Friday 20 July 2012

၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ၈၈ မျိုးဆက်ကျောင်းသားများမှ ပေးပို့သော သဝဏ်လွှာထုတ်ပြန်ခဲ့

ဇူလိုင် ၁၉
ယနေ့ ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ၈၈ မျိုးဆက်ကျောင်းသားများမှအဝဏ်လွှာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါသဝဏ်လွှာမှာ

“အာဏာရှင်သေလျှင်
မင်းဆိုးမင်းညစ်စနစ် အဆုံးသတ်ပြီး
အာဇာနည်ကျဆုံးလျှင်
ယင်းအာဇာနည်၏ သြဇာတန်ခိုး စတင်သည်။”
လွန်ခဲ့သော ၆၅ နှစ်၊ ဤနေ့ ဤရက်တွင် နိုင်ငံရေးအကြမ်းဖက်လုပ်ကြံမှုကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည်။
လူပုဂ္ဂိုလ်အားဖြင့် ကွယ်လွန်ခဲ့သော်လည်း ယခု ၆၅ နှစ်တိုင်အောင် ကျွန်ုပ်တို့နိုင်ငံသားအားလုံး၏ ရင်ထဲတွင် စွဲမြဲထင်ဟပ်နေဆဲဖြစ်သည်။ ကမ္ဘာတည်သရွေ့ တည်တံခိုင်မြဲနေမည်ဖြစ်သည်။
စင်စစ်တွင်အကြမ်းဖက် အဓမ္မလုပ်ရပ်များသာ ကျဆုံးခဲ့ရပေသည်။
အာဇာနည်တို့မည်သည် ကိုယ်ကျိုးစီးပွားကိုလဲ ဂရုမစိုက်၊ အသက်အိုးအိမ် စည်းစိမ်ကိုလဲ အမှုမထား အများပြည်သူတို့၏ အကျိုးစီးပွား၊ ယုံကြည်ချက်ကိုသာ ဦးထိပ်ထားကြောင်း ထင်ရှားသည် စွန့်လွှတ်မှု သာဓကပင်ဖြစ်သည်။
“ပြည်ထောင်စု မြန်မာနိုင်ငံတော်” ဟူ၍ ကမ္ဘာ့မြေပုံပေါ်တွင် ပြန်လည်မွေးဖွားနိုင်ရန် အားတက်သရော ကြိုးးစားနေခိုက် ဤကဲ့သို့လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းသည် နိုင်ငံတော်အတွက် ကြီးစွာသော ဆုံးရှုံးမှုကြီးပင်ဖြစ်သည်။
အာဇာနည်ခေါင်းဆောင်ကြီးများ၏ အမျှော်အမြင်ကြီးမှုများကြောင့် ပြည်ထောင်စုစနစ်၊ ပါတီစုံဒီမိုကရေစီစနစ် အခြေခံများကို ချမှတ်နိုင်ခဲ့သော်လည်း ပြည်တွင်း စစ်အနိဌာရုံများ၊ အာဏာရှင်စနစ် ကြီးစိုးခဲ့မှုများကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ပေ။
ယနေ့ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးကို ကြိုးပမ်းနေသည့်ကာလတွင် တိုင်းရင်းသားအင်အားစုများ အားလုံး၊ အမျိုးသားအင်အားစုများအားလုံး စုစည်းညီညွှတ်စွာဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ ယုံကြည်မျှော်မှန်းခဲ့သည့် ဦးတည်ချက်တန်ဖိုးများကို လေးစားလိုက်နာခြင်းဖြင့် ဦးညွှန်ဂါရဝ ပြုပါရန် ဆန္ဒပြု တိုက်တွန်းလိုက်ရပေသည်။
၈၈မျိုးဆက်ကျောင်းသားများ

http://www.themyanmarpost.com/?p=12360

No comments:

Post a Comment