Monday 17 September 2012

မြန်မာနှင့်ဆက်ဆံရေးရင်းနှီးစေရန် တရုတ်အားထုတ်


(UPI သတင်းမှ 14 Sept 2012 ရက်စွဲပါ “China seeks Closer Relation with Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသောတရုတ်ထိပ်တန်းလွှတ်တော်အမတ်က နှစ်နိုင်ငံဆက်ဆံရေးတိုးတက် ကောင်းမွန်စေရန် အဆိုပြုချက်များ ကမ်းလှမ်းထားသည်ဟု တရုတ်နိုင်ငံပိုင်
သတင်းဌာနက ထုတ်ပြန်သည်။


တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဌဝူဘန်ဂူက နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးကြိုးပမ်းမှုများနှင့် နှစ်နိုင်ငံအကြား ဖက်စပ်စီမံကိန်းကြီးများချောချောမွေ့မွေ့ ဖြစ်ထွန်းရေးကို တောင်းဆိုတိုက်တွန်းခဲ့သည်ဟု Xinhva သတင်းက ဆိုသည်။

ထို့အပြင် နှစ်နိုင်ငံကုန်သွယ်ဆက်ဆံမှုများ ယုံကြည်စိတ်ချရမှုရရှိစေရန်အတွက် ကျောက်ဖြူ-ရွှေလီ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းကဲ့သို့သော အကြီးစားစီမံကိန်းကြီးများကို အောင်မြင်စွာအကောင်အထည်ဖော်ရန် မစ္စတာဝူက တိုက်တွန်းပြောကြားသည်။

တံခါးပိတ်သံချေးကိုက် စစ်အုပ်ချုပ်ရေးလက်ထက် မြန်မာနိုင်ငံနှင့် အဓိကကုန်သွယ်ဖက်ဖြစ်ခဲ့သော ကွန်မြူနစ်တရုတ်ပြည်သည် မြန်မာနိုင်ငံတွင် မနှစ်ကအာဏာရလာသော အရပ်ဘက်တစ်ပိုင်း အစိုးရနှင့် ဆက်ဆံရေးတိုးတက်စေရန် ကြိုးပမ်းလျက်ရှိသည်။

တပ်မတော်အစိုးရ အကြီးအကဲခွင့်ပြုခဲ့သော အငြင်းပွားဖွယ် အကြီးစားအဆင့်လွန် မြစ်ဆုံရေလှောင်တမံစီမံကိန်းကို လက်ရှိအရပ်ဘက်အစိုးရအသစ်က ပြည်သူလူထု၏ဆန္ဒကိုအကြောင်းပြု၍မနှစ်ကရပ်ဆိုင်းထားခဲ့သည်။ မြန်မာ့သယံဇာတများကိုတရုတ်နိုင်ငံကခေါင်းပုံဖြတ်အမြတ်ထုတ်နေသည်ဟုရှုမြင်ကြသူ မြန်မာပြည်သူများကအဆိုပါ မြစ်ဆုံတမံစီမံကိန်းကို တခဲနက်ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ယခု တရုတ်လွှတ်တော်မှ အမြဲတမ်းကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံသို့လာရောက်ချိန်တွင် မြန်မာနိုင်ငံအလယ်ပိုင်း မုံရွာမြို့အနီးမှတရုတ်ကုမ္ပဏီတစ်ခုနှင့်တပ်မတော်ဦးပိုင်ကုမ္ပဏီတို့ဖက်စပ်လုပ်ကိုင်နေသော ကြေးနီစီမံကိန်း၏မြေသိမ်းယူမှုများအပေါ် ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုများ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားနေသည်။

Yangon chronicle

ဒေါင်းမာန်ဟုန်

No comments:

Post a Comment