Monday 17 September 2012

ပါတီတွင်း သဘောထားကွဲမှု ညှိနှိုင်းဆောင်ရွက်ကြရန် ဦးတင်ဦးပြော


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကျင်းပမည့် ပါတီညီလာခံ ခေါ်ယူရေးအတွက် လူရွေးချယ်ရာတွင် ပြည်နယ်နှင့်တိုင်း အများစု၌ သဘောထား ကွဲလွဲမှုများဖြစ်နေပြီး ထိုဖြစ်စဉ်များကို ပြေပြေလည်လည်
ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း ပါတီနာယက ဦးတင်ဦးက သတိပေး ပြောဆိုလိုက်သည်။

ယခုလ ၁၅ ရက်နေ့က ပဲခူးမြို့ NLD ရုံး၌ ပြုလုပ်သော ပဲခူးတိုင်း ပဲခူးခရိုင်၊ သာယာဝတီခရိုင်၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့မှ NLD ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် ဦးတင်ဦးက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဖြေရှင်းလို့ မရတဲ့လူတွေကလည်း တယ်လီဖုန်းနဲ့ ဆက်လာတယ်၊ ဆန္ဒပြမယ်၊ သတင်းစာရှင်းလင်းပွဲလုပ်မယ်။  မလုပ်နဲ့၊ မပြနဲ့ မပြောဘူး။ လုပ်ပိုင်ခွင့်ရှိတာ လုပ်ပါ။ သို့သော် လုပ်တဲ့အခါ အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့အပိုင်းမှာ၊ ချင့်ချင့်ချိန်ချိန် စဉ်းစားရမယ့်အပိုင်းမှာ ကိုယ်လုပ်တာတွေဟာ အကျိုးကျေးဇူးဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာလေးတော့ နည်းနည်းလေး စဉ်းစားဖို့လိုတယ်” ဟု ဦးတင်ဦးက ပြောသည်။

ပြည်နယ်တိုင်းများရှိ ရပ်ကျေး၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းတို့မှ ညီလာခံအတွက် ကိုယ်စားလှယ်များ အဆင့်ဆင့် ရွေးချယ်ရာတွင် လူသစ်၊ လူဟောင်းပြဿနာများ၊ နီးစပ်ရာရွေးချယ်မှုများ အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိသည်။ ယင်းသို့ဖြစ်ပွားနေမှုများကို အချင်းချင်းညှိနှိုင်းဆွေးနွေးအဖြေရှာကြရန်လိုအပ်ကြောင်း၊ ပါတီတွင်းညီညွတ်မှုရှိမှ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ဦးတင်ဦးက ဆိုသည်။

“၂၀၁၅ မှာ ပြည်ခိုင်ဖြိုးအပါအဝင် တခြားပါတီတွေက ဒီအတိုင်း ပြန်ထွက်လာကြမှာ မဟုတ်ဘူး။ သူတို့ရှုံးခဲ့တဲ့ အားနည်းချက်တွေကို အားသာချက်တွေရှိလာအောင် ပြင်ဆင်ပြီး လုပ်လာကြမှာပဲ၊ အဲဒီအချိန်မှာ ကျနော်တို့ဘက်က ရွစိရွစိနဲ့ လူမုန်းစရာ၊ သံသယဖြစ်စရာ၊ စိတ်ထဲမှာ အားမကိုးစရာ ဖြစ်သွားမယ်ဆိုရင် ၂၀၁၅ ခုနှစ်မှာ အခုနိုင်သလိုမျိုး နိုင်မှာမဟုတ်ဘူး” ဟု သူက ဆက်ပြောသည်။

အခမ်းအနား တက်ရောက်လာသူ NLD ခရိုင်တာဝန်ရှိသူများကလည်း ညီလာခံ ပြုလုပ်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို တင်ပြဆွေးနွေးကြသည်။

