Monday 22 October 2012

 လူထုစိန်ဝင်း ပညာသင်ဆုရရှိသူ ၁၇ ဦးနှင့် ဆုရွေးချယ်ရေးအဖွဲ့ဝင်များ တွေ့ဆုံပွဲကျင်းပ


22mt1သတင်းစာဆရာကြီး လူထုစိန်ဝင်း ပညာသင်ဆုရရှိသူ ၁၇ ဦးနှင့် ဆုရွေးချယ်ရေးအဖွဲ့ဝင်များ တွေ့ဆုံပွဲအား အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပန်ဒါဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဆုရွေးချယ်ရေးအဖွဲ့ဝင် နာယကများဖြစ်သည့် ဆရာတော်အရှင်ဆေကိန္ဒ၊ ဟံသာဝတီဦးဝင်းတင်၊ ဆရာကြီးမောင်မိုးသူနှင့် ဆုရွေးချယ်ရေးအဖွဲ့ဝင်များ ကျောင်းသား၊ မိဘများ တက်ရောက်ခဲ့ပါသည်။

ပညာသင်ဆုလျောက်ထားသူ ၇၂ ဦးအနက်မှ ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်၊ နည်းပညာတက္က သိုလ် တက်ရောက်နေသူများနှင့် တက်ရောက်မည့်သူ ၁၇ဦးအား အထူးပြုရွေးချယ်ခဲ့ကြောင်း သိရှိရပါသည်။

ပညာသင်ဆုရရှိသူများအတွက် ထောက်ပံ့ငွေအဖြစ် ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများအတွက် လစဉ် ကျပ် ၇၀၀၀၀၊ နည်းပညာတက္ကသိုလ် ကျပ် ၅၀၀၀၀၊ သူနာပြု တက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊  တက်ရောက်နေသူများအတွက် ကျပ်၄၀၀၀၀နှင့် ပညာရေးကောလိပ် တက်ရောက် သူများအတွက် ကျပ် ၃၀၀၀၀ လစဉ် ထောက်ပံ့သွားမည်ဖြစ်သည်။

''ဆရာတော် ငယ်ဘ၀တုန်းကဆိုရင် ချဉ်ပေါင်ရွက်ကိုစားပြီး၊ ချဉ်ပေါင်ရိုးကို ပြန်စိုက်စားခဲ့ရတယ်။ အလုပ်ကြမ်းမှန်သမျ မလုပ်ဘူးတာ မရှိသလောက်ပဲ။ အခုသားတို့ သမီးတို့က ဆရာတော်လောက် နွမ်းပါးမယ် မထင်ဘူး၊ ဒါကြောင့် အခုလို ပညာသင်ဆုရတဲ့အချိန်မှာ အားလုံးအတွက် အများအတွက် အ ကောင်းဆုံး ကြိုးစားစေချင်ပါတယ်''  ဟု ဆရာတော် အရှင်ဆေကိန္ဒက မိန့်ကြားခဲ့ပါသည်။

ပညာသင်ဆုရရှိသူများ၏ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး  ထိခိုက်မှု၊ တိုးတက်မှုများအား ဆုရွေးချယ်ရေး အဖွဲ့ဝင်များမှ စဉ်ဆက်မပြတ် စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ဆုရွေးချယ်ရေး အဖွဲ့ဝင်၊ ဆရာကြီးလူထုစိန်ဝင်း၏ သမီးဖြစ်သူ ဒေါ်ချောအိဝင်းဇော်က ပြောကြားပါသည်။

'' ပညာသင်ဆုလျောက်တဲ့ သူတွေ အများကြီးထဲက သမီးကိုရွေးချယ်ခဲ့တာ အရမ်းပျော်ပါတယ်။ ဒီဆုရမှ ကျောင်းဆက်တက်နိုင်မှာမို့ သမီးအရမ်းလည်း ကျေးဇူးတင်ပါတယ်''ဟု ဆေးတက္ကသိုလ်တက်ရောက် မည့် အိမ်မဲမြို့နေ မပြုံးရွှေရည်မောင်က ပြောကြားခဲ့ပါသည်။

By Eleven Media Group

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment