Friday 12 October 2012

မြန်မာကျောင်းသားများ လက်တွေ့ပိုင်း အားနည်း၊ ဘွဲ့လက်မှတ်များ အသုံးဝင်မှုအပေါ် ယုံကြည်မှု လျော့နည်း၊ အရည်အချင်း ပြည့်မီသည့် ဝန်ထမ်းများ မွေးထုတ်ရန်လို


မြန်မာကျောင်းသားများ အနေဖြင့် လက်တွေ့ ဆောင်ရွက်မှုပိုင်းတွင် အားနည်းလျက် ရှိကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု(FDI)များ ဝင်ရောက်လာနေပြီဖြစ်သည့်အပြင်
မြန်မာနိုင်ငံမှ ရရှိသည့်ဘွဲ့လက်မှတ်များ၏ အသုံးဝင်မှုအပေါ် ယုံကြည်မှုလျော့နည်းသည် ကို တွေ့မြင်နေရခြင်းကြောင့် မိမိတို့အနေဖြင့် ပုဂ္ဂလိကနှင့် ဌာနဆိုင်ရာ များတွင် အရည်အချင်းပြည့်မီသည့် ဝန်ထမ်းများပိုမိုမွေးထုတ်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ CVT Myanmar အသက်မွေးမှုသင်တန်းကျောင်း
၏ လျှပ်စစ်ကျွမ်းကျင် သင်တန်း ဆိုင်ရာ ဆွေးနွေးပွဲတွင် လျှပ်စစ်ဝန်ကြီး
ဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း)တစ်ဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ် အားနည်းမှုနှင့် စပ်လျဉ်း၍ “ကျောင်းက သင်ပေးတဲ့ပညာက ဘယ်သောအခါမှ ပြည့်စုံလုံလောက်ပြီလို့ မရှိပါဘူး” ဟု အဆိုပါ ဦးခင်မောင်ဆွေက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

ပညာရေးဆိုသည့် ရင်းနှီးမြှုပ်နှံမှုတွင် အစိုးရဘက်မှ ရင်းနှီးမြှုပ်နှံမှုနှင့် ကာယကံရှင်နှင့် ယင်း၏မိသားစုများမှ ရင်းနှီးမြှုပ်နှံမှုများဟူ၍ နှစ်မျိုး ရှိသည်။ ကျောင်းသား အများစုသည် မိမိကိုယ်တိုင်ကျောင်းသို့
ပေးသွင်းရမည့် အခကြေးငွေသည် အကယ်၍ ထိုကျောင်းသို့ မတက်ရောက်ပါက မိမိလုပ်အားဖြင့် ဝင်ငွေရှာနိုင်မည် ဖြစ်သည့် အချက် အပေါ် မျှော် လင့်ချက်ထားကာ လုပ်ငန်းခွင် ဝင်ရောက်လေ့ ရှိကြောင်း၊ အထူးသဖြင့် နယ်ကျောင်းသားအများစုသည် ယင်းသို့ တွေးတောလေ့ ရှိကာ ကျောင်းမှ နုတ်ထွက်(drop out)မှုများ ရှိကြောင်း CVTမှ လျှပ်စစ် ကျွမ်းကျင် သင်တန်း ဌာနမှူးဖြစ်သူက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

နိုင်ငံတော်မှ သင်တန်းပြီး လက်မှတ် ပေးသည့် အကယ်ဒမစ် ပညာရေး တတ်မြောက် သင်ကြားရန် လိုအပ်သကဲ့သို့ လက်တွေ့လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိမှသာလျှင် လက်တွေ့လုပ်ငန်းခွင်တွင် အဆင်ပြေစွာ လုပ်ဆောင် နိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ လုပ်ငန်းခွင် ကျွမ်းကျင်သင်တန်းကျောင်းများအနက် ရန်ကုန်မြို့၊ ကမ်းနားလမ်း၊ အမှတ် ၄၈ ရှိ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းချုပ်ရုံး အဆောက်အဦ၊ ၃ လွာရှိ CVT အသက်မွေးမှု အတတ်ပညာ သင်ကျောင်းတွင် စီးပွားရေးပညာ အထောက်အကူပြု သင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု အထောက်အကူပြုသင်တန်း၊ ပရိဘောဂ ပြုလုပ်မှု သင်တန်း၊ ဟိုတယ်နှင့်ဧည့်ဝတ်ပြုမှုဆိုင်ရာ အတတ်ပညာ သင်တန်း၊ သတ္တုပစ္စည်း ထုတ်လုပ်မှု အတတ်ပညာသင်တန်းတို့ကို ၂ဝဝ၂ ခုနှစ်မှစတင်ကာ အခမဲ့သင်ကြားပေးလျက်ရှိပြီး လျှောက်ထားလိုသူ
များသည် လက်တွေ့တွင် သင်ကြားလိုသည့် ဘာသာရပ်နှင့် ဆက်စပ်သည့် လုပ်ငန်းခွင် ဝင်ရောက်သူ ဖြစ်ရမည့်အပြင် တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် ၃ နှစ် တက်ရောက်သင်ကြား ရမည်ဖြစ်သည်။

ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ အတတ်ပညာ သင်တန်းကို ၂ဝ၁၂ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြု ဒီပလိုမာလက်မှတ် ချီးမြှင့်နိုင်ခဲ့ပြီဖြစ်ကြောင်း CVT
ကျောင်းမှ ပြည်သူ့ ဆက်ဆံရေး တာဝန်ယူထားသူ ဦးညီညီက မြန်မာ
အင်ဒီပဲန်ဒင့်သို့ ပြောသည်။

အသိပညာ ရဖို့အတွက် ငွေကြေးရှိရန် လိုအပ်သည့် ယခုအချိန်ကာလတွင်
ငွေကြေးအခမဲ့ အသက်မွေးဝမ်း ကျောင်း သင်တန်းများ ဖွင့်လှစ်ရန် လိုအပ်လျက်ရှိကြောင်း၊ နိုင်ငံအတွင်းရှိ ပဋိပက္ခများ ဖြစ်ပွားရာ ဒေသများ တွင်လည်း အသက်မွေးမှုဆိုင်ရာ ပညာရပ်များ သင်ကြားပေးရန် ပိုမိုလိုအပ်မည် ဖြစ်ကြောင်း ဦးညီညီက ဆက်လက် ပြောကြားသည်။

CVT သင်တန်းကျောင်းသည် ဆွစ်ဇာလန်နိုင်ငံသား Mr.Max-O.Wey တည်ထောင်ခဲ့သည့် အစိုးရ မဟုတ်သော အဖွဲ့အစည်း သင်တန်းကျောင်း တစ်ခု ဖြစ် သည်။

By Myanmar Independent News Journal

No comments:

Post a Comment