Friday 19 October 2012

အရေးယူမှုအားနည်း၍ ကချင်လူငယ်များ မူးယစ်ဆေးသုံးစွဲနှုန်း မြင့်တက်နေ


ကချင်ပြည်နယ်ရှိ လူငယ်များအကြား၌ မူးယစ်ဆေးဝါးသုံးစွဲမှု အလွန်များပြားနေသော်လည်း မူးယစ်ဆေး သုံးစွဲသူများအား သက်ဆိုင်ရာရဲစခန်းများက

ခဏတာ ဖမ်းဆီးခေါ်ဆောင်ထားလေ့ရှိပြီး မိသားစုဝင်များမှ လာရွေးပါက ပြန်လွှတ်ပေးနေကြောင်း မိုးကောင်းဒေသခံများထံက သိရှိရသည်။

“ည(၁၂)နာရီအချိန်မှာ ဖမ်းသွားတာ နောက်နေ့ကြတော့ ပြန်လွှတ်ပေး
လိုက်တယ်၊ ပင်ဘောမှာက ဖမ်းပြီး လိုက်ပြီးတော့ ရွေးရင် ပြန်လွှတ်ပေး
လိုက်တာပဲ”ဟု မိုးကောင်းNLDလူငယ်တာဝန်ခံကိုကျော်မြိုင်က ပြောသည်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုတွင် တရားရုံး၌စစ်ဆေးခြင်းမပြုပဲ ရဲစခန်းမှ ပြန်လွှတ်ပေးပိုင်ခွင့် မရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ စခန်းမှူးတစ်ဦးထံက သိရသည်။

လက်ရှိတွင် ကချင်ပြည်နယ်အစိုးရအနေဖြင့်လည်း မူးယစ်တိုက်ဖျက်ရေး
လုပ်ငန်းများအား လုပ်ဆောင်လျှက်ရှိကြောင်းနှင့် ငြိမ်းချမ်းရေးပြီးပါက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဦးစားပေးဆောင်ရွက် သွား
မည်ဖြစ်ကြောင်း ကချင်ပြည်နယ်ပညာရေးဝန်ကြီးက ဆိုထားသည်။

မိုးကောင်းမြို့နယ် ပင်ဘောမြို့ အင်ကြင်းကုန်းကျေးရွာတွင် ယခုနှစ်
စက်တင်ဘာလ(၂၉)ရက်နေ့ ည(၁၂)နာရီ အချိန်က ကိုဖိုးထောင်သားနှင့်
ဦးတင်လင်းသား နှစ်ဦးအား ဘိန်းမဲများနှင့်အတူ လက်ဝယ်တွေ့ရှိမှုနှင့်
ဖမ်းဆီး၍ နောက်နေ့၌ ပင်ဘောရဲစခန်းက ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

မိုးညှင်းမြို့နယ်ဘီလူးမြို့တွင်လည်း ဆယ်ကျော်သက်လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှုာ အလွန်များပြား နေပြီး သက်ဆိုင်ရာရဲစခန်းများက ထိရောက်စွာဖမ်းဆီးမှုများ မရှိကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။

ထိုကဲ့သို့ ထိရောက်စွာဖမ်းဆီးမှု မပြုခြင်းကြောင့် လူငယ်များမှာ ပိုပြီးသုံးစွဲလာကြောင်း မြို့ခံများက ဆိုသည်။

“ဖမ်းလည်း မိဘတွေကစခန်းသွားပြီးလိုက်ရွေးလို့ ပြန်လွှတ်ပေးလိုက်တာပဲ၊ အဲဒါကြောင့်လူငယ်တွေ က သိပ်ပြီး မကြောက်တော့ဘူး”ဟု ဘီလူးမြို့ဒေသခံ
တစ်ဦးက ပြောသည်။

မိုးညင်းနည်းပညာကောလိပ်တွင် ကျောင်းတက်နေသည့် ကျောင်းသားများ
အကြားတွင်မူးယစ်ဆေးမသုံးစွဲလျှင် ခေတ်မမှီတော့သည့် အခြေအနေသို့
ရောက်ရှိနေကြောင်းကိုလည်း လူငယ်အသိုင်းအ၀ိုင်းက သိရသည်။

ကချင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် မူးယစ်ဆေးများကို အလွယ်တကူ
ဝယ်ယူ ရနေကြောင်း ကိုလည်း သိရှိရသည်။ လူငယ်များအကြား၌ ဘိန်းဖြူမှာ ဈေးချိုသောကြောင့် အဓိကထား အသုံးပြုခြင်းဖြစ်ကြောင်း ကိုလည်း သိရှိရသည်။ ယခုအခါကချင်ပြည်နယ်၌ မိန်းကလေးများပင် မူးယစ်ဆေးအသုံးပြုနေကြောင်း သိရသည်။

ဘိန်းဖြူများကို မြန်မာပြည်နယ်စပ် ပန်ဝါမြို့ အဓိက ၀င်ရောက်လျှက်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နှင့်မူဆယ်မြို့များမှလည်း ဖြန့်ဖြူး
နေကြောင်း ဒေသခံများက ဆိုသည်။

By Shwe MyitMakha Media Group

No comments:

Post a Comment