Saturday 27 October 2012

 ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူရာ၌ အထောက်အကူဖြစ်စေရန် ၂၀၁၃ခုနှစ်တွင် မြို့နယ် ၂၀တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမည်


thn-10-27-1၂၀၁၄ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာ၌ အထောက်အကူဖြစ်စေရန် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံအနှံ့ရှိ မြို့နယ် ၂၀တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားခဲ့သည်။        

အဆိုပါ စမ်းသပ်သန်ခေါင်စာရင်းကို ၂၀၁၃ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီ ၁၀ရက်နေ့အထိ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရန် ရွေးချယ်ထားသည့် မြို့နယ် ၂၀ခုတို့တွင် တစ်ပြိုင်နက်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၇ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနရုံးတွင်ပြုလုပ်သော  စမ်းသပ်သန်းခေါင်စာရင်းကောက် ယူနိုင်ရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက'' သန်ခေါင်းစာရင်း ကိန်းဂဏန်းတွေ တိကျမှုရှိခြင်းဟာ နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးပါတယ်။တိုင်းပြည်ရဲ့ အရေးကြီးတဲ့စီမံကိန်းတွေဆောင်ရွက်ရာမှာ တိကျတဲ့သန်းခေါင်စာရင်းရှိမှသာ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်မှာပါ။အိမ်ထောင်စုစာရင်းကောက်ခံတာမဟုတ်ပါဘူး သန်းခေါင်စာရင်းကောက်ခံတာပါ။ ဒီအပေါ်မှာ အခြေခံပြီးတော့ တိုင်းပြည်ရဲ့စီမံကိန်းတွေကို အောင်မြင်အောင်လုပ်ဆောင်ဖို့ရည်ရွယ်တာပါ။အခုလိုသန်းခေါင်စာရင်းကောက် ခံတဲ့အခါ ပြည်သူတွေပူးပေါင်းပါဝင်ဆောင်ရွက်စေချင်ပါတယ်။  သန်းခေါင်စာရင်းကောက်တယ်ဆိုတာ အခွန်ကောက်ဖို့တို့ဘာတို့အတွက်မဟုတ်ပါဘူး။အခု စမ်းသပ်ကောက်ခံမှုမှာကြုံတွေ့ရမယ့် အခက်အခဲတွေ၊အတွေ့အကြုံတွေကိုအသုံးချပြီး လာမယ့် ၂၀၁၄မှာပြုလုပ်မယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်တဲ့အခါ အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သွားမှာပါ။ ဒီလိုသန်းခေါင်စာရင်းတွေကောက်ခံဖိုအတွက် နိုင်ငံခြားသားပညာရှင်တွေအပြင် နိုင်ငံသားပညာရှင်တွေရော အရင်က ကောက်ယူမှုပြုလုပ်ခဲ့တဲ့ စာရွက်စာတမ်းတွေကိုပါ ကိုးကားပြီး လုပ်ဆောင်ထားတာဖြစ်ပါတယ်''ဟု ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၌ ဟိုးယခင်မြန်မာဘုရင်များလက်ထက်က သန်းခေါင်စာရင်းကောက်ခံမှုများပြုလုပ်ခဲ့ကြောင်း လွတ်လပ်ရေးရပြီးချိန်မှစ၍ ၁၉၇၃ခုနှစ်တွင် တစ်ကြိမ် ၁၉၈၃ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်သာပြုလုပ်ခဲ့ဖူးကြောင်းနှင့်  အကြောင်းအမျိုးမျိုးကြောင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုမပြုလုပ်နိုင်ခဲ့တာ နှစ်ပေါင်း ၃၀ နီးပါးရှိပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။                          

၂၀၁၃ခုနှစ်တွင် စမ်းသပ်သန်း ခေါင်စာရင်းကောက်ခံမှုပြုလုပ်သွား မည့် မြို့နယ်များမှာ မြစ်ကြီးနား၊လွိုင်ကော်၊မြ၀တီ၊ဟားခါး၊တမူး၊ထားဝယ်၊ရွှေကျင်၊မကွေး၊ချမ်းအေးသာဇံ၊ မိုးကုတ်၊မော်လမြိုင်၊ကျိုက်ထို၊စစ်တွေ၊ရွှေပြည်သာ၊လမ်းမတော်၊ညောင်ရွှေ၊မူဆယ်၊တာချီလိတ်၊မြောင်းမြ၊ ငပုတော စသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ခုမှ မြို့နယ်များဖြစ်ကြောင်း သိရသည်။                                    ထိုသို့သန်းခေါင်စာရင်းကောက်ယူရာ၌ နေမြဲအရပ်တွင် ကောက်သည့်နည်းနှင့် တွေ့သည့်နေရာ တွင်ကောက်သည့်နည်းများအနက် တွေ့သည့်နေရာတွင်ကောက်သည့်နည်းဖြင့် သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သန်းခေါင်စာရင်း ကောက်ယူရာ၌ မေးခွန်း ၄၁ ခုအား မေးမြန်းမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အိမ်ထောင်ဦးစီး သို့မဟုတ် အိမ်နှင့်ပတ်သက်သည့်အကြောင်းအရာများကို ပြောနိုင်သည့်သူတစ်ဦးမှ ပြန်လည်ဖြေကြားနိုင်ကြောင်းသိရသည်။

ထို့ပြင် ၂၀၁၃ခုနှစ် စမ်းသပ် သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အသိပညာပေးမှုများကို စာပေ၊ဂီတနှင့်ရုပ်သံ၊ရေဒီယိုများမှ တစ်ဆင့်ပြုလုပ်သွားမည်ဖြစ်ကြောင်း  ၂၀၁၄ခုနှစ်ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူရာ၌တွင်မှု နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အသိပညာပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

By Eleven Media Group

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment