Saturday 13 October 2012

“နည်းနည်းတော့ ကြမ်းသွားတယ်”


ညိမ်းပြည့်စုံ ~

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို လုပ်ပိုင်ခွင့် အကြောင်းပြ၍ လယ်သမားများအပေါ် မိုက်ကြေးမခွဲရန် ပြောဆိုခဲ့သည့်
ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က ၎င်း၏ စကားအသုံးအနှုန်း ပြင်းထန်သွားကြောင်း ဧရာဝတီသို့ ပြောသည်။

ဒဂုံအရှေ့ပိုင်းရှိ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် အနံ့ဇုန် စီမံကိန်းအတွက် နိုင်ငံတော်အစိုးရက ပေးထားသည့် စည်ပင်ပိုင်မြေတွင် လယ်သမားများ လာရောက် နေထိုင်ခြင်းကြောင့် စည်ပင်နှင့် လယ်သမား ပဋိပက္ခတချို့ ဖြစ်ပေါ်ခဲ့ရာ ဦးအောင်ဇင်က
“စည်ပင်အနေနဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြပြီး လယ်သမားတွေအပေါ် မိုက်ကြေး မခွဲသင့်ဘူး” ဟု Hot News ဂျာနယ်တွင် ပြောဆိုခဲ့မိကြောင်း၊ ထိုသို့ပြောဆိုမိသည်မှာ လွန်သွားကြောင်း ရှင်းပြသည်။

“ကျနော် Hot News မှာ ပြောလိုက်မိတာတွေက နည်းနည်းတော့ ကြမ်းသွားတယ်။ အမှန်ဆို ကျနော် အဲဒီလို မပြောသင့်ဘူး” ဟု လယ်ယာမြေ အသိမ်းခံရမှု စုံစမ်းရေးအဖွဲ့ဝင် တဦးလည်း ဖြစ်သူ ဦးအောင်ဇင်က ဆိုသည်။

စည်ပင်အနေဖြင့် ထိုလယ်မြေများကို လယ်သမားများထံမှ ပြန်လည် သိမ်းယူခြင်းမပြုရန် ပြောလိုခြင်း မဟုတ်ဘဲ လယ်သမားများ စပါးရိတ်သိမ်းချိန် ပြီးမှ ပြန်လည်သိမ်းယူလျှင် ပိုမို အဆင်ပြေနိုင်မည် ဖြစ်သောကြောင့် ယခုကဲ့သို့ ပြောဆို လိုက်ခြင်း ဖြစ်သည်ဟု သူက ရှင်းပြသည်။

အနံ့ဇုန်စီမံကိန်းနှင့် ပတ်သက်သည့် အကြောင်းအရာများ အပြင် Hot News ဂျာနယ်တွင် ပါရှိသော သတင်းနှင့် အင်တာနက် လူမှုကွန်ရက်များတွင် ဆွေးနွေးနေကြသော စည်ပင်နှင့် လယ်သမားများ အကြား ပဋိပက္ခ များနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူများက စာနယ်ဇင်း ရှင်းလင်းပွဲတရပ်ကို ယခုလ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

“နိုင်ငံတော်က ဒဂုံအရှေ့ပိုင်းမြို့နယ် သရက်ပင်ချောင် ရွာနားကမြေကို အနံ့ဇုန် လုပ်ဖို့အတွက် ပေးခဲ့တယ်။ အနံ့ဇုန် စီမံကိန်းကို ၂၀၀၀ ပြည့်နှစ်ကတည်းက စခဲ့တာပါ။ အခုမှ ဒီမြေတွေကို နိုင်ငံတော် စီမံကိန်းအတွက် ပေးထားတာ ဆိုပြီး မိုက်ကြေးခွဲနေတာ မဟုတ်ပါဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၅ ၌ တာဝန် ထမ်းဆောင်နေသူ
ဦးထင်ဇော်ဝင်းက ပြောသည်။

