Friday 28 September 2012

မိမိသည် ပြယုဂ်တစ်ခု မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား


အမေရိကန်ပြည်ထောင်စုသို့ ၁၇ ရက်ကြာအလည်အပတ်ရောက်ရှိနေသော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်သည် နာမည်ကျော် ဟားဗတ်တက္ကသိုလ်ရှိ Kennedy School of Government ကျောင်းသို့သွားရောက်၍ တက္ကသိုလ်ကျောင်းသားများအားမိန့်ခွန်းပြောကြားရာတွင် မိမိသည် ပြယုဂ်တစ်ခုမဟုတ်ဟု ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြထားသည်။

”ကျွန်မကို ပြယုဂ် အနေနဲ့ရည်ညွှန်းပြောဆိုတာကို ကျွန်မမနှစ်သက်ပါဘူး၊ဘာလို့လဲဆိုတော့ ကျွန်မအမြင်အရ ပြယုဂ်ဆိုရင် ဘာမှမလုပ်ဘဲ ထိုင်ရုံပဲထိုင်နေမှာပေါ့” ဟု ၎င်း၏ဟောပြောပွဲကိုတက်ရောက်လာကြသော တက်ကြွများပြားသည့်ပရိသတ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ခြင်းဖြစ်သည်။

”ကျွန်မကို အလုပ်လုပ်သူအဖြစ်သာမြင်စေချင်ပါတယ်၊အလုပ်ကြိုးစားမှုကို ကျွန်မအလွန်ယုံကြည်ပါတယ်၊ကျွန်မအကျယ်ချုပ်နဲ့အဖမ်းခံနေရတုန်းမှာတောင်မှ စည်းစနစ်ရှိတဲ့ဘဝအဖြစ်နဲ့နေထိုင်နိုင်ဖို့ ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့ပါတယ်၊ကျွန်မကို အလုပ်ကြိုးစားလုပ်သူအဖြစ်ပဲမြင်စေချင်ပါတယ်”ဟု ၎င်းကပြောကြားသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုသို့ ၁၇ ရက်ကြာအလည်အပတ်ခရီးသွားရောက်ရာ၌ အမေရိကန်သမ္မတအိုဘားမားနှင့်တွေ့ဆုံခဲ့သည်။

ထို့ပြင် သူမ၏ ဒီမိုကရေစီနှင့်လွတ်လပ်မှုမြှင့်တင်ရေးအတွက် ကြိုးပမ်းမှုကိုအသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်ကွန်ဂရက်လွှတ်တော်က ချီးမြင့်သော Congressional Gold Medal ဆုကိုလည်း လက်ခံရယူခဲ့သည်။

အဆိုပါတက္ကသိုလ်၌ဟောပြောရာတွင် အရှေ့တောင်အာရှနိုင်ငံများသည် လွတ်လပ်သောလူ့အဖွဲ့အစည်းဖြစ်ရန် ခရီးရှည်ကြီးကိုလျောက်လှမ်းရဦးမည်ဖြစ်သည်ဟုလည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။

”လွတ်လပ်ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းမှာ တာဝန်ယူမှုရှိတဲ့နိုင်ငံသာတစ်ယောက်အစ်အမှန်ဖြစ်လာဖို့ဆိုရင်၊လွတ်လပ်တဲ့လူ့အဖွဲ့အစည်းမှာ လွတ်လပ်မှုရှိတဲ့နိုင်ငံသားတစ်ယောက်အဖြစ်ပြုမူနေထိုင်ဖို့လိုအပ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

By The Voice Weekly

No comments:

Post a Comment