Friday 20 July 2012

အယူဝါဒကွဲပြားမှုများကို ရပ်တန့်ပြီး အမှန်တရားကို ဓမ္မဓိဌာန်ကျကျ ပေါင်းစည်းဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထောက်ပြ

အမျိုးသားပြန်လည်သင့်မြတ်ရေးကို အပြည့်အဝ အကောင်အထည်ဖော်နိုင်သည့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရန် အယူအဆကွဲပြားမှုများကို ရပ်တန့်ပြီး အမှန်တရားကို ဓမ္မဓိဌာန်ကျကျ ပေါင်းစည်းဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ပြကြောညာခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၆၅ နှစ်မြောက် အာဇာနည်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အမှတ် ၁၉/၀၇/၁၂ အရ အထက်ပါအတိုင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
အသက်ပေးသွားကြသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိန့်မှာချက်များ၊ ဆန္ဒများနှင့်အညီ ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်ကြီးအား စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်နိုင်ရန်အလိုငှာ ဘယ်သူက မှန်သည်ဆိုသော အယူအစွဲဖော်ပြမှုများကို ရပ်တန့်ပြီး “ဘယ်ဟာကမှန်သည်” ဆိုသော ဓမ္မဓိဌာန်သဘောအရ ပေါင်းစည်းကြလျက် ယနေ့တည်ရှိနေသော အခွင့်အခါကောင်းကို အမိအရ ဆုပ်ကိုင်ကြပါစို့ဟု နှိုးဆော်အပ်ပေသည်” ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်သည် ခေတ်ပြောင်းစနစ်ပြောင်းချိန်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်း မိမိကံကြမ္မာ မိမိဖန်တီးခွင့်အပြည့်အဝရှိစေရန်နှင့် တိုင်းရင်းသားအားလုံး၏ သဘောဆန္ဒအညီ ညှိုနှိုင်းတိုင်ပင်ပြီး လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ယနေ့ အပြောင်းအလဲများ ဖော်ဆောင်နေချိန်တွင် လူမျိုးအချင်းချင်း အမှန်တကယ် ချစ်ကြည်ရင်နှီးမှုများ ရှိပြီး ယုံကြည်မှုအစစ်အမှန်တည်ဆောက်နိုင်ရန် အထူးလိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထောက်ပြခဲ့သည်။ 
အစိုးရ အရာထမ်း၊ အမှုထမ်းများသည်လည်း ကိုယ်ကျိုးမရှာဘဲ ပြည်သူ့အကျိုးကို လေးစားစွာဆောင်ရွက်ကြလျက် အထူးသတိထားရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အလုပ်သမား၊ လယ်သမားများ၏ လူမှုစီးပွားရေး ဘဝအတွင်း တရားနှင့်မညီသော ဖြစ်ရပ်များမပေါ်ပေါက်စေရန်နှင့် ကျောင်းနေအရွယ်လူငယ်များအားလုံး ပညာသင်ကြားခွင့်ရရှိစေရန်၊ ဒီမိုကရေစီအခွင့်အရေးရရှိစေရန် အထူးအာရုံစိုက်လုပ်ဆောင်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သုံးသပ်သည်။
“ရွေးကောက်ပွဲမှတဆင့် ဖြစ်ပေါ်လာသော အစိုးရရှိရုံဖြင့် မပြီးသေးပါဘူး။ ပြည်သူများအတွင်း စီးပွားရေးအဆင့်အတန်းနှင့် ဆင်းရဲချမ်းသားကွာဟမှု၊ အခွင့်အလမ်း မညီမျှမှုနှင့် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ နိစ္စဓူဝ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကပြောကြားသည်။
ဒီမိုကရေစီနှင့် လူမှုဆိုင်ရာအခွင့်အရေးဆိုသည်မှာ ထမင်းနပ်မှန်ရုံ၊ စားဝတ်နေရေး ပြေလည်ရုံမျှမဟုတ်ကြောင်း၊ လူသားဘဝကို ရရှိသူတိုင်း ရရှိအပ်သည့် လူ့ဂုဏ်သိက္ခာနှင့်အညီ အသက်ရှင်နိုင်ရန် လိုအပ်ကြောင်း၊ လူ့အခွင့်အရေး အားလုံးကိုဆိုလိုကြောင်း၊ ပြည့်သူ့ဆန္ဒနှင့် ပြည်သူ့အကျိုးကို ဆန့်ကျင်မှုမရှိဘဲ ပြည်သူကို ကာကွယ်ပေးသော ဖွဲ့စည်းပုံ အခြေခံဥပဒေတည်ရှိခြင်း၊ ပြည်သူကို ဖိနှိပ်အုပ်ချုပ်ရန်မဟုတ်ဘဲ ပြည်သူ့ဘဝတိုးတက်သာယာရေးအတွက် ပြည်သူကို အလုပ်အကျွေးပြုသော အစိုးရရှိခြင်း၊ အုပ်စုများရာက အနိုင်ယူလေ့ရှိသော၊ နိုင်ငံရေးကို ထူးခတ်ထားသော လွှတ်တော်မျိုးမဟုတ်ဘဲ နိုင်ငံရေးက ဦးဆောင်လမ်းပြရာသို့ လျှောက်လှမ်းနိုင်စွမ်းရှိသော လွှတ်တော်မျိုးပေါ်ပေါက်ခြင်း၊ အာဏာလှ ဥပဒေဖြစ်လာသော ဥပဒေမျိုးများမဟုတ်ခြင်းတို့သည် ဒီမိုကရေစီထွန်းကားခြင်း၏ အမှတ်အသားများ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဖော်ပြခဲ့သည်။
ဇူလိုင် ၁၉ ရက်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ တိုင်ပြည်အတွက် အသက်ပေးသွားသောနေ့ ရက်ဖြစ်ရာ တိုင်းရင်းသားအားလုံးအတွက် အနာဂတ်ပျောက်ဆုံးသောနေ့ဖြစ်ကြောင်း၊ ထိုသို့သော မှားယွင်းမှုများကို ကျူးလွန်ခဲ့သူများသည် အာဏာကို အရူးအမူးတပ်မက်ပြီး ပြည်သူလူထုအပေါ် မတရားအုပ်ချုပ်လွှမ်းမိုးဖိနှိပ်ထားလိုသော စိတ်ရိုင်း၊ စိတ်ရူးပေါက်တက်သည့် အတ္တသားကောင်၊ တစ်ဘဝသမားများ သာဖြစ်ကြောင်း၊ထိုသို့သော အာဏာရှုးများ ခေတ်တိုင်းတွင် ရှိတက်သည်ကို သတိပြုရန် လိုအပ်ကြောင်း၊ တိုင်းရင်သားစည်းလုံးညီညွှတ်ရေး၊ အမျိုးသားသင့်မြတ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ တိုင်းပြည်အနာဂတ်ရေးတို့နှင့် သက်ဆိုင်သော ဗိုလ်ချူပ်အောင်ဆန်း၏ အဆိုအမိန့်များ သည်နှစ်ပေါင်း ၆၀ ကျော်သည့်တိုင်အောင် နည်းယူလိုက်နာဖွယ်ရာများဖြစ်သည်ကို တွေ့ရကြောင်း၊ ဗိုလ်ချူပ်အောင်ဆန်း၏ မိန့်မှာချက်အတိုင်း မလိုက်နာခဲ့ကြသဖြင့် ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေသည် ဆိုးရွားစွာ ခေတ်နောက်ကျကျန်ခဲ့ရကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ဖြိုးမောင်မောင်



By The Myanmar Post News Journal

No comments:

Post a Comment