အဆိုပါမြေများကို ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံတော်က စည်ပင်အား လွှဲပြောင်း ပေးခဲ့သော်လည်း အိုးအိမ်က ၂၀၀၆ ခုနှစ်မှ တရားဝင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၀၁ ခုနှစ်တွင် အဆိုပါ စီမံကိန်း လယ်ဧကများ၌ လာရောက် နေထိုင်ကြသူများအား လူတဦးလျှင် ကရုဏာကြေး ကျပ် ၁ သောင်းစီ ပေး၍ ဖယ်ပေးရန် ပြောဆိုခဲ့ပြီး ၂၀၀၅ မှ ၂၀၀၉ ခုနှစ်အထိ ထိုလယ်မြေများတွင် ဆက်လက် နေထိုင်ကြသူ များအား ကရုဏာကြေး ကျပ် ၃ သောင်းစီ ပေးခဲ့ကာ ယခု ၂၀၁၂ ခုနှစ်တွင် လယ်မြေ တဧကအတွက် ကျပ် ၂ သိန်းစီ ပေး၍ ဖယ်ပေးရန် ပြောဆိုခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှ ဌာနမှူး ဦးကျော်မင်းက ပြောသည်။

“အဲဒီလို ပေးနေတာတွေက နိုင်ငံတော် ပေါက်ဈေးအတိုင်း ပေးနေတာပါပဲ။ အခုဆို ၁ ဧက ပိုင်ဆိုင်သူကို ကျပ် ၂
သိန်း၊ ၄ ဧက ပိုင်ဆိုင်သူတွေကို ၈ သိန်း အဲဒီလို ပေးတယ်။ ဒါပေမယ့် တချို့ကျတော့ လူကြီးတွေ မရှိသေးလို့ ဆိုပြီး
ပြောပြီး မယူကြတာတွေ ရှိတယ်။ ယူတာ မယူတာကတော့ သူတို့အပိုင်းပါ၊ နောက်မှ လိုချင်ပါတယ် ဆိုရင်လည်း ကျပ် ၂ သိန်းပဲရမှာပဲ” ဟု သူက ဆိုသည်။

သို့သော် ယခင် နိုင်ငံတော် ပေါက်ဈေးအတိုင်း ပေးခဲ့သည့် ကရုဏာကြေးကို မယူခဲ့သူများအား လက်ရှိအချိန်တွင် ယခုပေါက်ဈေးအတိုင်း ပေးလိမ့်မည် မဟုတ်ကြောင်း၊ ယခင်က ပေးခဲ့သည့် ကရုဏာကြေး မယူခဲ့သူတချို့သည် လက်ရှိအချိန်တွင်မှ ကရုဏာကြေးပေးရန် တောင်းဆိုကြသူများလည်း ရှိကြောင်း သိရသည်။

“အရင်က ၁ သောင်းခေတ်တုန်းက ပေးတဲ့အချိန်မှာ မယူကြသူတွေကို အခုပေါက်ဈေး ၂ သိန်းပေးပါဆိုရင် မပေးဘူး။ ဒါပေမယ့် အရင်တုန်းက အတိုင်း ၁ သောင်းပေးတဲ့ အချိန်က နေခဲ့တဲ့လူကို ၁ သောင်းပေးမယ်၊ ၃သောင်း ပေးတဲ့ အချိန်က
လူတွေ ဆိုရင် ၃ သောင်းပဲ ပြန်ပေးမှာပါ။ ဒါမှ အားလုံးအတွက် မျှတမှာ” ဟု ဦးကျော်မင်းက ဆက်ပြောသည်။

အနံ့ဇုန် ပြုလုပ်မည့် စည်ပင်ပိုင် မြေအတွင်း ဆိုင်းဘုတ်များစိုက်ထူ၍ ယန္တရား စက်များဖြင့် မြေများ တူးယူရာတွင် စည်ပင်ပိုင်မြေ မဟုတ်သော ရွာမြေများအား တူးယူခဲ့မိသည့် အဖြစ်အပျက်များလည်း ရှိကြောင်း သိရသည်။

