Wednesday 19 September 2012

ငါးထောင်တန်ကြိုတင်ငွေဖြည့်ကဒ်များ ဈေးကွက်အတွင်းရောက်ရှိ


ထွန်းနေအောင် (မြစ်မခ)

စက်တင်ဘာလ (၁၉)ရက်နေ့မှစ၍ ကျပ်(၅၀၀၀)တန် ကြိုတင်ငွေဖြည့်ကဒ်များ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဖုန်းအရောင်း ဆိုင်များက စုံစမ်းသိရှိရသည်။

“ကျွန်မတို့ဆိုင်ကိုတော့ ကဒ်တွေ မရောက်သေးဘူး။ လာပို့မယ်ဆိုပြီး မပို့သေးတာပါ။ မနေ့ကပြောတော့ ငွေဖြည့်ရင် ချက်ချင်း မ၀င်ပဲ တစ်ရက်စောင့်ရမယ်ပြောလို့ ဆိုင်မှာ မတင်သေးတာပါ။ ဒီနေ့တော့ရပြီ ပြောတယ်။” ဟု စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါ ကျပ်(၅၀၀၀)တန်ကြိုတင်ငွေဖြည့်ကဒ်များသည် မူလက စက်တင်ဘာနောက်ဆုံးပတ်တွင် ထွက်ရှိမည် ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုစော၍ ထွက်ရှိလာခြင်းဖြစ်သည်။

“မနေ့ကတော့ ချက်ချင်းငွေဖြည့်ရင်မ၀င်ဘူး။ ဒီနေ့တော့ ရနေပါပြီ။ မနက်ဆိုင်ဖွင့်ပြီး ခဏနေတော့ လာပို့ပါတယ်။ တော်တော်လေးလည်း လာဝယ်တဲ့သူများတယ်။ ရောင်းကောင်း ပါတယ်။”ဟု လှည်းတန်းရှိ ဖုန်းအရောင်းဆိုင်မှ ၀န်ထမ်းတစ်ဦးကပြောသည်။

အဆိုပါ GSM၊ 450 MHz၊ 800 MHz ကြိုတင်ငွေဖြည့်ကဒ်များတွင် ထုတ်လုပ်သည့် ကုမ္မဏီဖြစ်သော Elite အမှတ်တံဆိပ်အား ရိုက်နှိပ်ထားကြောင်းကိုလည်း ငွေဖြည့်ကဒ်များတွင် တွေ့ရှိရသည်။

ကျပ်(၅၀၀၀) ကြိုတင်ငွေဖြည့်ကဒ်များကို ကုမ္မဏီ(၃)ခုက ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

အဆိုပါ ကြိုတင်ငွေဖြည့်ကဒ်များသည် စက်တင်ဘာလ(၁၈)ရက်နေ့မှ စတင်ဖြန့်ဖြူးရောင်းချနေခြင်းဖြစ် သော်လည်း (၁၉)ရက်နေ့မှာသာ ငွေဝင်ပြီး စတင်အသုံးပြု၍ရကြောင်းကိုလည်း သုံးစွဲသူများထံကသိရှိရသည်။

ကြိုတင်ငွေဖြည့်ကဒ်များကို အရောင်(၃)ရောင်ဖြင့် ခွဲ့ခြားထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး GSM ကဒ်တွင် အစိမ်းရောင်၊ 450 MHzတွင် ရွှေရောင်နှင့် 800 MHzတွင် ခဲရောင်တို့ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။

ယခင်ထုတ်လုပ်သည့် ငွေဖြည့်ကဒ်များတွင် အရောင်ခွဲခြားထုတ်လုပ်ခဲ့ခြင်းမရှိပဲ ယခုအခါတွင် တယ်လီဖုန်းအမျိုးအစားအလိုက် ခွဲခြားထုတ်လုပ်ခြင်းဖြစ်ပြီးထုတ်လုပ်သည့် ကုမ္မဏီအမှတ်တံဆိပ်ပါ ရိုက်နှိပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မူရင်းသတင်း---by Myit Makha Mediagroup on 19 Sep, 2012

By Aye Chan Mon

No comments:

Post a Comment