Saturday 27 October 2012

ရဲ လေးချက် နှင့် အညီ


မှားမှန်အဖြစ် စိစစ်ရဲစေ၊
မှားအမှန် ဝေဖန်သိရဲစေ၊
မှားမှန်ဝေခွဲ ပြောရဲကြစေ၊
အမှားလှန် အမှန်ကျင့်ရဲစေ။

ဒီနေ့ဖြူတယ်ထင်လို့ ““အဖြူ””လို့ပြော ခဲ့တဲ့ကိစ္စဟာ ပြန်လည်ဆင်ခြင်သုံးသပ် တဲ့အခါ ““အမည်း””ဖြစ်နေတာတွေ့လျှင် ““အမည်း””လို့ ပြင်ဆင်ပြောရမှာပါပဲ။ မိမိ စကားမပျက်စေလိုတဲ့အတွက် ““အဖြူ””လို့ ဇွတ်မှိတ်မငြင်းလိုဘူး။
(အဘိဓဇမဟာရဋ္ဌရု၊ ဆဋ္ဌသင်္ဂီတိ၊ သံဃမဟာနာယက၊ မစိုးရိမ်ဆရာတော် ဘုရားကြီး)ပြောကြားခဲ့တာဖြစ်ပါတယ်။
ဘယ်ကိစ္စမဆို မိမိပြောဆိုလုပ်ကိုင် တဲ့ကိစ္စတစ်ခုကို တစ်စိုက်မတ်မတ်ပြော တတ်၊ လုပ်တတ်သူကို ““စိုက်လိုက်မတ် တတ်သမား””ဆိုတာနဲ့ ပတ်သက်လို့ ကာ ယကံအရှင် အနေနဲ့ဖြစ်စေ၊ ပြောသူများ အနေနဲ့ဖြစ်စေ၊ တချို့က အကောင်းထင် လို့မှတ်ပြီး ““မင်းတို့စကားမိုးကြိုးသွား”” ထွက်ပြီးသား ဆင်စွယ်ဝင်တယ်မရှိဘူး”” ဆိုပြီး ““ဘူးဆိုဖရုံမသီး””စတဲ့ စကားပုံများ နဲ့ ဖြည့်စွက်ဂုဏ်ယူတတ်ကြတယ်။ ““ကျား ကျား မီးယပ်သမား၊ အမေမှာတဲ့ဆန်တစ် ခွဲ သုံးစိတ်နဲ့မလဲ၊ ဂျို(ချို)ကုတ်လက်ကိုင် မလွတ်””စတဲ့ စကားပုံများနဲ့ အကြောင်း ပြုပြီး အဆိုးအပြစ်ရှုမြင်သုံးသပ်တာ လည်းရှိတယ်။
ပုထုဇဉ်တို့ရဲ့ အမြင်ဆိုတာ ကြိုက်၊ မကြိုက်ဆိုတဲ့ ခံစားမှုကိုသာ စံထားဆုံး ဖြတ်လေ့ရှိတာမို့ ယုတ်္တိတန်မှန်စတမ်း၊ အပြောသန် နိုင်စတမ်းလို့ပဲဆိုရပေမဲ့၊ ““စကားကို နှစ်မျိုးမပြောသူ၊ တစ်မျိုးသာ အမှန်ပြော၊ အမှန်ပြောသော်လည်း အကျိုးရှိတာသာ ပြောဆိုသူဟာ သဗ္ဗညု တဘုရားရှင်တို့သာလျှင် ဖြစ်ပါတယ်””။
ဆဋ္ဌသင်္ဂါယနာတင်စဉ်က သင်္ဂါယ နာ ဂိုဏ်းပေါင်းစုံ ၀န်ဆောင်သံဃဥက္ကဋ္ဌ၊ သံဃမဟာနာယက ညောင်ရမ်းဆရာ တော်ဘုရားကြီး ပျံလွန်တော်မူပြီးနောက် သံဃဥက္ကဋ္ဌအသစ် တင်မြောက်ဖို့ကိစ္စ ပေါ်ပေါက်လာတော့ အစည်းအဝေးကြွ ရောက်လာကြတဲ့ ဆရာတော်အများစုနဲ့ အစိုးရပိုင်းအရာရှိများက မစိုးရိမ် ဆရာတော်ဘုရားကြီးကို ဥက္ကဋ္ဌအသစ် တင်မြောက်ရန် အားလုံးလောက်နီးပါး သဘောတူ အဆိုပြုကြတယ်။
