Monday 6 August 2012

၇ လအတွင်း ရန်ကုန်တွင် ယာဉ်တိုက်မှုကြောင့် ၁၇၀ ဦး သေဆုံး


ရတနာဦး | တနင်္လာနေ့၊ သြဂုတ်လ ၀၆ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၄၄ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်း ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လကုန် အထိ ယာဉ်တိုက်မှု စုစုပေါင်း ၇၁၁ မှု ဖြစ်ပွားခဲ့ရာတွင် သေဆုံးသူ ၁၇၀ ဦးနှင့် ဒဏ်ရာရသူ ၁,၁ဝ၃ ဦးရှိခဲ့ကြောင်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး
ကြီးကြပ်မှု ကော်မတီ ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့ရုံးမှ တာဝန်ရှိသူများက ဆိုသည်။

ရန်ကုန်တိုင်း စည်ပင်သာယာမြို့နယ် ၃၁ မြို့နယ်အတွင်း လစဉ် ယာဉ်တိုက်မှုပေါင်း ၁၀၀ ဝန်းကျင် ဖြစ်ပွားလေ့ရှိပြီး ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ၁၁၂ မှု၊ ဖေဖော်ဝါရီလအတွင်း ၁ဝ၁ မှု၊ မတ်လအတွင်း ၁ဝ၆ မှု၊ ဧပြီလအတွင်း ၁ဝ၆ မှု၊ မေလအတွင်း ၉၃ မှုနှင့် ဇွန်လအတွင်း ၁ဝ၂ မှု ရှိခဲ့သည်။

သြဂုတ်လ ၂ ရက် ၂၀၁၂ ခုနှစ် မြေနီကုန်း မီးပွိုင့်အနီးတွင် မော်တော်ယာဉ် ငါးစီး ဆင့်ကဲ တိုက်မှုတခု ဖြစ်ပွား (ဓါတ်ပုံ မဇ္ဈိမ)

“ဇူလိုင်လအတွင်း ယာဉ်တိုက်မှု ၉၁ မှုမှာ သေဆုံးသူ ၁၈ ဦးနဲ့ ဒဏ်ရာရသူ ၁၄၇ ဦးရှိပါတယ်။ တခြား လတွေနဲ့ နှိုင်းယှဉ် မယ်ဆိုရင်တော့ ဒီနှစ်အတွင် ယာဉ်တိုက်မှု အရေအတွက် အနည်းဆုံးလလို့တော့ ပြောလို့ရပါတယ်” ဟု ယာဉ်ထိန်း တပ်ဖွဲ့ရုံးမှ တာဝန်ရှိသူက ဆိုသည်။

ဇူလိုင်လထဲ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတွေထဲတွင် မဆင်မခြင် မောင်းနှင်မှုကြောင့် ၃၉ မှု၊ လမ်းကူးသူ ပေါ့ဆမှုကြောင့် ၁၇ မှု၊ အရှိန်ပြင်း မောင်းနှင်မှုကြောင့် ၁၁ မှု၊ ခရီးသည် ပြုတ်ကျမှုကြောင့် ၆ မှု၊ အနှေးယာဉ်ကြောင့် ဖြစ်ပွားခဲ့ သည့် ၃ မှု၊ ယာဉ်မောင်းလိုင်စင်၍ မကျွမ်းကျင်မှုကြောင်း ၁၅ မှု ဖြစ်ပွားခဲ့သည်။

ရံဖန်ရံခါတွင်လည်း စက်ကိရိယာချို့ယွင်းမှု၊ ယာဉ်မောင်း မကျွမ်းကျင်မှု၊ အရက်သေစာသောက်စား မောင်းနှင်မှုနှင့် ရာသီဥတုအခြေအနေကြောင့်လည်း ဖြစ်ပွားတတ် လေ့ရှိကြောင်းသိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်တိုက်မှုများတွင် ခရီးသည်ယာဉ် တိုက်မှုကြောင့် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ လယ် အထိ သေဆုံးရသူ ၆၇ ဦးနှင့် ဒဏ်ရာရသူ ၄၅၆ ဦး ရှိခဲ့ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီမှ ဥက္ကဋ္ဌ ဦးလှအောင် က ဆိုသည်။

သြဂုတ်လ ၂ ရက်နေ့က မြေနီကုန်း မီးပွိုင့်အနီး ဆူးလေဘုရားဘက်မှ  ပြည်လမ်းအတိုင်း မောင်းနှင်လာသော ၄၈ မီနီဘတ်စ် တစီး ဘရိတ်ပေါက်ပြီး အနီးရှိ အငှါးယာဉ် တစီးအား ဝင်တိုက်မိခဲ့ရာမှ ယာဉ် ၅ စီးဆက် တိုက်မှု ဖြစ်ပွားခဲ့ရာ ခရီးသည် အချို့ ဒဏ်ရာရကာ အငှါးယာဉ် တစီး ဆိုးရွားစွာ ပျက်စီးသွားခဲ့သည်။

သြဂုတ် လ ၄ ရက်နေ့ကလည်း ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်တွင် ရေသန့်ဗူးတင် ကုန်တင်ယာဉ်တစီး အရှိန်လွန် ကာ လမ်းလယ်ရှိ ဓါတ်တိုင် တတိုင်ကို ဝင်တိုက်မိခြင်းကြောင့် ယာဉ်မောင်း နှင့် အလုပ်သမား နှစ်ဦး ဒဏ်ရာ ရရှိသွားခဲ့ကြသည်။

By Mizzima

No comments:

Post a Comment