
အဖမ်းခံရသော သတင်းကို ထုတ်လွှင့်ခဲ့ခြင်းနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်နေသည်ဟု ယူဆရသော ဆန္ဒပြသူများသည် အယ်လ်ဟာရာ ရုပ်မြင်သံကြား ဌာနသို့ အင်အားသုံး ဝင်ရောက်ကာ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် အဆောက်အအုံကို မီးတင်ရှို့ခဲ့သလို အနည်းဆုံး ဝန်ထမ်းတစ်ဦးကိုလည်း ရန်ပြုခဲ့ကြောင်း AFPက ဖော်ပြခဲ့သည်။
အခြားဝန်ထမ်းများမှာမူ ကိုယ်လွတ်ရုန်း ထွက်ပြေးနိုင်ခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ တနင်္ဂနွေနေ့က တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရုပ်မြင်သံကြား ဌာန၏ အစီအစဉ် ထုတ်လွှင့်မှုများလည်း ရပ်ဆိုင်းသွားခဲ့သည်။ ဘာနီဝါလစ် ဒေသရှိ မျိုးနွယ်စု တစ်ခုဖြစ်သော "ဝါဖယ်လာ"ဆိုသော အမည်ကို ကြွေးကြော်ခဲ့သော ဆန္ဒပြသူများသည် ကဒါဖီ၏ သားဖြစ်သူ ခါမစ်ကို ဘာနီဝါလစ်တွင် ဖမ်းဆီးရမိခဲ့သည့် သတင်းအား အယ်လ်ဟာရာ ရုပ်မြင်သံကြား ဌာနက သတင်းထုတ်ပြန်ခဲ့ခြင်းအပေါ် မကျေနပ်ဟု ယူဆရကြောင်း AFPက ဆိုသည်။
အဓိက အချက်မှာ ကဒါဖီ အစိုးရ လက်ထက်က တိုက်ပွဲဝင်ခဲ့သော ဘာနီဝါလစ်မှ တော်လှန်ရေး အင်အားစုများကို လက်ရှိ အစိုးရက မျက်ကွယ်ပြုထားသည့် သဘောမျိုး သက်ရောက်နေခြင်းကြောင့် သဘောထား ကွဲလွဲမှုများ ရှိနေခြင်းဟု သိရသည်။ ယင်းမတိုင်မီ တစ်ရက်ကလည်း လက်ရှိအစိုးရ လိုလားသူများနှင့် ဘာနီဝါလစ် ဒေသမှ ယခင်တော်လှန်ရေးသမားများ ပြဿနာ တက်ခဲ့ပြီး အနည်းဆုံး လူ(၂၆)ဦး သေဆုံးကာ လူ(၂၀၀)ကျော် ဒဏ်ရာရခဲ့သည်။ ဘာနီဝါလစ် တိုက်ခိုက်ရေး သမားများကို ထရီပိုလီရှိ လက်ရှိ အစိုးရက ရာဇဝတ်သားများဟု လူသိရှင်ကြား စွပ်စွဲကာ ကဒါဖီကို သစ္စာခံသူများအဖြစ် အပြစ်ဖို့ ပြောကြားထားသည်။
Source: AFP on GoogleNews
By Planet Myanmar Network
http://www.planet.com.mm/news/read.cfm/id/20157
Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
No comments:
Post a Comment