Saturday 13 October 2012

ရန်ကုန်တိုင်းဒေသကြီးအတွင်း လစဉ်ခိုးမှု ကျူးလွန်သူများကိုဖမ်းမမိသေး


ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်လလျှင်ခိုးမှုဖြစ်စဉ်အရေအတွက် ၄၀ နီးပါးဖြစ်ပွားနေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူမှ ပြောကြားခဲ့သည်။

လစဉ် ရန်ကုန်တိုင်းဒေသကြီးအတွင်းဖြစ်ပွားခဲ့သော ခိုးမှုဖြစ်စဉ်များအနက် ထက်ဝက်ကျော်ဖြစ်စဉ်များ၏ ကျူးလွန်ခဲ့သူများကိုဖမ်းမိရန် စုံစမ်းစစ်ဆေးနေရဆဲ ဖြစ်ကြောင်းသိရှိရသည်။

ခိုးမှုဖြစ်စဉ်မှ ကျူးလွန်သူများမှာ နံနက်ပိုင်းနှင့်ညနေပိုင်းများတွင် ခရီးသွားနေသည့်နေအိမ်များ၊ အိမ်တံခါးသော့ခတ်ကာ လုပ်ငန်းများသို့သွားရောက်လုပ်ကိုင်နေသည့် အိမ်များနှင့် ညပိုင်းတွင်လူစောင့်မရှိဘဲ ပိတ်ထားခဲ့သောဆိုင်များကို အဓိကထားပြီး ခိုးယူကျူးလွန်ခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း လစဉ်ခိုးမှုအရေအတွက် ၄၀ နီးပါးဖြစ်ပွားနေမှုကြောင့် ပတ်ဝန်းကျင်အိမ်နီးနားချင်း စောင့်ရှောက်ပေးသည့်ဖြစ်ရပ်များကို ပိုမိုပြုလုပ်ရန်နှင့် ပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်တွင် မသင်္ကာသူများတွေ့ရှိပါက နီးစပ်ရာရဲစခန်းသို့အကြောင်းကြားရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူရဲမှူးမြင့်ထွေးက "အခုလို တိုင်းအတွင်းမှာ နေ့စဉ်ဖြစ်ပွားနေတဲ့ ခိုးမှုအရေအတွက်က သုံးမှုကနေ ငါးမှုကြားရှိတယ်။ လအလိုက်ဆိုရင် တစ်လကို ဖြစ်စဉ်  ၃၀ ကနေ ၄၀ ကျော်ထိဖြစ်နေပါတယ်။ အခုလို ခိုးမှုတွေများနေရတဲ့အကြောင်းအရင်တွေထဲက တစ်ချက်ကတော့ ရန်ကုန်တိုင်းဒေသကြီးက လူနေမှုထူထပ်တယ်။ လူဦးရေအရမ်းများတဲ့အတွက်ဖြစ်တယ်။ ပြည်သူတွေအနေနဲ့ ပူပေါင်းပါဝင်မယ်ဆိုရင် ဖြစ်စဉ်တွေလျော့ကျနိုင်ပါတယ်။ မိတ်ဆွေအချင်းချင်း အိမ်နီးနားချင်းစောင့်ရှောက်မှုတွေ ပိုပြီးပြုလုပ်သင့်ပါတယ်။ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေကလည်း ပညာပေးဆောင်ရွက်မှုတွေကို အခုထက်ပိုပြီးပြုလုပ်သင့်ပါတယ်" ဟု ပြောကြားခဲ့သည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ခိုးမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ အောက်တိုဘာလ ၁၀ ရက်နေ့နံနက်ပိုင်းတွင် တာမွေမြို့နယ်ရှိ မြမာလာ အမှတ်တရ ပစ္စည်းအရောင်းဆိုင်အတွင်းရှိ အရည်ကျောက်တုံးအပွင့်ဆွဲသည့် ၃၀ ခု တန်ဘိုး သိန်း ၃၀ ခန့်အပါအ၀င် ပစ္စည်းမျိုးစုံ ၁၄ မျိုး စုစုပေါင်းတန်ဘိုး ၈၂ သိန်းခန်ဲ့ ခိုးယူခံရမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်၍ "လစဉ် ခိုးမှုဖြစ်နေတဲ့ထက်ဝက်ကျော်က ဖြစ်စဉ်တွေရဲ့ကျူးလွန်သူတွေကိုဖမ်းမိဖို့ စုံစမ်းနေဆဲပါပဲ။ အခုကာလက ပွင့်လင်းရာသီဖြစ်နေတဲ့အတွက် ဒုစရိုက်သမားတွေအလှုပ်ရှားဆုံးရာသီဖြစ်တယ်။ အဲဒါကြောင့် ရဲတပ်ဖွဲ့တွေအနေနဲ့ လှည့်ကင်း၊ ၀တ်ကင်းတွေဆောင်ရွက်ပြီး ဖော်ထုတ်ရတာထက် ပြည်သူတွေနဲ့ပူပေါင်းပြီး ကျူးလွန်တဲ့သူကို ဖော်ထုတ်ရတာ ပိုပြီးမြန်ဆန်ပါတယ်" ဟု ဖြစ်ပွားနေသောဖြစ်စဉ်များနှင့်ပတ်သတ်၍ ရဲမှူးမြင့်ထွေးက ဆက်လက်ပြောကြားခဲ့သည်။

အောက်တိုဘာလ ၁၀  ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၌ ကားခိုးမှုဖြစ်စဉ်တစ်ခုအပါအ၀င် ခိုးမှုဖြစ်စဉ်ခြောက်မှုဖြစ်ပွားခဲ့ပြီး ခိုးခံရသောပြည်သူများမှ ကျပ်သိန်း  ၃၅၁ သိန်းကျော် ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။


By Eleven Media Group

No comments:

Post a Comment