ပါတီညီလာခံပြုလုပ်ရေး အစီအစဉ်ရေးဆွဲရာမတွင် ပထမဆုံးအကြိမ် ဖြစ်သည့်အတွက် အားနည်းချက်များရှိရာ ထိုအားနည်းချက်များကို တင်ပြရန်လိုအပ်ကြောင်း၊ ယင်းသို့တင်ပြလာပါက ပြင်ဆင်ပေးသင့်သည်များကို ဖြည့်စွက်ပြင်ဆင်ပေးသွားမည် ဖြစ်ကြောင်း ညီလာခံဖြစ်မြောက်ရေး ကြီးကြပ်ဆောင်ရွက်သူ ဗဟိုဦးစီးအဖွဲ့ဝင် ဦးစိုးဝင်းက ပြောသည်။

“အောက်ခြေကရှိတဲ့ မြို့နယ်အမှုဆောင်ဟောင်းတွေ၊ တချို့ လက်ရှိကော်မရှင်က ပုဂ္ဂိုလ်တွေဟာ သူတို့နဲ့ ကျနော်တို့နဲ့ လက်ရှိ မိသားစုချင်း ဖြေရှင်းရမယ့်ကိစ္စတွေကို သက်ဆိုင်ရာ၊ ကော်မရှင်တွေ ထောက်လှမ်းရေးတွေကို သွားတိုင်တယ်၊ စာရင်းစစ်ပေးပါ ပြောတယ်။ အဲဒီတော့ ကျနော်တို့ ပါတီအပေါ်မှာဟိုက နေ့စဉ်နဲ့အမျှ ဖိနှိပ်မှုတွေလုပ်လာတယ်” ဟု ဦးစိုးဝင်းက ခရိုင်ခေါင်းဆောင်များကို ပြောသည်။

NLD ပါတီအနေဖြင့် လူထုအကြား အောင်မြင်မှုများ ပိုမိုရရှိလာသော်လည်း အချင်းချင်း မညီညွတ်မှုများကြောင့် အစိုးရ အာဏာပိုင်များက ပါတီလှုပ်ရှားမှုများကို ကန့်သတ်ခြင်း၊ ဖိနှိပ်ခြင်းများလည်း ပြုလုပ်လာခြင်းများလည်း ရှိနေကြောင်း၊ ထို့ကြောင့် မပြေလည်မှုများကို အချင်းချင်း ညှိနှိုင်းအဖြေရှာကြရန် တိုက်တွန်းကြောင်း ဦးစိုးဝင်းက ဆိုသည်။

“အဓိကကတော့ ဘယ်သူမပြု မိမိမှုပဲ ကျနော်တို့ မိသားစုတွေက ကိုယ့်မိသားစု အချင်းချင်းအတွင်းမှာ ဖြေရှင်းရမယ့်ဟာကို သူစိမ်းကိုသွားပြီးတော့ အကူအညီတောင်းနေတယ်။ အဲဒါတွေက မလိုလားအပ်ပါဘူး။ ဒါကြောင့် ကိုယ့်မိသားစုအတွင်းမှာပဲ ဖြေရှင်းကြပါ” ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက သတင်းစာရှင်းလင်းပွဲ ကျင်းပ၍ ပါတီတွင်း စိတ်ဝမ်းကွဲအောင် ပြုလုပ်သည့်အတွက် ပုသိမ်မြို့နယ် NLD ပါတီဝင် ၃ ဦးကို ပါတီမှ ယာယီ ထုတ်ပယ်လိုက်သည်။

“သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီးတော့ ဒေါက်တာ သန်းထိုက်၊ ဦးသန်းဝင်းနဲ့ ဦးညွန့်လှိုင်တို့ကို ပါတီဗဟိုညီလာခံ ကျင်းပချိန်အထိ ပါတီဝင်အဖြစ်က ဆိုင်းငံ့ထားလိုက်တာပါ။ ပါတီတွင်း ပြိုကွဲအောင်လုပ်တဲ့အတွက် အခုလို ဆိုင်းငံ့လိုက်တာပါ”ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ထုတ်ပယ်ခံလိုက်ရသူ ၃ ဦးအနက် ဒေါက်တာ သန်းထိုက်သည် မြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင်ဟောင်းဖြစ်ပြီး ဦးသန်းဝင်းနှင့် ဦးညွန့်လှိုင်တို့မှာ ၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော် အမတ်များဖြစ်ကြောင်း သိရသည်။

By Irrawaddy

No comments:

Post a Comment