Friday 7 September 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများနှင့် တွေ့ဆုံစဉ် ပြောကြားသည့် မိန့် ခွန်း

( ၇ - ၉- ၂၀၁၂ )တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံ ကြခြင်း ဖြစ်ပါတယ်။ အားလုံး ကျန်းကျန်း မာမာ ရှိကြစေရန် ရှေးဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများဟာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များ အတွင်းရှိ သက်ဆိုင်ရာ လူမျိုးစုများ၏ ကိုယ်စားလှယ် များဖြစ်သည် နှင့်အညီ မိမိတို့ လူမျိုးစုများ၏ အရေးအရာ ကိစ္စများကို တာဝန်ယူ ဆောင်ရွက် ပေးရန် တာဝန်ရှိသူများ ဖြစ်ကြပါတယ်။ ----


ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရများနဲ့ တန်းတူရည်တူ ဆက်ဆံနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ပေးခဲ့သည့်အတိုင်း ဥပဒေရေးရာကိစ္စများကို ပြင်ဆင်ပေးနိုင်ဖို့နဲ့ လိုအပ်တဲ့ အုပ်ချုပ်မှု ကိစ္စအဝဝတို့ကို ဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ ခေါ်ယူတွေ့ဆုံခြင်း ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ တို့နဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနိုင်မည့်အပြင် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့နဲ့လည်း တိုက်ရိုက် ထိတွေ့ ဆက်ဆံနိုင်အောင် သမ္မတရုံးတွင် ပြည်ထောင်စုဝန်ကြီး တစ်ဦးနှင့်အတူဝန်ကြီးဌာနတစ်ခုကိုလည်း ဖွင့်လှစ်ပေးထားပြီးဖြစ်၍ အထက်အောက်နဲ့ ဘေးတိုက် ဆက်သွယ်ဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုပေါင်း (၁၀၀) ကျော်ရှိပြီးအားလုံးဟာတိုင်းပြည်ရဲ့ နယ်နိမိတ် အဝန်းအဝိုင်းတစ်ခုတည်း အောက်တွင် အတူနေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ဖြစ်ကြတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများကိုတန်းတူရည်တူရရှိကြရမည့်အပြင် တူညီသည့် တာဝန်များကိုလည်းအတူတကွ ထမ်းရွက်ကြရမှာဖြစ်ပါတယ်။

တူညီတဲ့ အဓိကတာဝန်ကတော့ ပြည်ထောင်စုကြီးအတွင်းဥမကွဲသိုက်မပျက် အတူတကွ ပူးပေါင်းနေထိုင်ရေးနဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ဖြစ်ပါတယ်။ ပြည်ထောင်စုကြီး မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ အဓိကတာဝန်ကြီး (၃) ရပ်ဟာနိုင်ငံသား တိုင်းရာသက်ပန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမယ့် တူညီသောတာဝန် ဖြစ်ပါတယ်။ ဒီတာဝန်ကိုမိမိတို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် လက်တွဲပူးပေါင်း ထမ်းဆောင်သွားကြရမှာ ဖြစ်တယ်။

နယ်စပ်ဒေသတွေဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေဆဲဖြစ်တယ်။ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေ စိုးမိုးမှုအားနည်းနေတဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ စီးပွားရေးစတဲ့ လုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်နိုင်ခဲ့တာ အားလုံးအသိဘဲ ဖြစ်ပါတယ်။ ဒါဟာလူမျိုးစုတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခတွေကြောင့် ဖြစ်တယ်။ ယခုအခါ နှစ်ပေါင်း ကြာရှည်ခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းသွားအောင် မိမိတို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေတယ်။ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ အနေနဲ့ မိမိတို့လူမျိုးစုတွေကို ဦးဆောင်ပြီး ပူးပေါင်းပါဝင် ကူညီလုပ်ဆောင်ပေးကြဖို့ လိုတယ်။

နောက်တစ်ခုကတော့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကိစ္စဖြစ်တယ်။ ဘိန်းစိုက်ပျိုးမှု ပပျောက်အောင်၊ အခြားသောဝင်ငွေရ အလုပ်အကိုင်များနဲ့ အစားထိုးနိုင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။ ဆေးပြားများချက်လုပ်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှု များကိုလည်း မြန်မာနိုင်ငံမူးယစ်ဗဟိုနဲ့ အစွမ်းကုန်ပူးပေါင်း ကူညီဆောင်ရွက် ပေးကြဖို့ လိုတယ်။

နယ်စပ်ဒေသတွေမှာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် ပထမဦးဆုံး လိုအပ်ချက်ဟာ တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ဖြစ်တယ်။ သို့မှသာစိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစတာတွေကို ထိထိရောက်ရောက် ကူညီပေးနိုင်မယ်။ ယခုအခါ ကိုယ့်ဒေသ ကိုယ်ဖွံ့ဖြိုးအောင် ဝန်ကြီးတွေကိုယ်တိုင်က တာဝန်ယူပြီးအပြိုင်အဆိုင် လုပ်ကြရမယ်။ လိုအပ်ချက်တွေကိုအထက်က ဖြည့်ဆည်းပေးနိုင်တာတွေ ဖြည့်ဆည်း ပေးမယ်။

နိဂုံးချုပ်အနေဖြင့် ဒီကနေ့ မိမိတို့ အစိုးရရဲ့ ရည်မှန်းချက်ဟာ ပြည်သူအများစု၏ ဆန္ဒဖြစ်သော တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်တယ်။

ဒါကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ပြည်တွင်းနိုင်ငံရေးတည်ငြိမ်အောင်၊ ပြည်ပဖိအားတွေ လျော့ပါးသွားအောင် စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးအောင်၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရင်းလူမှု စီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်း၊ လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးအတွက် ပြည်ပအရင်းအနှီးများ ဖိတ်ခေါ်ပြီးမိမိတို့ ပြည်သူများ အကျိုးရှိစေမည့် စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များထူထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက် နေတယ်။

အစိုးရ၏ ရည်မှန်းချက်များအောင်မြင်အောင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများမှလည်း မိမိတို့ လူမျိုးစုများနဲ့အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပါတယ်။

Ref:http://www.president-office.gov.mm/zg/briefing-room/news/2012/09/07/id-1201

No comments:

Post a Comment