Monday 13 August 2012

အစ္စရေးနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Asian Science Camp ၌ မြန်မာလူငယ်များ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရရှိ


အာရှဒေသမှ သိပ္ပံပညာကို ချစ်မြတ်နိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်များ ပါဝင်ဆင်နွှဲခွင့်ရှိသည့် Asian Science Camp 2012 ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့ အထိ အစ္စရေးနိုင်ငံ ဟီဗရူးတက္ကသိုလ် အက်ဒ်မွန်ဂျေဆာ ဖရာနယ်မြေ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားနှစ်ဦး၊ မန္တလေးကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းသူတစ်ဦး၊
PSBusiness-School မှ ကျောင်းသားတစ်ဦး၊ ရန်ကုန် ချင်းတွင်းကောလိပ်မှ ကျောင်းသားနှစ်ဦးနှင့် မန္တလေးချင်းတွင်းကောလိပ်မှ ကျောင်းသူတစ်ဦး တက်ရောက်ခွင့်ရခြင်းဖြစ်ပြီး သြဂုတ်လ ၂၄ ရက်တွင် အစ္စရေး နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

Asian Science Camp ကို နိုဗယ်ဆုရှင် သိပ္ပံပညာရှင်နှစ်ဦးဖြစ်သည့် Prof. Y.T.Lee နှင့် Prof. M. Koshiba တို့က ၂၀၀၇ ခုနှစ်မှ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အာရှတစ်လွှားမှ ထူးချွန်လူငယ်များအား ရွေးချယ်၍သိပ္ပံဆိုင်ရာ နိုဗယ်ဆုရှင် ၁၀ ဦးခန့်နှင့် ထင်ရှားသည့် သိပ္ပံပညာရှင်များအား ဖိတ်ခေါ်ကာ ဟောပြောပို့ချပြီး အသိပညာမျှဝေသည့် အစီအစဉ်ဖြစ်သည်။ ယခုနှစ်၌ ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှ ပါဝင်ခွင့်ရရှိခဲ့သည်။ “သိပ္ပံပညာကိုစိတ်ဝင်စားပြီး အင်္ဂလိပ်စာထူးချွန်တဲ့ အသက် ၁၇ နှစ်မှ ၂၁ နှစ်အတွင်း လူငယ်တွေကို အဆင့်ဆင့် ရွေးချယ်ခဲ့ပါတယ်” ဟု Asian Science Camp 2012 ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေစီစဉ်သူ Myanmar Credent Technology ၏ မန်နေဂျင်းဒါရိုက်တာ ဦးဇော်နိုင်က ပြောကြားပါသည်။

By Eleven Media Group

No comments:

Post a Comment