Saturday, 15 September 2012

ရခိုင်ပြည်နယ်၌ မြန်မာနှင့် အင်ဒိုနီးရှား ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်မည်

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုများကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် လူမှုကရုဏာ လုပ်ငန်း များ ဆောင်ရွက်ရန် ကူညီထောက်ပံ့မှုများကို အင်ဒိုနီးရှား
ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက ပြောသည်။ အဆိုပါ ကူညီထောက်ပံ့မှုများတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၌ ဘေးဒုက္ခဆိုင်ရာ တုံ့ပြန်ဖြေရှင်းရေး၊ ပြန်လည် ထူထောင်ရေးနှင့် လူငယ်နှင့် စေတနာ လုပ်အားရှင်များအား စီမံခန့်ခွဲခြင်းနှင့် စပ်လျဉ်းသော ရေတို-ရေရှည် စီမံကိန်းများ၊ လုပ်ငန်းစဉ်များတွင် ငွေကြေးနှင့် နည်းပညာပိုင်းဆိုင်ရာများ ပါဝင်မည်ဟု ၄င်းက ယခုလ ၈ ရက်နေ့က ချက်ထရီယမ်ဟိုတယ်၌ ပြုလုပ်သော သဘောတူညီချက် လက်မှတ်ရေးထိုးပွဲတွင် ပြောသည်။ အင်ဒိုနီးရှား ကြက်ခြေနီအသင်းဥက္ကဋ္ဌ မစ္စတာ ယူစွတ်ကာလာက ကူညီထောက်ပံ့မှုများသည် နိုင်ငံရေးအရ ရည်ရွယ်ခြင်း မဟုတ်ဘဲ လူသားချင်းစာနာ ထောက်ထားမှုအရ လှူဒါန်းခြင်းဖြစ်သည်ဟု ပြောသည်။ “ဘေးဒုက္ခတွေကတော့ နေ ရာတိုင်းမှာ ကြုံတွေ့နေရမြဲပါ။ သဘာဝဘေးတွေနဲ့ လူတွေကြောင့်ဖြစ်တဲ့ ဘေးတွေဆိုပြီး ရှိပါတယ်။ လူတွေကြောင့်ဖြစ်တဲ့ ဘေးတွေကို လူအချင်းချင်းကြားမှာ သဟဇာတဖြစ်အောင် ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်” ဟု ၄င်းကပြောသည်။ အင်ဒိုနီးရှား ကြက်ခြေနီအသင်းသည် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် အစီအစဉ်နှစ်ရပ် ဖြစ်သည့် အရေးပေါ် လိုအပ်သည်များကို ကူညီထောက်ပံ့ခြင်း လုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု အဆိုပါအသင်း၏ အတွင်းရေးမှူးချုပ် မစ္စတာဘူဒီအာ ဒီပူထရိုက ပြောသည်။ “အရေးပေါ် ကူညီထောက်ပံ့ရေး လုပ်ငန်းတွေကို သုံးလကနေ ခြောက်လအထိ ဆောင်ရွက် မှာဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို သုံးနှစ်သက်တမ်းနဲ့ ဆောင်ရွက်သွားပါမယ်” ဟု ၄င်းက ပြောပြ ခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

By Khitlunge

No comments:

Post a Comment