Monday 23 July 2012

အမေရိကန် စီးပွားရေးကိုယ်စားလှယ်များ လာရောက်အပြီးတွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၂၃ ခုကို လုပ်ကိုင်ရန် ပြည်ပရင်းနှီးမြှုပ်နှံသူများကို မြန်မာအစိုးရ ဖိတ်ခေါ်


အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များစွာပါဝင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့ လာရောက်အပြီးတွင် မြန်မာနိုင်ငံအစိုးရသည် ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ကွက် ၂၃ ခု ကို လုပ်ကိုင်ရန် ပြည်ပရင်းနှီးမြှုပ်နှံ သူများကို ဖိတ်ခေါ်လိုက်သည်ဟု ပြည်ပသတင်းဌာနအချို့တွင် ဖော်ပြထားသည်။ 
ဤကဲ့သို့ ဖိတ်ခေါ်လိုက်ခြင်းသည် နိုင်ငံတကာမှ ရေနံကုမ္ပဏီကြီးများကို ဆွဲဆောင်ရန်ဖြစ်သည်ဟု သုံးသပ်ကြသည်။ မြန်မာအစိုးရသည် ယခင်က သတင်းအချက်အလက်များ ထုတ်ဖော်ခြင်းမရှိခဲ့ပဲ ယခုအခါ ရခိုင်၊ မုတ္တမနှင့် တနင်္သာရီကမ်းလွန်ဒေသ တို့တွင် လုပ်ကွက် ၂၃ ခုကို လုပ်ကိုင်ရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။ 
ယင်းကမ်းလွန်လုပ်ကွက်များသည် ယခင်က နိုင်ငံတကာ ရေနံကုမ္ပဏီများ လာရောက်လုပ်ကိုင်ခြင်းမရှိသော လုပ်ကွက်များဖြစ်ပြီး ယခုလုပ်ကိုင်ခွင့်ရရန် မြန်မာအစိုးရနှင့် တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။ မြန်မာအစိုးရပိုင် MOGE  က စီမံကိန်းတစ်ခုချင်းစီတွင် ပိုင်ဆိုင်မှု ၁၅ ရာခိုင်နှုန်းမှ ၂၅ရာခိုင်နှုန်းအထိ ရှိမည်ဟု သိရသည်။
လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီများသည် ရေနံရှာဖွေတူးဖော်ခွင့် ခြောက်နှစ်နှင့်အထက် ရရှိမည်ဖြစ်ပြီး စတင်သည့်အချိန်မှ သုံးနှစ်အထိ အခွန်ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ 
မြန်မာအစိုးရပိုင် MOGE က မလေးရှားနိုင်ငံပိုင် Petronas ၊ ထိုင်းနိုင်ငံပိုင် PTT နှင့် အိန္ဒိယနိုင်ငံပိုင် Jubilant တို့အပါအ၀င် ကုမ္ပဏီ ၉ ခုကို ကုန်းတွင်းရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေရန် သဘောတူညီချက် လတ်မှတ်ရေးထိုးထားသည်။ မြန်မာနိုင်ငံ အနေနှင့် လာမည့်လအတွင်းတွင် ကုန်းတွင်းရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ကွက်များအတွက် တင်ဒါထပ်မံခေါ်ယူရန်ရှိနေသည်ဟုလည်း သိရှိရသည်။

No comments:

Post a Comment