Friday 19 October 2012

သမ္မတဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌ ဂုဏ်ပြုတင်မြှောက်ခြင်းသာဖြစ်


ရန်ကုန်၊ အောက်တိုဘာ ၁၇

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ အဖြစ်ပြန်လည် ရွေးကောက် တင်မြှောက်ခြင်း
ခံရခြင်းမှာ ၎င်းအား ဂုဏ်ပြုသောအားဖြင့် ပြန်လည် ခန့်အပ်ခြင်း ဖြစ်ကြောင်း ပါတီတာဝန် ထမ်းဆောင်ရန် မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌဦးဌေးဦးက အောက်တိုဘာ ၁၇ရက် နေ့က ဗဟို ပါတီညီလာခံ ကျင်းပရာ အခမ်းအနား၌ ပြောကြားခဲ့သည်။

ဦးဌေးဦးက ““သမ္မတဆိုတာဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီတာဝန်ထမ်းဆောင်လို့ မရဘူးလေ။ သို့ပေမဲ့ ရာထူးယူလို့ရတယ်။ ဒီ Post  ကို Honourable ပေးတာပါ။ နဂိုကတည်းက ဥက္ကဋ္ဌပဲလေ။ဥက္ကဋ္ဌဖြစ်လို့ သမ္မတဖြစ်တာပဲ။ အခုအချိန်မှာလည်း သူ့ကိုထားတော့ဘာဖြစ်လဲ။ သူ့တာဝန်ကိုတော့ ဒုတိယဥက္ကဋ္ဌကလုပ် မှာပဲ။ သူကတော့ တာဝန်ယူလို့မရဘူးပေါ့။ ဒါကြီးပါဖြုတ်ပစ်ရမှာလား။ ဒီလိုသဘောမျိုးဆိုတာ မဟုတ်ပါဘူး””ဟုပြောသည်။

အဆိုပါညီလာခံတွင် ပါတီဥက္ကဋ္ဌနေရာတွင် သမ္မတဦးသိန်းစိန်ကို ရွေးချယ်တင်မြှောက်ခဲ့သော်လည်း ၎င်းသည် သမ္မတဖြစ်သောကြောင့် ပါတီတာဝန်ထမ်းဆောင်နိုင်ခြင်းမရှိဘဲ ဒုတိယဥက္ကဋ္ဌသူရဦး ရွှေမန်းက ဥက္ကဋ္ဌတာဝန်ကို တာဝန်ယူထမ်းဆောင်ရမည်ဖြစ်ကြောင်း မှတ်တမ်းတင်ခဲ့သည်။

ပါတီကိုယ်စားလှယ်တစ်ဦးက လည်း ““သမ္မတကို ဥက္ကဋ္ဌနေရာ ပေးတယ်ဆိုတာ သူ့ကိုဂုဏ်ယူလို့ Honour ပေးလို့ပြန်ခန့်တာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တော့တာဝန်ယူခွင့်မရှိဘူးပေါ့”ဟုပြောသည်။

၂၀၀၈ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း၃-နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အခန်းကဏ္ဍ ပုဒ်မ ၆၄တွင် ““နိုင်ငံတော်သမ္မတများသည် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင်နိုင်ငံတော် သမ္မတ သို့မဟုတ်ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ””ဟုပါရှိသည်။

ပါတီညီလာခံတတိယနေ့ဖြစ်သော အောက်တိုဘာ ၁၆ ရက်နေ့ ညနေတွင် ပြန်လည်ရွေးချယ်ပြီးသည့် ဗဟိုကော်မတီ ၀င်များတာဝန်ထမ်းဆောင်ကြောင်း ကတိသစ္စာဆိုခဲ့ကြသည်။

by Myanmartandawsint Newspaper

သစ်ထူးလွင်

No comments:

Post a Comment