Friday 26 October 2012

နှစ်ငါးဆယ်ကျော် ဟိုအတိတ်ကိုပင်လွမ်း


ရေးသားသူ- သင်းရီ

တစ်နေ့က မဂ္ဂဇင်းတစ်အုပ်ကို ထိုင်ဖတ်နေသော ကျွန်တော့်အပါးသို့ ဒုတိယတန်းတွင် ကျောင်းတက်နေသည့် မြေးမလေးက သူ့လေ့ကျင့်ခန်းစာအုပ်ကလေးကိုင်ကာ ရောက်လာသဖြင့်
ဖတ်လက်စစာအုပ်ကို ဘေးချထားလိုက်ရသည်။ ကျွန်တော် သဘောပေါက်ပြီးသားဖြစ်၏။ သူကျက်ထားသည့်စာတွေကို ကျွန်တော့်ထံ နှုတ်တိုက်အာဂုံ အလွတ်ပြန်ဆိုဖို့ ရောက်လာခြင်းဖြစ်သည်။ သူက ဉာဏ်အလွန်ကောင်းသည်။ စာတစ်ပုဒ်ကို ခဏလေးကျက်ရုံနှင့် အလွတ်ရတတ်သည်။ လစဉ်စာမေးပွဲတွေ၌လည်း အဆင့်ကောင်းကောင်းရသည်။ သူ့ရမှတ်တွေက ဘာသာတိုင်းတွင် ၉၅-၁၀၀ တွေချည်းလိုလိုဖြစ်သည်။

“ဘဘ.. သမီး သိပ္ပံအလွတ်ဆိုမယ်”

သူဖွင့်လျက်သား ကိုင်လာသည့် သူ့လေ့ကျင့်ခန်းစာအုပ်ကလေးကို ယူဖတ်ကြည့်လိုက်သည့်အခါ မေးခွန်းက “သင့်ကျောင်းတွင်ရှိသော အစိုင်အခဲငါးမျိုးကိုဖော်ပြပါ” ဖြစ်လျက် အဖြေက “ကျွန်ုပ်၏ကျောင်းတွင်ရှိသော အစိုင်အခဲငါးမျိုးမှာ ကျောက်သင်ပုန်း၊ စားပွဲ၊ ကုလားထိုင်၊ သောက်ရေအိုး၊ တံမြက်စည်းတို့ ဖြစ်ပါသည်”ဟု ဖြစ်၏။

မေးခွန်းနှင့်အဖြေကို ဖတ်မိသည့်အခါ ကျွန်တော် မျက်မှောင်ကုပ်သွားရသည်။ သည်စာကို အလွတ်ကျက်ရန် လိုအပ်သည့်စာဟု ကျွန်တော်မထင်။ ထို့ကြောင့် “ဒီ အဖြေက မြေးဘာသာမြေး ရေးလာခဲ့တာ မဟုတ်ဘူးလား။ ကျက်စရာလိုသေးလို့လား မြေးရယ်”ဟု ကျွန်တော်မေးသည့်အခါ “ဆရာမ သင်ပုန်းပေါ်မှာ ရေးပေးတာကို သမီးကူးလာခဲ့တာ ဘဘ”ဟု ဆိုသဖြင့် ကျွန်တော့်စိတ်ထဲ ပို၍ဘ၀င်မကျ ဖြစ်လိုက်ရ၏။

ပညာသင်ကြားခြင်း၏ အဓိက ရည်ရွယ်ချက်ဟာ ဘာလဲဟု ကျွန်တော်တွေးမိရသည်။ ကျွန်တော် နားလည်သလောက်ဖြင့် ပညာသင်ကြားခြင်း ဆိုသည်မှာ မိမိဘာသာ ကြည့်မြင်စဉ်းစားတွေး ခေါ်ချင့်ချိန်ဆုံးဖြတ် လုပ်ကိုင်တတ်အောင် မူလတန်းကျောင်းသားလေးဘ၀မှပင် စတင်လျက် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည်ဟု မြင်သည်။ ရေးပေးသည်ကိုသာ နှုတ်တိုက်ကျက်ရသည့် ကြက်တူရွေးစာအံ သင်ကြားပုံကို စစ်မှန်သော ပညာသင်ကြားနည်းဟု ကျွန်တော်ကလက်မခံချင်။

