Friday 19 October 2012

ဆေးမြီးတို မကျွေးသင့်တော့တဲ့ နာတာရှည် မြန်မာ့ပညာရေး


မြန်မာ့ပညာရေး အဆင့်အတန်း၏ လက်ရှိအနေအထားအပေါ် ထောက်ပြမှု၊ ဝေဖန်မှုနှင့် အကြံပြုမှုတို့က အစိုးရသစ်လက်ထက် တစ်နှစ်ခွဲအတွင်းမှာပင် ကျယ် ကျယ် လောင်လောင် ထွက်ပေါ်လာခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အသီးသီးကပင် မြန်မာ့ပညာရေး၏ အဆင့်အတန်း အင်မတန်နိမ့်ကျနေပါကြောင်း ထောက်ပြခြင်း၊ ဝေဖန်မှု တို့က နောက်ပိုင်းတွင် ပိုမိုပြင်း ထန်လာသည်။
ပုဂ္ဂလိက ဗစ်တိုးရီးယား တက္ကသိုလ်ကောလိပ် ဦးဆောင်ဖွင့်လှစ်ထားသူ ဦးနေဝင်းနိုင်က အစိုးရစိတ်ကြိုက် ပညာရေးလမ်းကြောင်းကိုသာ မြန်မာ့လူငယ်တို့ လျှောက် လှမ်းနေကြရသည်က မြန်မာ့ ပညာရေး လေဖြတ်သွားသည်ဟု ပြင်းပြင်းထန်ထန် စတင်ဝေဖန် ထောက်ပြလိုက်သည်။
မြန်မာ့ပညာရေး အဆိုးအကောင်းအား ယခင်ကထောက်ပြ ဝေဖန်ရန် မဝံ့ရဲခဲ့ကြသော ပါးစပ်ပိတ်နေခဲ့သည့် ပညာရှင်ဟု ဆိုရလောက်သူတို့က ယခုအချိန်တွင် အချက် အလက်များနှင့်အတူ တိတိ ကျကျ ထောက်ပြပေးကြသည်။
(ရန်ကုန်၊ မန္တလေးတက္ကသိုလ် နှင့်မော်လမြိုင် ကောလိပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အဏုမြူ စွမ်းအင်ဌာန၊ ညွှန်ကြားရေးမှူး ချုပ်ဟောင်းဖြစ်သည့် ဒေါက်တာ တင်လှိုင်က) အစိုးရဘက်မှ မြန်မာ့ ပညာရေး ပြုပြင်ရန်လုပ်ဆောင် နေကြသော်လည်း လက်ရှိ မြန်မာ့ ပညာရေးပုံစံမှာ ပြိုပျက်နေသော အိမ်ဟောင်းကြီးတစ်လုံးနှင့် တူနေသည့်အတွက် ဟိုနားတစ်ခုထည့် ဒီနားတစ်ခုထောက်ဖြင့် ဆောင်ရွက်မည်ဆိုပါက အခြေအနေမဟန် ကြောင်းလည်း ပုဂ္ဂလိက ၏ မြန်မာ့ ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင် ရာ ဆွေးနွေးပွဲအတွင်း ထည့်သွင်း ပြောကြားခဲ့ဖူးသည်။
”အခုပညာရေးက အားလုံးသိ တဲ့အတိုင်းပဲ မူကြိုကနေPh.D အထိကိုပြင်ရမှာ စနစ်သစ်တစ်ခုကို ကူးပြောင်းရမှာ၊ အခု အစိုးရက လည်း ပြောင်းလဲဖို့အသိရှိနေတော့ စနစ်တကျ ပုံစံကိုဆွဲပြီး လုပ်သင့်ပါ ပြီ။ အခွင့်လည်း ရနေပါပြီ”ဟု ယင်းပုဂ္ဂိုလ်ကမှတ်ချက်ပြုသည်။
ယင်းသို့လုပ်ဆောင်ရာတွင် အစိုးရပိုင်းမှ သီးခြား၊ ပုဂ္ဂလိကပိုင်းမှလည်း သီးသန့်အနေအထားဖြင့် ပညာရှင်တို့ဖြင့် အပြိုင်အဆိုင် ဆွေးနွေးနေခြင်းဖြစ်၍ နှစ်ဖက် မျက်နှာ ချင်းဆိုင် တွေ့ဆုံခြင်း မရှိ သေးပေ။
ရန်ကုန် ပညာရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ်၊ ဒေါက်တာခင်ဇော်က ”နှစ်ဖက်တွေ့နိုင်ရင် ပိုကောင်းတာပေါ့။ အခုက တစ်ဖက်နဲ့တစ်ဖက် မတွေ့နိုင်တော့ အကျိုး ဖြစ်သင့်သလောက် မဖြစ်ဘူး ဖြစ် နေတယ်”ဟု လက်ရှိ အနေအထား ကို ရှင်းပြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်က နိမ့်ကျနေသော မြန်မာ့ပညာရေးကို မြှင့်တင်လိုသည့် ဆန္ဒရှိကြောင်း အတိအလင်းပြောကာ ပညာရေး မြင့်လာပါက နိုင်ငံမှာ အဘက်ဘက် မှ ပြည့်စုံလာနိုင်မည်ဟု မှတ်ချက် ပြုခဲ့သည်။
