Monday 13 August 2012

စစ်တွေတွင် အင်တာနက်ကြည့်ရှုသူနှင့် ဂျာနယ်ဖတ်ပရိတ်သတ် သိသိသာသာမြင့်တက်လာ


ရခိုင်ပြည်နယ်၏မြို့တော်စစ်တွေတွင် အချိန်နှင့်တပြေးညီဖြစ်ပျက်နေသည့် သတင်းများအားသိရှိနိုင်ရန်အတွက် မြို့
ခံများမှာ အင်တာနက်ပိုမိုသုံးစွဲလာကြကြောင်း
ဒေသခံများထံက သိရှိရသည်။



 ပဋိပက္ခဖြစ်စဉ်ကာလအတွင်း စစ်တွေရှိ ဂျာနယ်အရောင်းဆိုင်အချို့မှာ  ပိတ်ထားခဲ့ရသည့်အတွက် ယခုကဲ့သို အင်တာနက်သုံးစွဲသူဦးရေ ပိုမိုများပြားလာခြင်းဖြစ်သည်။

 “ပဋိပက္ခ ဖြစ်စဉ်အတွင်းမှာတော့ ဂျာနယ်တွေ မရောက်ဘူး၊ဆိုင်တွေလည်း မဖွင့်ဘူးဆိုတော့ အင်တာနက်မှာ တက်နေတဲ့သတင်းတွေကို မိတ္တူကူးပြီး ဖတ်ရတယ်၊အချို့က ကိုယ်တိုင် အင်တာနက်ဝင်ကြည့်လာကြတယ်”ဟု စစ်တွေမြို့ခံတစ်ဦးက ဆိုသည်။

 စစ်တွေတွင် အင်တာနက်အသုံးပြုမှုပိုမိုလာသည်နှင့်အမျှ အင်တာနက်သတင်းများကို ဦးစားပေးကြည့်ရှုသူ ဦးရေများလာကြောင်း  အင်တာနက်ဆိုင်ရှင်တစ်ဦးက ဆိုသည်။


“သတင်းတစ်ခုကြားရင်း အဲလိုမျိုးအင်တာနက်မှာ ရှာတာတွေရှိတယ်၊ တစ်ချို့လူတွေဆိုရင် Linkမသိတာတို့ ရှိတယ်၊ အင်တာနက်သတင်းက ပိုမြန်တယ်ဆိုတော့ အင်တာနက်သုံးသူလည်း သိသိသာသာတိုးလာတယ်'' ဟု အင်တာနက်ဆိုင်ပိုင်ရှင်က ပြောသည်။

 ပဋိပက္ခဖြစ်စဉ်များငြိမ်းအေးလာသည့်ကာလတွင် ကုန်းလမ်းဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ပွင့် လာပြီး ဂျာနယ်ဈေးကွက်မှာ ယခင်ထက် ရောင်းအားကောင်းလာကြောင်း ဂျာနယ်အရောင်းဆိုင်များက ဆိုသည်။

အထူးသဖြင့် ဒေသသတင်းများအား ဖော်ပြသည့်ဂျာနယ်များမှာ ပိုရောင်းအားတက်လာခြင်းဖြစ်သည်ဟုဂျာနယ် အရောင်းဆိုင်မှ ဝန်းထမ်းတစ်ဦးက ပြောသည်။


“ဒီမှာရောင်းအားကောင်းတာက 7Day ဂျာနယ်၊ Weekly Eleven ဂျာနယ်တွေ အရောင်းရဆုံးပါ၊   ရခိုင်အရေးနဲ့ ပတ်သက်လို့ ရေးသားဖော်ပြကြတဲ့ဂျာနယ်တွေဆိုရင် ပိုရောင်းရတာကို တွေ့ရပါတယ်၊ တစ်ချို့ဆိုရင် ဆိုင်ကိုလာပြီး ရခိုင်သတင်းတွေပါတဲ့ဂျာနယ်တွေ ရှာတာတွေ ရှိလာတယ်၊ ’’ဟု အဆိုပါဝန်ထမ်းကပြောသည်။

 သို့သော် စာဖတ်ပရိသတ်မှာ မျှော်မှန်းထားသည်ထက် နည်းပါးနေသေးကြောင်း ဝန်ထမ်းနှင့်စီးပွားရေးသမား အများစုကသာ ဂျာနယ်အဖတ်များကြောင်း ဂျာနယ်အရောင်းဆိုင်များက ဆိုသည်။

 “ဒီဘက်မှာတော့ ဂျာနယ်မျိုးစုံလိုပါပဲ၊ မြန်မာပို့စ်၊7Day၊ Weekly Eleven၊နဲ့ တခြားဂျာနယ်တွေလဲ ရောင်းရပါတယ်၊’’ဟု ဂျာနယ်အရောင်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဂျာနယ်တစ်စောင်စောင်တွင် ဖော်ပြပါရှိသော သတင်းတစ်ပုဒ်ကြောင့် ဒေသခံပြည်သူများ စိတ်အနှောက် အယှက်ဖြစ်ခဲ့ရကြောင်း  လုံခြုံရေးဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

“ ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတယ် ၊ ညမထွက်ရအမိန့်တနာရီလျှော့ချဆိုတဲ့ သတင်းပေါ့၊
လူတွေကလဲ ဟုတ်တယ်အထင်နဲ့ ၆နာရီကျော်သည့် တိုင်သွားနေကြတယ်။

 တကယ်တမ်းတော့ လျော့ချတာ မဟုတ်သေးပါ ဘူး”ဟု အဆိုပါ လုံခြုံရေးဝန်ထမ်းက ဆိုသည်။

(မြစ်မခမီဒီယာ)

ရွှေမြန်မာ

No comments:

Post a Comment