တကယ်တော့ ဆရာမက သင်ပုန်းပေါ်တွင် ချရေးပေးလိုက်မည့်အစား အခန်းထဲတွင်ရှိသော အစိုင်အခဲအရာဝတ္ထုတွေကို ကလေးတွေကိုယ်တိုင် ကြည့်ရှုမှတ်သားစေပြီးမှ ကျောင်းသားကို သူ့ဘာသာသူ ပြန်ရေးခိုင်းလျှင် မကောင်းပေဘူးလားဟု တွေးမိသည်။

ထို့ကြောင့် “မြေးရယ် မြေးတို့ စာသင်ခန်းထဲမှာ ကျောက်သင်ပုန်း၊ စားပွဲ၊ ကုလားထိုင်တွေပဲရှိသလား။ တခြားမရှိတော့ဘူးလား။ မြေးပဲ အခုတွေးကြည့် လိုက်စမ်းပါဦး”ဆိုသည့်အခါ မြေးမလေးက ခေါင်းခါသည်။ ဆရာမရေးပေးလိုက်သည့်အတိုင်းပဲ ကျက်မည်။ အဲဒီထဲကအတိုင်းသာ ဘဘက လိုက်ကြည့်ပေးပါဟု ဆိုသည်။ ဆရာမ ရေးပေးလိုက်သည့်အတိုင်း မဟုတ်လျှင် အမှတ်မရမှာ စိုးရိမ်ပုံရသည်။ ကျွန်တော်ပြောသည့်စကားကို လက်ခံမည့်ပုံမပေါ်သဖြင့် လက်လျှော့ကာ သူဆိုတာကိုပဲ နားထောင်ပေးလိုက်ရ၏။

နောက်တစ်ခု မှတ်မှတ်သားသား ထားမိခဲ့တာတစ်ခုလည်း ရှိသေးသည်။ တမြန်နှစ် ဆယ်တန်းစာမေးပွဲ နီးချိန်တုန်းကဖြစ်၏။ ဆယ်တန်းဖြေမည့် တူမ၀မ်းကွဲလေးတစ်ယောက် ကျွန်တော့်ဆီရောက်လာသည်။

“ဦးဦး သမီးကို စာမေးပွဲအတွက် “မေ့မရသော သူငယ်ချင်းတစ်ယောက်”ဆိုတဲ့ စာစီစာကုံးရယ်၊ “အနှစ်သက်ဆုံးဂျာနယ်တစ်စောင်”ဆိုတဲ့ စာစီစာကုံးရယ် နှစ်ပုဒ်လောက် ရေးပေးစမ်းပါ”ဟုဆိုလာသဖြင့် ဘာလုပ်ဖို့တုံးသမီးရဲ့ မေးတော့ သူကဖြေသည်။ “စာမေးပွဲအတွက် ကျက်ဖို့ပေါ့ ဦးဦးရဲ့”တဲ့။

ကျွန်တော်မျက်ခုံးအနည်းငယ် ပင့်သွားသည်။ သည်တူမလေးက ပညာရေးတွင် ခပ်ညံ့ညံ့ထဲမှမဟုတ်။ သူ့မိဘများကဆို သည်နှစ်ဆယ်တန်းတွင် သူ့ကို ဂုဏ်ထူးတွေ ဘာတွေတောင် မှန်းထားသည်။ သည်လိုကလေးက ကျွန်တော့်ဆီလာပြီး အလွတ်ကျက်ဖို့ မြန်မာစာ စာစီစာကုံးရေးပေးပါဆိုတော့ “ဟ ဘယ်လိုကြီးတုံး”ဟု အံ့သြရသည်။