“အဲဒီလို အမှားအယွင်း ဖြစ်သွားတဲ့အချိန်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ တာဝန်ရှိတဲ့သူတွေ လာပြောကြတော့ ချက်ချင်းပြန်ပြီး ပြင်ဆင် ပေးလိုက်ရတာမျိုးတွေ ရှိပါတယ်” ဟု ဦးထင်ဇော်ဝင်းက ပြောသည်။

စည်ပင်ပိုင်မြေအတွင်း နေထိုင်ကြသည့် လယ်စိုက်ပျိုးသူ တချို့၏ လယ်မြေများကို စည်ပင် ဝန်ထမ်းများက စပါးရိတ်သိမ်း ပြီးချိန်အထိ စောင့်ဆိုင်းပေးခြင်း မရှိဘဲ မြေများ တူးယူခြင်း ပြုလုပ်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က ဆိုသည်။

“ကျနော့်ကို လယ်သမားတွေက တိုင်စာပို့ထားတယ်။ စည်ပင်ဘက်က လျော်ကြေးပေးတယ်လို့ ပြောပေမယ့် လယ်သမားတွေက မရပါဘူးလို့ပြောတယ်။ အဲဒါတွေကို ဘာမှ သေသေချာချာ မလေ့လာရသေးတဲ့ အတွက် ကျနော်က
ဒါတွေကို ခဏရပ်ဆိုင်း ထားပေးပါလို့ တောင်းဆိုတာပါ” ဟု သူက ပြောသည်။

သို့ရာတွင် စည်ပင်မှ တာဝန်ရှိသူများကမူ ယင်းလယ်မြေတွင် နေထိုင်သူများအားကို ကရုဏာကြေးပေး၍ ဖယ်ခိုင်းထားပြီး ဖြစ်ကြောင်း၊ အနံ့ဇုန် စီမံကိန်းကို မိုးတွင်းကာလတွင် ရပ်ဆိုင်းထားခဲ့ရခြင်းကြောင့် ယခု မိုးအကုန်တွင် ထိုစီမံကိန်းအား ပြန်လည် အစပြုရန် စီစဉ်ရမည် ဖြစ်ရာ လယ်ရိတ်သိမ်းချိန်ထိ စောင့်ဆိုင်း ပေးနိုင်မည် မဟုတ်ကြောင်း ရှင်းလင်း ပြောပြသည်။

ရန်ကုန်မြို့တော် စည်ပင်မှ အနံ့ဇုန် စီမံကိန်းအတွက် ပေးသည့် ကရုဏာကြေး ကျပ် ၁ သောင်းကို လက်ခံခဲ့သူ ၃၀၅ ဦး ရှိပြီး ကျပ် ၃ သောင်း လက်ခံခဲ့သူ ၈ ဦးရှိကာ၊ တဧကအတွက် ကျပ် ၂ သိန်း လက်ခံသူ ၁၃ ဦး ရှိပြီဖြစ်ကြောင်း စည်ပင် သတင်း မှတ်တမ်းများမှ သိရသည်။

ငါးပိ၊ ငါးခြောက်၊ ငံပြာရည် အနံ့ဇုန်မှ ဇုန် ၁ တွင် ၉၅ ရာခိုင်းနှုန်းခန့် လုပ်ငန်းများ လုပ်ကိုင်လျှက် ရှိပြီဖြစ်ပြီး ဇုန် ၂ တွင် ၇၅
ရာခိုင်နှုန်းခန့် လုပ်ငန်း လည်ပတ်နေပြီ ဖြစ်ကြောင်း၊ လယ်သမားများနှင့် ယခုကဲ့သို့သော ပြဿနာများ၊ အငြင်းပွားမှုများ ဖြစ်ပေါ်ရခြင်းသည် စီမံကိန်း၏ ကြန့်ကြာမှုကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်မှ တာဝန်ရှိသူများက ပြောသည်။

စက်မှုဇုန်များသို့ သွားရောက်အလုပ်ဆင်းမည့် ရန်ကုန်မှ အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)

By Irrawaddy

No comments:

Post a Comment