အစမ်းသပ်ခံမြေစမ်း ခရမ်းပျိုး ပညာရေးစနစ်ကို နိုင်ငံက ကျင့်သုံးနေပုံ ပေါက်နေသည်ဟု လက်ရှိ တာဝန်ထမ်းဆောင်ဆဲ တက္ကသိုလ်ဆရာအများစုက မှတ်ချက်ပြု ထားပြီး ပညာရေးဝန်ကြီး ဌာန၏ သြဇာအာဏာလွှမ်းမိုးမှုကို တက္ကသိုလ်ပညာရေးကဏ္ဍ၌ လျှော့ ချစေလိုနေကြသည်။
ရန်ကုန်တက္ကသိုလ် ရူပဗေဒ ဌာနမှဒေါက်တာကျော်သန်းမိုးက ”အိမ်နီးချင်းနိုင်ငံတွေနဲ့  ယှဉ်ပြိုင် နိုင်ဖို့ဆိုရာမှာ တက္ကသိုလ် တွေကို  လွတ်လွတ်လပ်လပ်ခွင့်ပေးမှပဲ ရမယ်” ဟု ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း အဆင့်မြင့်ပညာကဏ္ဍအပေါ် ၄င်း၏ရှုမြင်ချက်ကို ထုတ်ဖော်ပြောဆိုရာတွင် လက်ရှိတက္ကသိုလ်များ အား နေပူပူ၊ လယ်ကွင်းများ၊ ထန်းရည်ဆိုင်များနှင့် လောင်းကစားဝိုင်းများကြား ပို့ထားပစ်မှုကို မကောင်းပါဟု ဝေဖန်ခဲ့သည်။
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီအတွင်းရေးမှူး ဒေါက်တာမြဦးက မြန်မာ့ပညာရေးကို တိုးတက်အောင် လုပ်ရန်ရှိပြီး အမျိုးသားပညာရေး ဥပဒေကြီး တစ်ရပ်ပေါ်ထွက်လာရန် ဆန္ဒရှိပါကြောင်း ပြောထားသည်။
ပညာရှင်များနှင့်ဆောင်ရွက်နေမှုကို ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေသော်လည်း ပညာရှင်တို့ကို မည်သို့ရွေးချယ်ခေါ်ယူ ထားပါသလဲဆိုသည်ကို မေးခွန်း ထုတ်လိုသူများ ရှိနေကြသည်။
ဒေါက်တာတင်လှိုင်က”ပညာရှင်ကို ဘယ်လိုသတ်မှတ်ထားလဲ သေသေချာချာ မသိဘူးဖြစ်နေ တယ်” ဟု ပြောသည်။
ပညာရေးဝန်ကြီးဌာနကမူ ပြည်ပ အဖွဲ့အစည်းများနှင့် ပြည်တွင်း အဖွဲ့အစည်းများတွဲကာ အဆင့်မြင့်ပညာကဏ္ဍအပြင် အခြေခံကဏ္ဍ သက်မွေးပညာကျောင်း ပြင်ပ ပညာရေး၊ မသန်စွမ်း ပညာရေးနှင့် ဘုန်းတော်ကြီးသင် ပညာရေးစသည်တို့ကို လေ့လာဆန်းစစ်မှုကို ပြုလုပ်နေသည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုမှုကို ယခုနှစ် လယ်ပိုင်းက ပြုလုပ်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း လူငယ်များ မတော်၍ မတတ်၍မဟုတ်ဘဲ ပညာရေးကြောင့်သာ ညံ့ဖျင်းသွားခဲ့ရကြောင်း နှင့် အခြေခံပညာရေးစနစ်မှာလည်း ကလေးငယ်များအတွက် အမှန်တကယ်ပညာပေးသည့် အခြေအနေမဟုတ်ပါကြောင်း သူမ၏အမေရိကန်ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲ ၌ ထည့်သွင်းပြောဆို သွားခဲ့သည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ၄င်းအနေဖြင့် အထက်ပိုင်းဒေသအချို့ရှိ စာသင်ကျောင်းများသို့ ရောက်ခဲ့စဉ်က ကလေးများကျောင်းတွင် မရှိဘဲ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ရောက်ရှိနေ၍ ရွာအမှု ဘုန်းကြီးပတ်နေကြောင်း ပြောသည်။
လက်ရှိအခြေအနေတွင် အစိုးရကရေးဆွဲမည့် ပညာရေးမူကြမ်းအား ချပြခြင်း လူထုပါဝင်မှုပေးခြင်း၊ အစိုးရကပညာရေး အသုံးစရိတ် ပိုမိုချပေးခြင်းစသည့် အမှန် တကယ် တတ်သိနားလည်သော ပညာရှင်များနှင့်အတူ ပညာရေး မြှင့်တင်မှုကို ပြုလုပ်မှသာရမည်ဟု ပညာရှင်အများစုကထောက်ပြနေပြီဖြစ်သည်။
ကျောင်းများ၏ နံရံထက်တွင် ‘ပညာမြင့်မှ လူမျိုးတင့်မည်’ဟူသော ဆောင်ပုဒ်ကတော့ ယခင်အတိုင်းရှိနေဆဲသာ။

မင်းသုအောင်၊ ညွန့်ဝင်း

By Popular Myanmar News Journal

No comments:

Post a Comment