“သမီးရယ် ကိုယ့်သူငယ်ချင်းအကြောင်းရေးတာပဲ သမီးကိုယ်တိုင်ရေးတာထက်ပဲ ဦးဦးရေးတာက ပိုကောင်းနိုင်ပါ့မလား” ကျွန်တော်ပြောတော့ သူက ခပ်တိုတိုပဲ လိုရင်းကိုပြောသည်။ “သမီးမှ မရေးတတ်တာ”တဲ့။ မြန်မာစာ စာစီစာကုံးကိုပင် မရေးတတ်ပါဘူးဟု ဆိုနေသော စာတော်သည့် ဆယ်တန်းကျောင်းသူ တူမလေးကို ကျွန်တော် တအံ့တသြ ကြည့်မိရသည်။ သို့သော် မကျေနပ်နိုင်သေးသဖြင့် တိုက်တွန်းစကားဆိုမိပြန်သည်။

“အကြိုက်ဆုံး ဂျာနယ်ဆိုတာလေး ရေးကြည့်ပါလား။ ဂျာနယ်တွေမှ အပုံအပင် အမျိုးပေါင်းတစ်ရာကျော်လောက်တောင် ရှိမလားပဲ။ အဲဒီအထဲက တစ်စောင်စောင်လောက်အကြောင်း ရေးကြည့်ပါလား သမီးရယ်”

သည်တော့လည်း သူက ခေါင်းခါပြန်သည်။ ခေါင်းခါရုံမျှမဟုတ် ပွင့်ပွင့်ဟဟပင် ရိုးသားဖြူစင်စွာ ရယ်လိုက်သေးသည်။

တူမလေး၏ ဟန်ပန်မျက်နှာထား အဖြူထည်သက်သက်ပေါ်တွင် မြန်မာစာ စာစီစာကုံးမရေးတတ်သည့် ဆယ်တန်းကျောင်းသူတစ်ဦး၏ ရှက်ရွံ့နေသော အရိပ်အယောင်တစ်ခုမျှ မတွေ့ရ။

“အဲဒါမှ ပိုဆိုးရော ဂျာနယ်မှ သမီး မဖတ်ဖူးတာ ဦးဦးရဲ့။ ကဲပါ ဦးဦးရယ် အဲဒီနှစ်ပုဒ်ကို ရေးသာပေးပါ။ စာမေးပွဲမှာ ပါမယ်လို့ သမီး စပေါ့တ်ရထားလို့ပါ။ သန်ဘက်ခါကျရင် လာယူမယ်နော်။ ဦးဦးကို ရက်ဒ်လေဘယ်တစ်လုံး ကန်တော့ပါ့မယ် ဦးဦးရယ်နော်” ရောင်းတန်းစာစီစာကုံးစာအုပ်တွေထဲက ကျက်ရင် သူများတွေနဲ့ တူနေမှာစိုးလို့ ရေးပေးပါနော် ဦးဦး။ သမီးက စာစီစာကုံးတစ်ခုပဲလိုနေတာ။ ကျန်တာတွေက အကုန်လုံးကို အပိုင်ကျက်ထားပြီးသား စာစီစာကုံးသာရ မြန်မာစာ ဒီထွက်ပြီပဲ””

ကျွန်တော်က ရေးပေးပါ့မယ် မပြောသရွေ့ သူပြန်မည့်ပုံမပေါ်။ သူတကယ် မရေးတတ်တာသေချာသည်။

“ကဲကဲ ရက်ဒ်လေဘယ်တွေ ဘာတွေ လုပ်မနေပါနဲ့ကွာ။ ဦးဦးရေးပေးပါ့မယ်”ပြောလိုက်မှ ပြုံးပြုံးရွှင်ရွှင်နှင့် သူပြန်ပြေးသွားတော့သည်။

ပျော်ရွှင်စွာ ပြန်သွားသည့် တူမလေးကိုကြည့်ရင်း ကျွန်တော်ကဖြင့် ရင်မော၍ ကျန်ခဲ့ရပါသည်။

အတန်းစဉ်တွင် အမှတ်ကောင်းကောင်းဖြင့် အောင်လာခဲ့သည့် ဆယ်တန်းကျောင်းသူတစ်ယောက်က မြန်မာစာ စာစီစာကုံး တစ်ပုဒ်ကိုပင် မရေးတတ်သဖြင့် တစ်ပါးသူရေးပေးသည့် စာစီစာကုံးကို အလွတ်ကျက်၍ ဆယ်တန်းစာမေးပွဲကို ဖြေရမည်ဆိုသည့်အခါ ကျွန်တော့်စိတ်ထဲ မကြည်လင်နိုင်တော့။