မန္တလေးက ထင်ရှားတဲ့ ဆရာတော် တစ်ပါးကတော့ သူကိုယ်တိုင်ဥက္ကဋ္ဌဖြစ်ဖို့ မျှော်လင့်ချက်ထားနေတဲ့အတွက် မစိုးရိမ် ဆရာတော်ဘုရားကို သဘောမတူချင် ဘူး။ ဒါကြောင့်-
မစိုးရိမ်ဆရာတော်ဟာ ဒီနေ့ ““အဖြူ”” လို့ ပြောထားတဲ့ကိစ်္စကို နောက်နေ့မှာ ““အမည်း””လို့ ပြောချင်ပြောတတ်တယ်။ ဥက္ကဋ္ဌရာထူးနဲ့မထိုက်တန်ဘူး။ ဥက္ကဋ္ဌဆို တာ စိတ်ထားတစ်သမတ်တည်းရှိဖို့လို အပ်တယ်။ မိမိက ““ဖြူတယ်””လို့ ပြော ထားတဲ့ကိစ္စတစ်ရပ်ကို ဘယ်သူကလာ ပြောပြော ““မည်းတယ်””လို့ ပြောလဲ မပြောဆိုသင့်ဘူးလို့ ပြောဆို ကန့်ကွက် လာတယ်။
အဲဒီဆရာတော်ရဲ့ စွပ်စွဲကန့်ကွက် ချက်နဲ့ပတ်သက်ပြီး မစိုးရိမ်ဆရာတော် ဘုရားကြီးက- ““ဥက္ကဋ္ဌတင်မြှောက်၊ မတင် မြှောက်လိုက နေ၊ ဒီနေ့ဖြူတယ်လို့ ““ဖြူ တယ်””လို့ပြောခဲ့တဲ့ကိစ္စရပ်ဟာ ပြန်ပြီး ဆင်ခြင်သုံးသပ်လိုက်တဲ့အခါ ““အမည်း”” ဖြစ်နေတာတွေ့လျှင် ““အမည်း”လို့ ပြင် ဆင်ပြောဆိုရမှာပဲ၊ အမည်းမှန်းသိလျက် နဲ့ မိမိစကားမပျက်စေလိုတဲ့အတွက် ““အဖြူ””လို့ ဇတ်မှိတ်မငြင်းလိုဘူး။ မင်းတို့ စကား မိုးကြိုးသွား၊ ထွက်သွားသားဆင် စွယ် ၀င်တယ်မရှိဆိုတဲ့ စကားရပ်များကို တရားသေကျင့်သုံးလိုက်နာခဲ့တဲ့အတွက် အမှားမှားအယွင်းယွင်းဖြစ်ခဲ့ရတာတွေ ရာဇ၀င်မှာ အထင်အရှားတွေ့နိုင်တယ် ဆိုပြီး ပြန်လည်ချေပပြောဆိုခဲ့ပါတယ်။ နောက်တော့ မစိုးရိမ်ဆရာတော်ကြီးကိုပဲ ဆဋ္ဌသင်္ဂီတိသံဃဥက္ကဋ္ဌ သံဃမဟာနာယ ကအဖြစ် တင်မြှောက်ကြပါတယ်။ (မစိုး ရိမ်ထေရုပ္ပတ်္တိ-စာ ၁၅၁)
ဆရာတော်ကြီးရဲ့ စကားဟာ လောကအကျိုး၊ သာသနာ့အကျိုးကို လို လားတဲ့သူတော်ကောင်းတို့ရဲ့ အရိုးသား ဆုံးစရိုက်၊ လက္ခဏာဖြစ်ပါတယ်။ မှန်ပါ တယ်။ စကားကို နောက်တစ်ခါထပ်ပြီး ပြင်စရာမလိုအောင် တစ်ခါတည်းနှင့် ပြောနိုင်စွမ်းရှိတဲ့ပုဂ်္ဂိုလ်ဆိုတာ တရား အားလုံးကို အမှန်သိမြင်တဲ့ သဗ္ဗညုတ မြတ်စွာဘုရားရှင်တို့ အရာသာဖြစ်ပါ တယ်။ သဗ္ဗညုတဘုရားရှင်မှတစ်ပါး၊ ဘယ်ပုဂ်္ဂိုလ်မဆို စကားအရာမှာ အမှား ပါတတ်ကြပါတယ်။ အရေးကြီးတာက တော့ အမှားကို အမှားမှန်းသိဖို့နဲ့ သိပြီး ရင် အမှန်ပြင်ဆင်လက်ခံရဲဖို့ ဖြစ်ပါ တယ်။
