Sunday 9 September 2012

ကမ္ဘာ့နံပါတ် ၁ ကား ကုမ္ပဏီတိုယိုတာ မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် ပြင်ဆင်နေပြီး စက်မှုလုပ်ငန်းသုံး မော်တော်ယာဉ်များ စတင်တင်သွင်းရောင်းချမည်


ကမ္ဘာ့နံပါတ် ၁ မော်တော်ကား လုပ်ငန်းဖြစ်သော တိုယိုတာကား ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၀င် ရောက်ရန်ပြင်ဆင်နေပြီး စက်ရုံအလုပ်ရုံသုံး မော်တော်ယာဉ်များစတင်
တင်သွင်းရောင်းချမည်ဖြစ်ကြောင်း Toyota Tsusho Corporation ထံ မှ သတင်းရရှိပါသည်။

“လုပ်ငန်းသုံး မော်တော်ယာဉ်တွေကို ပထမဆုံး တင်သွင်းသွားမှာပါ။ အခု မြန်မာစီးပွားရေး လုပ်ငန်းတွေရဲ့ စက်ရုံအလုပ်ရုံတွေကို စစ်တမ်းကောက်နေတယ်”ဟု Toyota Tsusho Corporation မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

တိုယိုတာအုပ်စုအပါအ၀င် နိုင်ငံခြားလုပ်ငန်းများ အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် အတည်ပြု ပြဋ္ဌာန်းချိန်တွင် စောင့်ဆိုင်းလျက်ရှိကြောင်းနှင့် လက်ရှိအချိန်တွင် တိုယိုတာအုပ်စုဝင် Toyota Tsusho Corporation သည် မြန်မာကုမ္ပဏီအချို့နှင့် ချိတ်ဆက်ပြီး စက်မှုလုပ်ငန်းသုံး မော်တော်ယာဉ်များ စတင်တင်သွင်း ရောင်းချနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။



Toyota Tsusho Corporation သည် Toyota အုပ်စုတစ်ခုလုံး ၏ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ရုံးခွဲဖွင့်လှစ်ထားသည်။

တိုယိုတာအုပ်စုအနေဖြင့် စက်ရုံအလုပ်ရုံသုံး Forklift များကို စတင် တင်သွင်း ရောင်းချသွားမည်ဖြစ်ပြီး Cushion Tire Lift Truck ၊ Pneumatic Tire Lift Truck ၊ Rider Lift Truck ၊ Pallet Truck ၊ Walkies Stracker? Reach Truck ၊ Order Picker ၊ Hand Pallet Truck စသည့်ယာဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“အခုလို တိုယိုတာ Forklift မြန်မာဈေးကွက်ထဲ ကိုယ်တိုင်ဝင်လာဖို့ ပြင်ဆင်တာ ကြိုဆိုပါတယ်။ လောလောဆယ်တော့ သူတို့က စက်ရုံတွေကိုဝင်ပြီး စစ်တမ်းပဲကောက်သေးတာ။ လုပ်ငန်းရှင်တွေကတော့ စိတ်ဝင်စားကြပါတယ်”ဟု သာကေတစက်မှုဇုန်မှ စက်ရုံတာဝန်ခံတစ်ဦးက ထင်မြင်ချက်ပေးပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုအများအပြား ၀င်ရောက်ရန် အလားအလာကောင်းများ ရှိနေပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ ၀င်ရောက်လာပါက စက်မှုလုပ်ငန်းသုံး မော်တော်ယာဉ်ဈေးကွက် ကြီးထွားလာမည် ဖြစ်ကြောင်းနှင့် လက်ရှိမြန်မာနိုင်ငံတွင် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ ထုတ်လုပ်သော Forklift များအသုံးများနေကြောင်း သိရပါသည်။

တိုယိုတာအုပ်စုသည် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏လုပ်ငန်းများကို ကဏ္ဍအသီးသီးတွင် တိုးချဲ့ ဆောင်ရွက်သွားရန် ပြင်ဆင်နေပြီး  ၎င်းသည် မြန်မာနိုင်ငံတွင်လူကြိုက်  အများဆုံး ဂျပန်အမှတ်တံဆိပ် တစ်ခုလည်းဖြစ်ပါသည်။

တိုယိုတာအုပ်စုတွင် လုပ်ငန်း ၁၅ခုပါဝင်ပြီး Toyota Motor North America Toyota  Canada Inc ၊ Toyota Motor North America ၊ Toyota Tsusho ၊ Daihatsu Motor Company ၊ Hino Motors ၊ Lexus ၊ Scion ၊ DENSO ၊ Toyota Industries ၊ Aisin Seiki Co ၊ Fuji Heavy Industries ၊ Isuzu Motors ၊ PT Toyota  Astra Motor? PT Toyota Motor Manufacturing Indonesia တို့ဖြစ်ပါသည်။

By Myanmar Car Market

No comments:

Post a Comment