သည်ခေတ်ပညာရေးဆိုတာက အဲဒီလိုကြီးလားတွေးမိသည်။ သည်လိုဆိုလျှင် ဉာဏ်ပညာဆိုသည်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မည်လဲ။ ဘောင်တစ်ခုအတွင်းမှ ကျက်မှတ်ထားသည်များကို ပြန်လည်ရွတ်အံ အာဂုံဆောင်ရသည့် အလုပ်သက်သက်ဖြင့် အတန်းစဉ်ကို ဖြတ်သန်းကာ ဘွဲ့လက်မှတ်တစ်ခုခု ရရှိသွားခြင်းသည်ပင် ပညာ၏ ပြီးပြည့်စုံသော အဓိပ္ပာယ်ဖွင့်ဆိုချက်ဟုဆိုလျှင် သေးသိမ်လွန်းစွတကားဟု ကျွန်တော် ညည်းတွားမိရသည်။

ပညာဆိုသည့် စကားလုံးကို အဘိဓာန်တွင် ကြည့်မိတော့ “အသိဉာဏ်၊ အပြားအားဖြင့် သိတတ်သောဉာဏ်၊ ဆည်းပူးယူရသော အသိဉာဏ်၊ ယင်းအသိဉာဏ်ကို ရရာရကြောင်း ရှာဖွေဆည်းပူးအပ်သောအတတ်”ဟု တွေ့သည်။

အခြား အဘိဓာန်တစ်ခု၌လည်း ပညာအပြားမျိုးသုံးပါးဟု ပညာကို ဖွင့်ဆိုရာ၌ စိန္တာမယပညာ (ကြံစည်သဖြင့် သိအပ်သော အရာမျိုး)၊ သုတမယပညာ (သူတစ်ပါးထံမှာကြား၍သိသော အရာမျိုး)၊ ဘာဝနာမယပညာ (ပွားများသဖြင့် သိသောအရာမျိုး)ဟု တွေ့ရသည်။ ပညာရခြင်း၏ အကြောင်းရှစ်ပါးထဲတွင်လည်း ပရိပုစမေးမြန်းခြင်းဖြင့် ရခြင်း။ ယောနိသော မနသိကာယ ဝေဖန်ကြံဆခြင်းဖြင့် ရခြင်းဟု တွေ့ရသည်။

အောက်စ်ဖို့ဒ်အင်္ဂလိပ်အဘိဓာန်တွင်မူ (experience and knowledge together with the power of applying them critically or partically) ဟု Wisdom ဟူသော ဉာဏ်ပညာကို ဖွင့်ဆို၏။ အတွေ့အကြုံနှင့် အသိပညာကို ပေါင်းစပ်ကာ ဆင်ခြင်တိုင်းတွာ လက်တွေ့ဆောင်ရွက်နိုင်ခြင်းဟု အဓိပ္ပာယ်ရပေမည်။

သို့ဆိုလျှင် ပေးထားရင်းစွဲကို ထိုးထွင်းဉာဏ်မဲ့စွာ နှုတ်တိုက်ကျက်မှတ်ရသည့် ယခုခေတ် သင်ကြားရေးစနစ်က ကိုယ်ပိုင်ဦးနှောက်အပေါ် အားကိုးအားထားပြုရဲသည့် ပီဘိလူချွန်လူတော်လေးတွေ ပေါ်ပေါက်အောင် မွေးထုတ်ပေးနိုင်ပါ့မလားဟု သံသယပွားပူပန်မိသည်။

ဆယ်တန်းရောက်သည့်တိုင် ကိုယ့်ပတ်ဝန်းကျင်တွင် တောင်လိုပုံနေသည့် ဂျာနယ်တွေထဲမှ တစ်စောင်တလေကိုတောင် ယောင်လို့မှ ဖတ်မကြည့်ခဲ့ဖူးသည့်၊ မြန်မာလိုရေးရသည့် စာစီစာကုံးမျှကိုပင်လည်း တစ်ပုဒ်ဖြစ်အောင် မရေးဖူးသေးသည့် တူမလေးအကြောင်းတွေးရင်းနှင့်မှ စာရေးသူငယ်စဉ်မူလတန်းကျောင်းသားလေးဘ၀ကို ပြန်လည်သတိရမိသည်။

စာရေးသူတို့ငယ်ငယ် တတိယတန်း၊ စတုတ္ထတန်းကျောင်းသားအရွယ်ကပင် စာစီစာကုံးရေးတတ်အောင် ငယ်ဆရာများက သင်ကြားပေးခဲ့ဖူးပါသည်ဟုဆိုလျှင် ပုံပြင်ဟုပင် ထင်ကြလေမည်လားမသိပါ။ ပုံပြင်ဟုပင်ထင်ဦးတော့ ပြန်ပြောပြချင်ပါသေးသည်။

တကယ်တော့ သူငယ်တန်းလေး၊ သူငယ်တန်းကြီး၊ ပထမတန်း၊ ဒုတိယတန်းဆိုသည့် လက်ဦးမဆွကတည်းကပင် မြန်မာစာကို ရေရေလည်လည် ရေးတတ်ဖတ်တတ်အောင် အပိုင်အနိုင်သင်ကြားပေးခဲ့ကြသည့် ကံ့ကူလက်လှည့်ငယ်ဆရာများ၏ ကျေးဇူးကို ယနေ့အထိမေ့လို့မရ။

အထူးသဖြင့်ကား ကျွန်တော်၏ ငယ်ဆရာတစ်ဦးဖြစ်သော တတိယတန်းအတန်းပိုင် ဆရာကြီးဦးလှမောင်ကို အမြဲလို သတိရနေမိသည်။ ယခုတော့ ဆရာကြီးကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်းကြာလှပြီ။ ကျွန်တော်ကဖြင့် မမေ့နိုင်သေးပါ။

ဆရာကြီးက စေတနာအသင်အပြ ကောင်းသလောက် စိတ်တော့ဖြင့် နည်းနည်းတိုတတ်၏။ လက်သံကလည်းပြောင်သည်။ ထိုဆရာနှင့်မှ ကျွန်တော်က တည့်တည့်တိုးလေ၏။

ကျွန်တော်ဆိုသည့် အကောင်ကလည်း ခွပ်မယ့်ကြက် အမောက်ကလေးအရဲသားနှင့်ဆိုသလို အကောင်မျိုး။ တွေ့ကြပြီဆိုတော့ တကယ့်ကိုမှ မှတ်မှတ်ရရ...။

အဲဒီနေ့က ကျွန်ုပ်တို့၏ ကျောင်းပတ်ဝန်းကျင်ဆိုသည့် စာစီစာကုံးကို အိမ်စာအဖြစ် ရေးခိုင်းလိုက်သည်။ အရေးမခိုင်းခင်လည်း ဆရာကြီးက ကျောင်းဝင်းအနီးအပါးတွင်ရှိသော စေတီတော်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ ရေကန်တွေ၊ ရထားလမ်း၊ လယ်ကွင်းတွေအကြောင်း ကျောင်းသားတွေကို မေးလိုက်ပြောလိုက်ဖြင့် အချိန်အတော်ယူလိုက်သေးသည်။ ပြီးမှရေးခိုင်းလိုက်ခြင်းဖြစ်သည်။

သို့ပါလျက် ကျွန်တော်က အတတ်ဆန်းပြီး လက်စွမ်းပြဖြစ်အောင် ပြလိုက်မိသည့်အတွက် ပြဿနာပေါ်တော့၏။