အမှားကို အမှားမှန်းမသိ၊ သူတစ် ပါးထောက်ပြပြုပြင်ပေးတာကိုလည်း လက်မခံဘဲ၊““ငါ့စကားသာ အမှန်၊ တခြား စကားအလကား””လို့ တရားသေဆုပ် ကိုင်ထားရှိသူများဟာ တစ်ဖက်စွန်းကျ ပြီး မှားယွင်းတဲ့အယူရှိသူများသာဖြစ်ပါ တယ်။ လောကကြီးအတွက် အကျိုးမရှိ ဘူးပေါ့။
မြတ်စွာဘုရားအလောင်းတော်ဘ၀ ပါရမီဖြည့်ကျင့်ခဲ့တဲ့ လမ်းတစ်လျှောက် လုံးမှာ ““စိုက်လိုက်မတ်တတ်””ဆိုတာနဲ့ပတ် သက်လို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက် ဆိုပြီး နှစ်မျိုး၊ နှစ်စားခြားနားတာကို သတိ ပြုသင့်ပါတယ်။ သဗ်္ဗညုတဉဏ်ရရှိရေး အတွက် ပါရမီတော်တွေ ဖြည့်ကျင့်ခဲ့တဲ့ လေးသင်္ချေကမ္ဘာတစ်သိန်း ကာလတစ် လျှောက်လုံး သဗ္ဗညုတဉာဏ်တော်ရရှိ ရေးဆိုတဲ့ ရည်ရွယ်ချက်ကို ဘယ်တော့မှ မပြောင်းလဲဘူး။ စိုက်လိုက်မတ်တတ် ဖြည့်ကျင့်ခဲ့ပါတယ်။
လုပ်ဆောင်ချက်နဲ့ပတ်သက်လို့ကျ တော့ အမှားနဲ့အမှန်ပဲ ဝေဖန်ပိုင်းခြားပြီး အမှန်ဘက်ကိုသာ ပြောင်းလဲကျင့်သုံး တော်မူခဲ့တာပါ။ နောက်ဆုံးဘ၀ တော ထွက်ပြီး တရားရှာတယ်။ ပထမဆုံး အာဠာရ ရသေ့ထံမှာ နည်းနာခံကြည့် တယ်။ နောက် ဥဒကထံရောက်တော့ လည်း သဗ်္ဗညုတဉဏ်တော်ကို မရောက် နိုင်တာသိတာနဲ့ ထပ်မံစွန့်ခွာပြန်တယ်။ ဒါဟာ အခုအဖြူ၊ ခုအမည်းဆိုပြီး ပြောင်း  လဲတယ်လို့ မဆိုနိုင်ပါဘူး။ မိမိကျင့်သုံး နေတဲ့ လမ်းစဉ်ဟာ မိမိရည်မှန်းချက်နဲ့ မကိုက်ညီဘူးဆိုရင် သတ်္တိရှိရှိစွန့်ခွာပြောင်း လဲရမည်။ ယောက်ျားမြတ်တို့ရဲ့ တိကျ ပြတ်သားတဲ့လုပ်ဆောင်ချက်သာဖြစ်ပါ တယ်။
ဒီလို စွန့်ခွာပြောင်းလဲပြီး ရည်မှန်း ချက်မရောက်မချင်း မလျော့တဲ့ ဇွဲလုံ့လနဲ့ ကြိုးစားရှာဖွေအားထုတ်ခဲ့လို့သာ သဗ္ဗညု တဉာဏ်တော်ကို ရရှိခဲ့တာပါ။
အလားတူ လက်ဝဲရံ၊ လက်ယာရံ အလောင်းတော်များဖြစ်တဲ့ ဥပတိဿနဲ့ ကောလိတတို့ဟာလည်း သိဉ္ဇဉ်းဆရာ ကြီးထံတပည့်ခံပြီး ရဟန်းအဖြစ်နဲ့ နေကြ တဲ့အခါ သူတို့ရဲ့ ဉာဏ်ရည်၊ ဉာဏ်စွမ်းကို ကြည့်ပြီး သိဉ္ဇဉ်းဆရာကြီးက ပရိသတ် ကို လွှဲအပ်ပြီး မြှောက်စားခဲ့ကြပေမဲ့ သူ တို့ကျင့်သုံးတဲ့ လမ်းစဉ်မမှန်သိတာနဲ့ သိဉ္ဇဉ်းဆရာကြီးကို စွန့်ခွာပြီး အရှင် အဿဇိမထေရ်နဲ့ တရားနာလို့ သောတ ပန်ဖြစ်ပြီး လက်ဦးဆရာဖြစ်တဲ့ သိဉ္ဇဉ်း ဆရာကြီးကို ပြန်ခေါ်ပါတယ်။
သိဉ္ဇဉ်းဆရာကြီးကတော့ လိုက်ဖို့ ငြင်းပယ်ခဲ့ပါတယ်။ ဒီဆရာကြီးကတော့ ရည်ရွယ်ချက်ကို အလေးမထားဘဲ မိမိရဲ့ လုပ်ဆောင်နေတဲ့ ၀ါဒလမ်းစဉ်နဲ့ မိမိရရှိ ထားတဲ့ ဂိုဏ်းဆရာကြီးအဆင့်ကိုသာ စိုက်လိုက်မတ်တတ်စွဲကိုင်ထားတဲ့အတွက် ရည်မှန်းချက်မပြီးမြောက်ခဲ့ပါဘူး။ အဂ္ဂ သာဝကအလောင်းတော်ကြီးများက လာ ခေါ်တဲ့အခါ သူပြောလိုက်တဲ့ စကားက တော့ ““သင်တို့လိမ္မာတဲ့ဂေါတမမြတ်စွာ ဘုရားထံ သွားလိုကသွားကြ။ ငါကတော့ အိုးစရည်းကြီးဖြစ်ပြီးမှ လက်ခံအိုးငယ် ပြန်မဖြစ်လိုတော့ဘူး။ ဒီမှာပဲ နေတော့ မယ်တဲ့”” ကိုယ်ကတဲ့ပွဲက မျောက်ပွဲလောက် ဖြစ်နေနေ ကိုယ့်ဇာတ်မှာမင်းသားဖြစ်နေ ပြီးမှ သူများဇာတ်ကို ပြောင်းပြီး ကားဆွဲ ဘ၀က ပြန်မစချင်တော့ဘူးဆိုတဲ့သဘော  မျိုးပါပဲ။ စိုက်လိုက်မတ်တတ်မထားသင့် တာကို ထားမိတဲ့အတွက် သိဉ္ဇဉ်းဆရာ ကြီးဟာ ဇာတ်သိမ်းမလှခဲ့ပေဘူးပေါ့။
ယခုဖြစ်ရပ်ကို သုံးသပ်ကြည့်တဲ့အ ခါ မစိုးရိမ်ဆရာတော်ဘုရားကြီး မိန့်ကြား တဲ့စကားဟာ လောကအကျိုး၊ သာသနာ တော်အကျိုးအတွက် ဆောင်ရွက်သူမှန် သမျှ မိမိတို့ရဲ့ ကောင်းမြတ်တဲ့ ရည်မှန်း ချက်ကို  စိုက်လိုက်မတ်တတ်ထားကြပြီး လုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက်များနဲ့ ပတ်သက်လို့ကတော့ ယောက်ျားကောင်း အာဇာနည်များမှာ ရှိသင့်တဲ့ ““ရဲ””လေး ချက်နှင့်အညီ အမြဲမပြတ်ဝေဖန်ပိုင်းခြား ပြပြင်ရဲကြဖို့ လိုအပ်တယ်လို့ သဘော ပေါက်မိပါတယ်။
ဒါကြောင့် ယောက်ျားမြတ် အာဇာ နည်များမှာရှိရမယ့် ““ရဲ””လေးချက်နဲ့အညီ ကတော့ -
မှားမှန်အဖြစ် စိစစ်ရဲစေ၊
မှားအမှန် ဝေဖန်သိရဲစေ၊
မှားမှန်ဝေခွဲ ပြောရဲကြစေ၊
အမှားလှန် အမှန်ကျင့်ရဲစေ။
လို့ ဖြစ်ပါတယ်ဗျာ….။

မြို့မစန်း (ဖန်ခါးမြေ)

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment