Friday 20 July 2012

၆၅ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်ရှိ ကျောင်းတချို့တွင် ကျင်းပခဲ့ကြ

၆၅ နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့အတွင်းရှိ တချို့ကျောင်းများတွင် အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့သတိရသောအားဖြင့် အာဇာနည်နေ့အခမ်းအနားများကို ကျင်းပခဲ့ကြောင်း ကျင်းပခဲ့သောကျောင်းများသို့ တက်ရောက်ခဲ့ကြသည့် ဆရာ၊ ဆရာမတချို့ထံမှ သိရသည်။ထိုသို့နိုင်ငံတော်အစိုးရစာသင်ကျောင်းများတွင် အဆိုပါအခမ်းအနားများမကျင်းပခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေရာ မှ ယခုနှစ်တွင် ပြန်လည်ကျင်းပခွင့်ရရှိ သောကြောင့် များစွာကျေနပ်ဝမ်းမြောက်ကြရကြောင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ အလယ်တန်းပြ ဆရာမတစ်ဦးကပြောသည်။
`` ကလေးတွေအတွက် နောက်ပိုင်းပိုကောင်းလာတော့မှာပေါ့။ တချို့ကလေးတွေဆို အာဇာနည်နေ့အကြောင်းနဲ့ အာဇာ နည်တွေက ဘယ်သူတွေဆိုတာတောင်မသိကြတော့ဘူး။ ဒါကို နောက်ပိုင်းပြန်ပျိုးထောင်ရမှာပေါ့။ ကျွန်မတို့ငယ်ငယ်က ဆိုရင် မြန်မာစာသင်တဲ့ဆရာတစ်ဦးက အာဇာနည်နေ့အကြောင်းပြောရင် မျက်ရည်တောင်လည်တယ်။ အခုလိုပြန်ကျင်းပ ဖြစ်တာ အရမ်းကိုဝမ်းသာတယ်။ ´´ ဟု ၄င်းကပြောသည်။
ယခုနှစ် ၆၅ နှစ်မြောက်အာဇာနည်နေ့သည် အလွန်ထူးခြားသော နှစ်တစ်နှစ်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်လွှတ်တော်ထဲတွင် အာဇာနည်နေ့ကျင်းပမှုနှင့်ပက်သက်ပြီး ဥသြသံအဆွဲခြင်းနှင့် ကျောင်းများတွင် အတ္ထုပ္ပတိ၊ ကဗျာ၊ ဆောင်းပါးနှင့် ဟော ပြောပွဲများပြန်လည်ကျင်းပရန် တင်ပြမေးခွန်းထုတ်ခဲ့ဖူးပြီးနောက် ယခုလိုကျောင်းများတွင် ပြန်လည်ကျင်းပသည့်အတွက် မိမိ၏ကျိုးပမ်းရမှုအောင်မြင်သည်ဟုမြင်မိကြောင်း၊ ပညာရေးဝန်ကြီးဒေါက်တာမြအေးကိုယ်တိုင်ကလည်း ကျောင်းများတွင် ပြန်လည်ကျင်းပနိုင်ရန်ဆောင်ရွက်သွားမည့်အကြောင်းလက်ခံဖြေဆိုခဲ့သည့်အတွက်ယခုလိုပြန်လည်ကျင်းပခွင့်ရရှိလာခြင်း ဖြစ်နိုင်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။
`` ကလေးတွေတင်မကပါဘူး။ အာဇာနည်နေ့ကို ကျောင်းတွေမှာ ပြန်ကျင်းပနိုင်ခဲ့တာ ကျန်တဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသား တိုင်းရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးရာရောက်ပါတယ်။ ဒီလိုပြန်ဖြစ်လာတဲ့အတွက် ၀မ်းလည်းသာပါတယ်။ ကိုယ့်နိုင်ငံကအာဇာ နည်တွေကိုလေးစားအားကျတဲ့စိတ်ကိုကျောင်းတွေထဲကနေ စတင်ပြီး အလေးထားအောင် လုပ်နိုင်တော့မှာပေါ့။ ´´ ဟု ၄င်းက ဆက်ပြောသည်။
ယခုနှစ်သည် ကျောင်းတွေတင်လုပ်ပေးသည်မဟုတ်ပဲရုပ်မြင်သံကြားလိုင်းများမှလည်း အာဇာနည်နေ့နှင့်ပက်သက်သော သမိုင်းကြောင်းများ၊ အာဇာနည်ပုဂ္ဂိုလ်များအကြောင်းကိုပြည့်ပြည့်စုံစုံထုတ်လွှင့်ပြသနေသည်ကိုမြင်တွေ့ရကြောင်း၊ ပါတီ များ၏ အာဇာနည်များကိုအလေးပြုမှုများ၊ လူထုများကိုယ်တိုင်တက်ရောက်အလေးပြုမှုများအကြောင်းကို တခြားအရပ်အ သီးသီးမှ မြင်တွေ့နိုင်အောင်ထုတ်လွှင့်ပြသခဲ့သည့်အတွက် အထူးဝမ်းသာစရာဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာမကြားခဲ့ရ သော မီဒီယာများမှ ပွင့်လင်းမြင်သာမှုကိုတွေ့မြင်ရသည့်အတွက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ ဆန္ဒကိုဖြည့်ဆည်းပေး ရာရောက်ကြောင်း အမျိုးသားနိုင်ငံရေးအင်အားစုပါတီမှ ပါတီခေါင်းဆောင်ဖြစ်သူ ဒေါက်တာသန်းငြိမ်းကလည်း ဆိုသည်။
`` ဒီလိုပြန်ဖြစ်လာတာ ပြည်သူအားလုံးရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးရာရောက်ပါတယ်။ နိုင်ငံရဲ့ စည်းလုံးညီညွတ်ရေးကို ပိုမိုလုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ ဒီနှစ်ကတော့ တော့်တော့်ကိုထူးခြားတယ်လို့ဆိုရမယ်။ ၀မ်းသာတယ်။ ´´ ဟု ၄င်းက ပြောသည်။

ထက်ခေါင်လင်း



By The Myanmar Post News Journal

No comments:

Post a Comment