တတိယတန်းကျောင်းသား ဆိုသည့်တိုင် မြန်မာစာကို လည်လည်ပတ်ပတ် ဖတ်တတ်နေပြီဖြစ်သည့် ကျွန်တော်က ထိုစဉ်က နာမည်ကြီးသည့် စာရေးဆရာကြီးမြစင်္ကြာရေးသော သရဲတစ္ဆေ၀တ္ထုတွေကို စွဲစွဲလမ်းလမ်းဖတ်ထားမိသည်က ပြဿနာ၏အစ ဖြစ်မည်လားတော့ မပြောတတ်။ ကျွန်တော်၏ကြီးတော်၊ ဘထွေးတို့က သရဲတစ္ဆေအကြောင်း ကြုံတိုင်းအပြောကောင်းကြတာလည်း ပါမည်ထင်သည်။ ထိုအတွေးစိတ်ကူး ပယောဂနှစ်ခုကြောင့်ပင် ကျွန်ုပ်တို့၏ ကျောင်းပတ်ဝန်းကျင် စာစီစာကုံးကို ဆရာ အညွှန်းပြောလိုက်သလို မဟုတ်ဘဲ ကျွန်တော့်သဘောနှင့်ကျွန်တော် ထွင်ရေးရေးမိသွားတော့သည်။

ရေးပုံက ကျောင်းနှင့်မလှမ်းမကမ်းတွင် မြင်နေရသည့် ရွာသင်္ချိုင်းကုန်းအကြောင်း ဖြစ်လေသည်။ ထိုသင်္ချိုင်းတွင် စာရေးဆရာကြီးမြစင်္ကြာ ၀တ္ထုထဲကအတိုင်း အောက်လမ်းဆရာနှင့် သရဲမတို့ အစွမ်းပြိုင်သည့်အကြောင်း တုရေးတာလည်းပါ၊ ကြီးတော်ကြီးတွေ ပြောဖူးတာတွေ ထည့်ရေးတာလည်းပါနှင့် ကျွန်ုပ်တို့၏ ကျောင်းပတ်ဝန်းကျင် စာစီစာကုံးထဲတွင် အောက်လမ်းဆရာတွေ သရဲမတွေထည့်ပြီး ဖန်ဆင်းလိုက်မိသည့်အခါ ပြဿနာကကြီးတော့ပြီ။

ကျွန်တော်ရေးသည့် စာစီစာကုံးကိုဖတ်ပြီး ဒေါသထွက်နေသည့် ဆရာကြီးဦးလှမောင်က ကျွန်တော့်ကိုခေါ်ပြီး ဒါဘာလဲကွဟု မေးသည်။ ကျွန်တော်ကလည်း ကိုယ့်ဟာကိုယ်စိတ်ချစွာနှင့်ပင် “၀တ္ထုပါဆရာကြီး”ဟုဖြေသည်။ စာရေးဆရာကြီးမြစင်္ကြာ၏ ၀တ္ထုဝိဉာဉ်က ကျွန်တော့်တွင် ပူးကပ်နေသည်ကိုး...။

ဆရာကြီးက “ဘာကွ”ဟု ဒေါသဖြင့်အော်မှ ကျွန်တော်နည်းနည်းတုန်လှုပ်သည်။ “၀တ္ထုဆိုရင်ဖြင့်လည်း အဲဒီ သမံတလင်းပေါ်မှာဝပ်စမ်းကွာ” ဆရာကြီးဝပ်ခိုင်းသဖြင့် သမံတလင်းကြမ်းခင်းပေါ်မှာ ဘာမှန်းမသိဘဲ ကျွန်တော်ဝပ်ရသည်။

