ဖြစ်ကြောင်း တွေ့ရသည်။

ထိုကော်မတီသည် ပြည်ထောင်စုအဆင့်ရှိ ကော်မတီဖြစ်ပြီး ကော်မတီ၏ သက်တမ်းမှာ (၁)နှစ်ဖြစ်သည်။ လုပ်ပိုင်ခွင့်နှင့်တာဝန်များမှာ -

(က) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့အစိုးရ တရားရေးအဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ သတင်းမီဒီယာနှင့် သက်ဆိုင်သူအားလုံးသည် တရားဥပဒေနဲ့အညီ နေထိုင်ပြုမူ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ထိန်းညှိကူညီခြင်းပြုရမည်။ အရေးယူဆောင်ရွက်ရန်ရှိပါက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ တဆင့်လွှတ်တော်သို့တင်ပြရမည်။

(ခ) တည်ငြိမ်အေးချမ်းမှုပျက်ပြားစေသော အကြောင်းကိစ္စများ ဖြစ်ပေါ်ရန်ပေါ်ပေါက်ပါက၊ ပေါ်ပေါက်သည်ဟု ယူဆပါက သက်ဆိုင်ဆက်စပ်သည့် အဖွဲ့အစည်းများကို ကူညီစောင့်ကြည့် ထိန်းညှိပေးရမည်။

(ဂ) တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုမှတဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအောင်မြင်လာရေးအတွက် လေ့လာသုံးသပ်ဆောင်ရွက်ရမည်။ ဟုသိရသည်။ အသေးစိပ်ကို ကော်မတီအစည်းအဝေးများတွင် ဆွေးနွေးညှိနှိုင်း ရေးဆွဲသွားကြမည်ဖြစ်သည်ဟုသိရသည်။

အလုပ်အဖွဲ့ ဖွဲ့စည်းရာတွင် တရားဥပဒေ၊ ဥပဒေကြမ်း လက္ခဏာများကို လေ့လာဆန်းစစ်ခြင်းအဖွဲ့၊ တရားစီရင်ခြင်းများကို လေ့လာသုံးသပ်ခြင်းအဖွဲ့၊ အုပ်ချုပ်ရေးဆိုင်ရာ တရားဥပဒေ လုပ်ငန်းအဖွဲ့နှင့် ဥပဒေများကို ပညာပေးခြင်း၊ ဖြန့်ချိရေးအဖွဲ့ အဖွဲ့ ၄ ဖွဲ့ ဖွဲ့ထားသည်ကိုတွေ့ရသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးသည် အမှန်တကယ် မရှိမဖြစ်အရေးတကြီးလိုအပ်နေပေသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ (၂)ရက်နေ့ ဗိုလ်နေ၀င်းဦးဆောင်သည့် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးကင်း မဲ့သွားကာ ဥပဒေမဲ့ ရမ်းကားမှုများ၊ ဖမ်းဆီးထောင်ချမှုများ၊ သတ်ဖြတ်မှုများ၊ နိုင်ထက်စီးနှင်းပြုမှုများ၊ တရားမဲ့ဓါးမဲ့ အခြေအနေအောက်တွင် မြန်မာတိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ဒုက္ခဆင်းရဲရောက်ခဲ့ရပေသည်။ အာဏာရှင်တို့ အာဏာတည်မြဲရေးအတွက် ဥပဒေကို လူသတ်လက်နက်သဖွယ်အသုံးပြုခဲ့ကြသည်။ ထိုဥပဒေများဖြင့် တိုင်းရင်းသားပြည် သူလူထု တစ်ရပ်လုံးကို ရန်သူသဖွယ် ရက်စက်စွာ နှိမ်နှင်းသတ်ဖြတ်ခဲ့မှုများစွာ ရှိခဲ့ပေသည်။ ထိုဥပဒေတို့ကိုအသုံးပြု၍ မဆလ၊ န၀တ၊ နအဖ စစ်အာဏာရှင်အဆက်ဆက်တိုင် အသုံးပြု၍ တိုင်းပြည်ကိုနှစ်ပေါင်း (၂၀)ကျော်တိုင် ထင်ရာစိုင်းပြီး မင်းမူအုပ်ချုပ်ခဲ့ကြလေသည်။ ထိုမတရားသော ဥပဒေများမှာ-

၁) အရေးပေါ်စီမံမှု အက်ဥပဒေ (၁၉၅၀)

၂) နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (၁၉၇၅)

၃) မတရားအသင်းအက်ဥပဒေ (၁၉၀၈)

၎) ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ (၁၉၆၂)

၅) ခြေချုပ်နှင့် ခံဝန်ဥပဒေ

၆) တရားရုံးများအား မထီမဲ့မြင်ပြုမှု ဥပဒေနှင့်

၇) အလတ်ထရွန်နစ်လုပ်ငန်းဥပဒေ (၂၀၀၄) စသည်တို့ဖြစ်ပေသည်။

အထက်ပါဥပဒေများသည် ၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရသစ်တစ်ရပ်ပေါ်ထွက် လာ ခဲ့သော်လည်း ယနေ့တိုင် တည်ဆဲဥပဒေများအနေဖြင့် ရှိနေသည်ကိုတွေ့ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကလည်း ထိုဥပဒေများကို တည်ရှိခွင့်ပြုထားပေသည်။ ထိုဥပဒေများဖြင့် ယနေ့တိုင် မတရားသဖြင့် ဖမ်းဆီး ထောင်ကျနေသည့်သူ များ အကျဉ်းထောင်ထဲတွင် ရှိနေပါသေးသည်။

မတရားသော ဥပဒေနှင့် တရားသောဥပဒေ

မတရားသောဥပဒေဆိုသည်မှာ လူတိုင်း ရသင့်ရထိုက်သော၊ ခံစားခွင့်ခံစားထိုက်သော အခွင့်အရေးများကို ချိုးဖောက် နိုင်စွမ်းရှိသည့် အာဏာရှင်တို့အသုံးပြုရန် ၄င်းတို့စိတ်ကြိုက်ပြုထားသည့် ဥပဒေဖြစ်သည်။ အနက်အဓိပ္ပါယ်နှစ်ခွ၊ ဖတ်ရှု သူများနား မလည်နိုင်အောင်လိုရာ ဆွဲယူလို့ရသည့် ဥပဒေများဖြစ်သည်။ အာဏာရှင်များလိုသလို အသုံးချနိုင်သည့် ဥပဒေမျိုးဖြစ် သည်။

တရားသော ဥပဒေတို့မည်သည်မှာ အဓိပ္ပါယ်ကိုလူတိုင်းနားလည်နိုင်စွမ်းရှိပြီး ထိုဥပဒေသည် လူတစ်ဦးချင်းစီ၏ အခွင့် အရေးကိုကာကွယ်ပေးပြီး လူ့အဖွဲ့အစည်း၏ အခွင့်အရေးကို မြင့်တင်ပေးသည်။ ဥပဒေကို ဥပဒေပြုပိုင်ခွင့်ရှိသည့် အဖွဲ့အ စည်း (လူထုမှ ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များ)လွှတ်တော်မှ ပြုသည်။ လူ့အခွင့်အရေးကို ချိုး ဖောက်နိုင်သည့် မည်သည့် စာသားမျှမရှိရပေ။ လူတိုင်း၏ လူ့အခွင့်အရေးကို ကာကွယ်မပေးသော၊ လူတစ်ဦးတစ်ယောက် (သို့) လူတစ်စု၏ အခွင့်အရေးကိုသာ ကာကွယ်ပြဋ္ဌာန်းသော ဥပဒေသည် တရားသောဥပဒေမဟုတ်ပေ။ ဥပဒေ၏ အရေး ကြီးသည့်အချက်မှာ ဘက်မလိုက်ရန်ဖြစ်သည်။ ဥပဒေရှေ့မှောက် တူညီသည့်အခွင့်အရေးရှိရပေမည်။ တရားမျှတ၍ သင့် မြတ်လျှော်ကန်မှုရှိရပေသည်။

ဥပဒေစိုးမိုးရေးအခြေခံ

တရားဥပဒေစိုးမိုးရေးအတွက် ဖော်ညွန်းချက်များများစွာရှိသော်လည်း အခြေခံအားဖြင့် ဥပဒေပြုပိုင်ခွင့်ရှိသည့် လွှတ်တော် ရှိရမည်။ ဥပဒေတွင် စည်းနှောင်အားရှိရမည်။ အကောင်အထည်ဖော်ဆောင်ပေးသည့် ရဲ၊ တရားရုံးစသော အဖွဲ့အစည်းများ ရှိရမည်။ လိုက်နာနိုင်သည့် ပြည်သူလူထုရှိရမည်ဖြစ်သည်။ ထိုလက္ခဏာ အင်္ဂါရပ်လေးချက်မှ တစ်ချက်ချွတ်ယွင်းလျှင် တရားဥပဒေသည် အလဟသတ်ဖြစ်သွားပေလိမ့်မည်။

တရားဥပဒေစိုးမိုးရေးဖြစ်လာစေရန် အခြေခံအခွင့်အရေးများရှိရမည်

တရားဥပဒေစိုးမိုးရေးရှိလာစေရန် လူအဖွဲ့အစည်းအတွက် အခြေခံလိုအပ်ချက်မှာ မိမိတို့၏ အခွင့်အရေးချိုး ဖောက်ခံရမှု များအတွက်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားတင်ပြခွင့်၊ လွတ်လပ်သည့်အသင်းအဖွဲ့များ ဖွဲ့စည်းထူထောင် ခွင့်ရှိရမည်ဖြစ်သည်။ အခွင့်အရေးချိုးဖောက်ခံရသူများကို ဖမ်းဆီးစစ်ဆေးခြင်း၊ ခြိမ်းခြောက်ခြင်းမပြုသင့်ပေ။

ထုတ်ဖော် ပြောကြားချက်များ၊ တိုင်တန်းစာများ၊ သဘောထားတင်ပြချက်များကို သက်ဆိုင်ရာ စွပ်စွဲခံရသူများ အမှန်တကယ် အခွင့် အရေးချိုးဖောက်မဖောက်ကို စစ်ဆေးရမည်။ မှန်ကန်ပါက လူထု၏ ဆုံးရှုံးနှစ်နာမှုအတွက် ထိုက်သင့်သည့် ပြစ်ဒါဏ် ပေးခြင်း၊ ပြန်လည်ကုစားပေးခြင်းစသည်တို့ကိုပြုလုပ်ရမည်သာဖြစ်သည်။

သို့သော် ယခုမြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုး ရေးမှာ ပြောင်းပြန်ဖြစ်နေသည်ကိုတွေ့ရသည်။ တရားဥပဒေအရ လူတစ်ဦးတစ်ယောက်ခံစားခွင့်ရှိသည့် အခွင့်အရေးများ ရှိသည်။ ထိုအခွင့်အရေးများကို ခိုင်လုံသောအကြောင်းပြချက်မရှိပဲ ရုပ်သိမ်းခွင့်မရှိပေ။

အသက်ရှင်သန်ခွင့်၊ လုံခြုံခွင့်၊ မတ ရားဖမ်း ဆီးနှိပ်စက်ခြင်းမှ ကင်းလွတ်ခွင့်၊ တရားဥပဒေရှေ့မှောက်တွင် လူသားကဲ့သို့ ဆက်ဆံခံရခွင့်၊ တရားဥပဒေအရ တန်းတူ အခွင့်အရေးရရှိခွင့်၊ ဥပဒေ၏ အကူအညီကိုရယူခွင့်၊ ဥပဒေမဲ့ ဖမ်းဆီးခြင်းမှ ကင်းလွတ်ခွင့်၊ ခိုင်လုံသော သက်သေ အထောက် အထားမရှိပဲ အရေးယူခြင်းမှ ကင်းလွတ်ခွင့်၊ ဦးတိုက်လျှောက်ထားခွင့်၊ အယူခံခွင့်စသော အခွင့်အရေးများရှိရ နေရမည်ဖြစ်သည်။

ဥပဒေဆိုင်ရာ ပညာပေးလုပ်ငန်းများ ပြုလုပ်ရမည်

ဥပဒေအသိပညာနှင့်ပတ်သက်ပြီး လူထုကြားထဲ ဆင်း၍ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများစသည့် ပညာ ပေးလုပ်ငန်းစဉ်များချမှတ်၍ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အယူအဆများကို လူထုမှ အခြေခံကျကျနားလည်စေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် အခွင့်အရေးများ၊ လက်ရှိ လွတ်တော်မှပြုသည့် ဥပဒေများအခွင့်အရေးများ၊ အခွင့်အရေးများကို ရှင်းပြရမည်။ လူထုထံမှလည်း အကြံဥာဏ်များကို ရယူမှတ်တမ်းတင်ရမည်ဖြစ်သည်။

ဥပဒေအထောက်အကူပြု အဖွဲ့အစည်းများဖွဲ့စည်းပေးရမည်

တရားဥပဒေစိုးမိုးရေးတွင် လူထုအဓိကအဖွဲ့အစည်းများရှင်သန်ရန်လိုအပ်သကဲ့သို့ ဥပဒေပိုင်းဆိုင်ရာတို့ကို တတ်ကျွမ်းနား လည်သော ရှေ့နေများ၊ အလုပ်သင်ရှေ့နေများ၊ အပြင်ရှေ့နေများ (အစိုးရအမှုထမ်းမဟုတ်သည့် ရှေ့နေ)စသည်ဖြင့် ဥပ ဒေရေးရာပြဿနာများကို လူထုဘက်မှ လိုက်၍ အကောင် အထည်ဖော်ဆောင်ရွက်ပေးမည့် ဥပဒေအထောက် အကူပြု အဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် အမှုလိုက်ပါ ဆောင် ရွက်ခွင့်စသည် အခွင့်အရေးများရှိအောင် လုပ်ဆောင်ရ မည်ဖြစ်သည်။

မတရားသည့် ဥပဒေများကို ပြန်လည်သုံးသပ်ခြင်း ပြင်ဆင်ခြင်း၊ ဖြည့်စွပ်ခြင်း (သို့မဟုတ်) ဖျက်သိမ်းခြင်းတို့ပြုရမည်။

၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့ ပြည်သူ့လွှတ်တော် စတုထ္တပုံမှန်အစည်းအဝေး (၂၀)ရက်နေ့မြှောက်တွင် သင်္ကန်း ကျွန်း မဲဆန္ဒနယ်မှ ဦးသိန်းညွှန့်က ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှုအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို တင်သွင်း နိုင်သကဲ့သို့ အခြားသော မတရားသည့်ဥပဒေများကို ဆက်လက် သုံးသပ်၍ ပြင်ဆင်ခြင်း၊ ဖြည့်စွပ်ခြင်း (သို့မဟုတ်) ဖျက် သိမ်းသွားရန်လိုအပ်ပေသည်။

တရားစီရင်ရေးမဏ္ဍိုင်လွတ်လပ်မှုကို ဖန်တီးပေးရမည်

အချုပ်အခြာအာဏာကြီး (၃)ရပ်ရှိသည့်အနက် တရားစီရင်ရေးမဏ္ဍိုင်သည် လွတ်လပ်မှုရှိရန်လိုအပ်သည်။ လွတ်လပ်သည့် တရားစီရင်ရေး မဏ္ဍိုင်ရှိမှသာ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ တရားစီရင် ရေးမဏ္ဍိုင်ကို စစ်တပ်ကဖြစ်စေ၊ အစိုးရအဖွဲ့ကဖြစ်စေ လက်ကိုင်ထားပြီး ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံထားရသူများကို မတရားသဖြင့် အမိန့်ချ ထောင်ဒဏ်ပေးခွင့်မရှိပေ။

 အစိုးရတို့ လူ့အခွင့်အရေးချိုးဖောက်လျှင်လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများကို ချိုးဖောက်လျှင်လည်းကောင်း စစ်ဆေးစီရင်ခွင့် အာဏာရှိရမည်ဖြစ်သည်။ ပြဋ္ဌာန်း ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရှိ/မရှိ သုံးသပ်ပိုင်ခွင့်ရှိရမည်။ လူ့အခွင့်အရေးချိုးဖောက်နိုင်သည့် ပြဋ္ဌာန်း ချက်များပါရှိပါက ဟန့်တားရုပ်သိမ်းခွင့်ရှိရပေမည်။ လက်ရှိမြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်ကို လိုအပ်ပါက ပြန်လည် ပြင်ဆင်၍ လွှတ်တော်မှ ဖွဲ့စည်းရပေလိမ့်မည်။

အခြေခံပြဿနာများကို လက်ခံ၊ ဖြေရှင်းပေးဖို့လို

မြန်မာနိုင်ငံတွင် တရားဥပဒေရှိပါလျှက်နှင့် လတ်တလောဖြစ်ပျက်နေသည့် ပြဿနာများရှိနေသည်။ လယ်ယာမြေသိမ်း ပိုက်ခံနေရသည့်ကိစ္စ၊ ခြစားလာဘ်စားမှု၊ ရခိုင်ဒေသ၊ ကချင်စစ်မက်ဖြစ်ပွားရာဒေသနှင့် တိုင်းရင်းသားနယ်မြေဒေသများ တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်နှင့်အမျှဖြစ်ပွားနေသည်။ ထိုပြဿနာများကို တရားဥပဒေလမ်းကြောင်းမှ အ ရေးတကြီး အမြန်ဆုံး မှန်မှန်ကန်ကန် ဖြေရှင်းရန်လိုအပ်နေသည်။ တိုင်စာများကိုလက်ခံခြင်း၊ မေးမြန်းစုံစမ်းခြင်း၊ ဖြေသိမ့်ပေးခြင်းစသည်တို့ကို ပြုလုပ်ရမည်ဖြစ်သည်။

ဘယ်ကစလို့ ဘယ်လိုလုပ်မလဲ

ပြဿနာအလိုက် ဆပ်ကော်မတီများဖွဲ့စည်း၍ ဖြေရှင်းပေးရန်လိုသည်။ ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်တန့်ရေး၊ ရခိုင်ဒေသ အေးချမ်းတည်ငြိမ်ရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ် အရေးယူရေး၊ ခြစားလာဘ်စားမှုများကို တိုက် ဖျက်ရေးတို့ကို အခြားသော လွှတ်တော်ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်ဆောင်ရွက် သွားကြ ရမည်။

အထူးသဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံသား များ ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၊ ပြည်သူ့ရေးရာစီမံ ခန့်ခွဲမှုကော် မတီ၊ တိုင်း ရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ၊ တရားစီရင်ရေးနှင့်ဥပဒေရေးရာ ကော်မတီ၊ တောင် သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်း စစ်သုံးသပ် ရေးကော်မရှင်စသည့်ကော်မတီများ၊ ကော်မရှင်များနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီများ ပူးပေါင်း၍ သက်ဆိုင်ရာ ကော်မတီများ ကော်မရှင်အလိုက် လုပ်ငန်းစဉ်များချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက် ကြရမည်ဖြစ်သည်။

ကော်မတီများ၊ ကော်မရှင်များအလုပ်မလုပ်လျှင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်း အေးချမ်းရေးကော်မတီလဲ အလုပ ဖြစ်မည်မဟုတ်ပေ။

 ထိုနည်းတူ အခြားသောကော်မတီများ၊ ကော်မရှင်ကဲ့သို့ တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်း ရေးကော်မတီအလုပ်မလုပ်လျှင် ကော်မတီဖွဲ့စည်းမှုအလကားဖြစ် သွားပေမည်။ ထို့ ကြောင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဦးရွက်ပြု၍ အားကြိုးမာန်တက် အကောင်အထည်ဖော်ဆောင်ရွက်ကြရလိမ့်မည်ဖြစ် သည်။

အခြားသော ပြည်သူ့လွှတ်တော်ကော်မတီများ၊ ကော်မရှင်များပါလာ အောင်၊ ပြည်သူ့အကျိုးအတွက် အလုပ်လုပ် လာစေရန် တိုက်တွန်းနိုးဆော်ရမည်ဖြစ်သည်။ သက်ဆိုင်ရာ ကော်မတီများ အလိုက် ဆပ်ကော်မတီများဖွဲ့၍ မူဝါဒ၊ လုပ် ငန်းစဉ်များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်။

လူထု၏ ပူးပေါင်းဆောင်ရွက်မှုကို ယူပါ

တရားဥပဒေစိုးမိုးရေးတွင် လူထု၏ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပေသည်။ ဆပ်ကော်မတီများတွင် သင့်လျှော် သည့် နိုင်ငံသားများကိုထည့်သွင်း၍ ဖွဲစည်းကြရမည်ဖြစ်ပေသည်။ လူထုထံမှ အကြံပြုချက်များယူရမည်။

လူထုထံမှ တိုင်တန်းစာများ၊ လူထု၏အသံများကို ဂရုတစိုက်နားထောင်ရန်လိုသည်။ ထိုနည်းတူ လူထု၏ တင်ပြချက်များမှန် ကန်မှု ရှိ/မရှိ စစ်ဆေးရမည်ဖြစ်သည်။ မှန်ကန်ပါက အရေးယူဆောင်ရွက်မှု ထိရောက်စွာပြုနိုင်ရေးအတွက် လွှတ်တော်သို့ အစီ ရင်ခံတင်ပြပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်း၊ ကုစားမှုပြုခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။ သို့မှ သာ မြန်မာနိုင်ငံအနေဖြင့် တရားဥပဒေ၏အကျိုးကို ပြည်သူတို့ခံစားကြရပေလိမ့် မည်ဖြစ်သည်။

တရားဥပဒေစိုးမိုးရေးရှိမှ တိုင်းပြည်လည်း အေးချမ်းသာယာ လူထုလည်း စိတ်ချမ်းသာမည်ဖြစ်သည်။

သို့ဖြစ်၍ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရွေးကောက်ပွဲမတိုင်မှီကပင် ပြောခဲ့သား စကား တည်/မတည်၊ သူမဦးစီးသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အလုပ်ဖြစ်မဖြစ်ကို သက်တမ်း ကာလ (၁)နှစ်အတွင်း ပြည်သူလူထုအနေဖြင့် လေ့လာစောင့်ကြည့်ခြင်း၊ လိုအပ်ပါက ပုးပေါင်းဆောင်ရွက်ခြင်းဖြင့် တရား ဥပဒေစိုးမိုးရေး ရှိလာစေအောင် လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပေသည်။

Arakan Times

ရွှေမြန်မာ

No comments:

Post a Comment