“တစ်တန်းလုံးပြောကြစမ်း။ ဒီကောင် ဘာလုပ်နေတာလဲ”ဟု အတန်းကိုမေးတော့ အတန်းထဲမှ သူငယ်ချင်းတွေလည်း မဖြေတတ်။
ကျွန်တော်လည်း ဘာကြောင့် သည်လိုလုပ်ခိုင်းသည်မသိ။ သို့သော် ဆရာကြီးက “ဒီကောင် ၀ပ်နေတာမဟုတ်လား”ဟု အတန်းကိုမေးတော့ တစ်တန်းလုံးက “ဟုတ်ပါတယ် ဆရာကြီး”ဟု တညီတညာတည်း ဖြေကြသည်။ သည်တော့မှ ဆရာကြီးက “အဲဒီလိုဝပ်နေတာကို ဟော့ဒီလိုထုတော့ ၀ပ်ထုမဖြစ်လားဟေ့ တပည့်တို့”ပြောရင်း ကျွန်တော့်ကျောကို သူ့လက်သီးဆုပ်ဖြင့် အုန်းခနဲထုမှ “အောင်မလေး တီးပဟ”ဟု ကျွန်တော် သဘောပေါက်သည်။ ဆရာကြီးက “၀ပ်ဦးဟ ထုဦးဟ အဲဒါမှ ၀ပ်ထုဖြစ်တာဟ”နှင့် ကျွန်တော့်ကျောကို စိတ်တိုတိုနှင့် သုံးလေးချက်ထုတော့သည်။ ကျွန်တော်လည်း အတော်လေး အီစလံဝေသွားသည်။ စိတ်ကျေနပ်အောင်ထုပြီးသွားမှ ကျွန်တော့်ကို ပြန်အထခိုင်းသည်။ ခဏအကြာတွင်မူ ကျွန်တော့်စာအုပ်ကို နောက်တစ်ခေါက်ထပ်ဖတ်ပြီးသွားပုံရသည့် ဆရာကြီးက ဘာစိတ်ကူးရသည်မသိ ကျွန်တော့်ကို အတန်းရှေ့ပြန်လာရပ်ခိုင်းပြီး ကျွန်တော်ထွင်ထားသည့် ၀တ္ထုဟုဆိုသောစာကို တစ်တန်းလုံးသို့ သူကိုယ်တိုင်ဖတ်ပြသည်။ ကျွန်တော်ကမူ သူ့ဘေးမှာ ရပ်နေရ၏။

ဆရာကြီးဖတ်ပြနေသည့် ကျွန်တော့်ဝတ္ထုကို ကျောင်းသားတွေ တ၀ါးဝါးရယ်တော့ ဆရာကြီး နည်းနည်းပြုံးစပြုသည်။ အစအဆုံးဖတ်ပြပြီးသည့်အခါတွင်မှ “ခွေးကောင် လုပ်လာလိုက်တာ ကြီးကြီးကျယ်ကျယ် ၀တ္ထုတဲ့”ဟုပြောရင်း ကျွန်တော့်ခေါင်းမှ ဆံပင်တွေကို သူ့လက်ဖြင့်ထိုးဖွပြီး ကျွန်တော့်ခေါင်းကို ကိုင်လှုပ်ဆွဲရမ်းနေသဖြင့် ကျွန်တော့်ကိုယ်လုံးသေးသေးလေး ယိမ်းထိုးနေသေးတာ ကျွန်တော်မှတ်မိသည်။ ဆရာကြီးကို ကျွန်တော်မော့ကြည့်တော့ သူပြုံးနေပါသည်။ ထိုအပြုံးသည် သူရေးခိုင်းလိုက်သည့်အတိုင်း ရေးလာတာမဟုတ်သည့်တိုင် ကျွန်တော့်ကိုယ်ပိုင်စိတ်ကူးဖြင့် အားထုတ်တီထွင်ကြိုးစားရေးလာသည့် စာကြောင်းတွေအပေါ် ခွင့်လွှတ်နိုင်သည့် အပြုံးမျိုးဟု ကျွန်တော်ထင်သည်။

ဆရာကြီးထုထားသည့် ကျွန်တော့်ကျောကုန်းက အနည်းငယ်နာဆဲဖြစ်သော်လည်း ကျွန်တော့စာကို အားလုံးကို ဖတ်ပြသဖြင့် ကျွန်တော်ပျော်ပါသည်။ ဆရာကြီးဦးလှမောင်၏ ထိုနေ့က အပြုံးသည်လည်း ကျွန်တော့်မျက်လုံးထဲမှ ယနေ့ထက်တိုင် ထွက်မသွားနိုင်ခဲ့သေးပါ။

အခုပြန်တွေးတော့ လွန်ခဲ့သည့် နှစ်ပေါင်းငါးဆယ်ကျော် တစ်ခေတ်တုန်းက ပညာသင်ကြားပုံနည်းစနစ်နှင့် ဆရာများကို ကျွန်တော့်ရင်ထဲ လွမ်းတသသ...။

By 7Day News Journal

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment