Monday 3 September 2012

ဇိမ်ခံတက်တဲ့အပေါ်ထပ် ကိုအရင်ပြင်ပါ


ကျွန်တော်သည် ဦးစီးဌာန  တစ်ခု၏ အမှုထမ်းအဖြစ်နှစ်ပေါင်း (၄၀)နီးပါးခန့် တာဝန်ထမ်းဆောင် ခဲ့ပြီး လွန်ခဲ့သည့် (၆)လခန့်မှစ၍ ပင်စင်ခံစားနေသူဖြစ်ပါသည်။ ကျွန်တော်၏ ၀န်ထမ်းတာဝန်
ထမ်းဆောင်ခဲ့သောအချိန်အတွင်း  (၈၈)ခုနှစ်နောက်ပိုင်း နှစ်များမှ စ၍ အဂတိလိုက်စားမှုများ ဌာန ဆိုင်ရာအဆင့်ဆင့်တို့တွင် ပိုမို လာသည်ကို ကိုယ်တွေ့ကြုံရပါ သည်။ အသေးစားအဂတိလိုက် စားမှုများမှာ အောက်ခြေ၀န်ထမ်း အဆင့်ဆင့်တို့တွင် ကင်းရှင်းသူ နည်းပါးလှပါသည်။ ကျွန်တော် သည် လုပ်ပိုင်ခွင့် အနည်းငယ်ရှိ သောနေရာများတွင် တာဝန်ယူခဲ့ ရသူဖြစ်၍ အဂတိလိုက်စားမှု မကင်းရှင်းခဲ့ပါ။ နိုင်ငံတော်သမ္မတ ကြီး      ပြောကြားသည့်အတိုင်း အောက်ခြေအဆင့်ဆင့်တွင်အဂတိ လိုက်စားမှုများ နေရာတိုင်းနီးပါး ရှိနေသေးကြောင်း ပြောကြား သည်မှာ သွေးထွက်အောင်မှန် ကန်လှပါသည်။ သို့သော်အောက် ခြေ၀န်ထမ်း  အဆင့်ဆင့်တို့၏ အဂတိလိုက်စားရခြင်းများသည် အကြောင်းအမျိုးမျိုးရှိနိုင်ကြောင်း၊ ကျွန်တော်၏ ဌာနဆိုင်ရာအတွေ့ အကြုံများအရ အနည်းငယ်မျှ ဖောက်သည်ချလိုပါသည်။
ကျွန်တော်တို့ အောက်ခြေ ၀န်ထမ်းများ တာဝန်ခံရသည့် အဆင့်များမှာ ပထမ မြို့နယ် တာဝန်ခံ (ဒုဦးစီး/ဦးစီးအရာရှိ)၊ ဒုတိယ ခရိုင်တာဝန်ခံ(ဦးစီးအရာ ရှိ/လက်ထောက်ညွှန်မှူး)၊ အဆင့် ဆင့်တာဝန်ခံရပါသည်။
အထက်တွင် တင်ပြခဲ့သည့် အတိုင်း၊ ကျွန်တော်သည် ဦးစီး ဌာနတစ်ခု၏ လုပ်ပိုင်ခွင့် အနည်း ငယ်ရရှိသူတစ်ဦးဖြစ်၍ အထက် အဆင့်ဆင့် ပုဂ္ဂိုလ်တို့နှင့် ပတ် သက်၍ လိုအပ်ချက်များကို တတ် နိုင်သမျှ ဦးစီးမှူး (ဌာနတာဝန်ခံ) နှင့်တွဲ၍ ဆောင်ရွက်ရသူဖြစ်ပါ သည်။ ကျွန်တော်တို့ နယ်ဘက် ၀န်ထမ်းများတွေ့ကြုံခဲ့ရသော၊ တွေ့ကြုံနေဆဲဖြစ်သော ဖြစ်စဉ် များထဲမှ အကြောင်းအရာတစ်ခု ကို တင်ပြလိုပါသည်။ ကျွန်တော် တို့ဌာနသည် တိုင်းဒေသကြီးတစ် ခု၏ မြို့နယ်ရုံးဆိုင်ရာ မြို့တစ် မြို့တွင်တည်ရှိပါသည်။
ထိုအဆင့်အကြီးအကဲမှ ဌာနဆိုင်ရာတာဝန်ဖြင့် ရုံးချုပ် (နေပြည်တော်)အစည်းအဝေး သွားလျှင်ဖြစ်စေ၊ ကိုယ်ရေးကိုယ် တာဖြင့် ခရီးသွားလျှင်ဖြစ်စေ၊ ထိုပုဂ္ဂိုလ်သွားမည့်လမ်းကြောင်း ပေါ်တွင်ရှိသော မြို့နယ်များမှ အသင့် စောင့်ဆိုင်းကြိုဆိုရန် ကြို တင်အကြောင်းကြားထားပြီး ဖြစ် ပါသည်။
ထိုအဆင့်အကြီးအကဲနှင့် အဖွဲ့သည် တိုင်းရုံး၊ ရုံးစိုက်ရာမြို့ မှ နံနက်(၇)နာရီခန့်တွင် ကိုယ်ပိုင် ကား(သို့)ဌာနပိုင်ကား(သို့)ကားငှား ၍ ထွက်ခွာလာပြီး (ကားငှားလာ လျှင် ကားငှခအား မြို့နယ်များမှ ကျခံရမည်ဖြစ်ပါသည်) နံနက်စာ စားသည့်အချိန်နှင့် အချိန်ကိုက် နီးကပ်သည့်မြို့တွင် ပထမဦးစွာ ၀င်ရောက်၍ (ဌာနဆိုင်ရာ အလုပ် ကိစ်္စအကြောင်းပြလျက်)နားပါ သည်။
တိုင်းအဆင့်အကြီးအကဲနှင့် အဖွဲ့၏ နံနက်စာကို အဆိုပါမြို့ နယ်မှ မြို့နယ်တာဝန်ခံနှင့် အမှု ထမ်းများက တာဝန်ယူ၍ (အမှု ထမ်းငယ်များ၊ မိမိတို့အိမ်တွင် ကိုယ်တိုင်ဝယ်ယူစားသုံးရန် မတတ် နိုင်သော) နံနက်စာကို ဂါရ၀ ပြု ကြွေးမွေးရပါသည်။ ထိုမြို့နယ်မှ ထွက်ခွာလာပြီး နံနက်(၁၀၊၁၁) နာရီခန့်တွင် ရောက်ရှိမည်။ မြို့ နယ်တွင်း ခေတ်္တ၀င်ရောက်အနား ယူပါသည်။ ၎င်းမြို့မှ ဆေးလိပ်၊ အအေး၊ မုန့်ပဲသွားရေစာ ဒေသ ထွက်အစားအစာတို့ဖြင့် ဖွယ်ရာ စွာ ဧည့်ခံပြုစုကြွေးမွေးရပါသည်။ ထိုမြို့မှ ထွက်ခွာလျှင် ၎င်းတို့အဖွဲ့ စီးနင်းလာသည့်မော်တော်ယာဉ်ကို လည်း ဓာတ်ဆီ(သို့)ဒီဇယ် ဂါလံ (၃)ဂါလံမှ (၅)ဂါလံပုံမှန် ထည့် ပေးလိုက်ရပါသည်။
ထိုပုဂ္ဂိုလ်ကြီးအဖွဲ့နှင့်ဌာန ဆိုင်ရာကားသည် မွန်းတည့် (၁၂) နာရီ (၁၂း၃၀)ခန့်အချိန်တွင် ရောက်ရှိမည်။ မြို့နယ်မှ အရာရှိ နှင့် အမှုထမ်းများက အသင့်(ရို သေစွာ)ကြိုဆိုရပြီး နေ့လည်စာ မသုံးဆောင်မှီ ကျွန်တော်တို့ အောက်ခြေ၀န်ထမ်းငယ်များတစ် ကြိမ်တခါမျှ မသောက်ဖူးသော မသောက်ရသော မသောက်နိုင် သော (ဘလပ်လေဗယ်၊ ၀ှိုက်လေ ဗယ်)စသော အဖိုးတန်အရက် တစ်မျိုးမျိုးကို ၀န်ထမ်းငယ်များ တစ်ကြိမ်တစ်ခါမျှ ၀ယ်ယူမစား သုံးနိုင်သော အဆင့်မြင့် ဟင်းလျှာ များမှာယူ၍ ဧည့်ခံကျွေးမွေးရပါ သည်။ အကြီးအကဲနှင့် အဖွဲ့သွား ရောက်မည့်လမ်းကြောင်းပေါ်ရှိ မြို့နယ်များမှ အချိန်နှင့်လိုက် လျောညီစွာ သင့်တော်ရာတို့ဖြင့် ဧည့်ခံကြွေးမွေးခြင်း၊ မော်တော် ယာဉ်ဆီဖြည့်ပေးခြင်းအစရှိသဖြင့် လိုအပ်သည်များလုပ်ကိုင် ဆောင် ရွက်ရပါသည်။
အကြီးအကဲပုဂ္ဂိုလ်ကြီး၏ အပြန်ခရီးတွင်လည်း အသွား လမ်းကြောင်းအတိုင်း မြို့နယ်များ မှ တာဝန်ယူဆောင်ရွက်ခြင်း သာမက၊ မိမိတို့မြို့နယ်မှ ထွက်ရှိ သော ဒေသထွက်ကုန် ဥပမာ (ငါးရံ့ခြောက်၊ ၀က်အူချောင်း၊ နှမ်းဦးဆီ၊ မြေပဲဆီသန့်ပေါ်ဆန်း မွှေးဆန်)အစရှိသည်တို့ကို ဂါရ၀ ဖြင့်မော်တော်ယာဉ်ပေါ်အရောက် တင်ပို့ပေးရပါသည်။ ထိုကဲ့သို့ သော ခရီးစဉ်များမှာ တစ်လလျှင် တစ်ကြိမ်နှစ်ကြိမ်သို့မဟုတ်နှစ်လ လျှင် နှစ်ကြိမ်သုံးကြိမ်လည်းဖြစ် တတ်ပါသည်။ ထိုပုဂ္ဂိုလ်ကြီး၏ ဇနီးခရီးစဉ်။ သားခရီးစဉ်တို့ရှိပါ သည်။ ၎င်းင်းတို့ကိုလည်း ကြိုဆို ဧည့်ခံထမင်းကြွေး၊ ဆီထည့်အစ ရှိသည့် တာဝန်များကိုလည်း အပိုဆုအဖြစ် တာဝန်ထမ်းဆောင် ရပါသည်။
တိုင်းအဆင့်အကြီးအကဲ သာမက၊ ဒု/တိုင်းအဆင့် ခရီး လမ်းကြောင်းကိုလည်း အထက် ပါအတိုင်း ဆောင်ရွက်ရပါသည်။ ခရိုင်အဆင့်ပုဂ်္ဂိုလ်၏ ခရိုင်တွင်း ခရီးစဉ်တွင်လည်း အထက်ပါ နည်းလမ်းအတိုင်း ဆောင်ရွက်ရ သည်သာဖြစ်ပါသည်။ တစ်နှစ် လျှင် တစ်ကြိမ်နှစ်ကြိမ်ခန့် အထက်အဆင့်မှပုဂ္ဂိုလ်ကြီးများ လုပ်ငန်းကိစ္စများဖြင့် လာရောက် လျှင်လည်း အထက်ပါနည်းလမ်း အတိုင်း ဆောင်ရွက်ရသည့်အပြင် တိုင်းအစီအစဉ်ဖြင့် မြို့နယ်ခွဲတမ်း သတ်မှတ်နှုန်းထားများ ထည့်ဝင် ဂါရ၀ ပြုကြရပါသည်။ ထို့ကြောင့် လစဉ်မြို့နယ်များ၌ လကုန်ရက် တွင် လပတ်အစည်းအဝေးလုပ် ကိုင်၊ တစ်လကုန်ကျစရိတ် ပြုစု ပြီး မြို့နယ်တာဝန်ခံမှ သင့်တင် စွာကုန်ကျခံပြီး ကျန်လိုငွေကို ၀န် ထမ်းများမှ စုပေါင်းကျခံရပါ သည်။ မြို့နယ်တာဝန်ခံမှာ လစာ များပြီး အရပ်ရပ်ဝင်ငွေပိုသဖြင့် မထောင်းသာသော်လည်း အောက်  ခြေ၀န်ထမ်းများမှာ ကျန်ရှိသော လစာဖြင့် မလောက်ငနိုင်တော့ ပါ။ ထိုလိုအပ်ချက်အား အောက် ခြေ၀န်ထမ်းများမှ အဂတိလိုက် စားခြင်းဖြင့် ဖြေရှင်းကြပါသည်။
နိုင်ငံ့တာဝန်ထမ်းဆောင်သူ အချင်းချင်း အထက်အဆင့်ဆင့် ပုဂ်္ဂိုလ်တို့အား ထိုကဲ့သို့ပြုမူဆက် ဆံရန်မလိုအပ်ဟု စောဒကတတ် လိုပါက တတ်နိုင်သော်လည်း ထိုသို့ မလုပ်ဆောင်ပါက ထိုမြို့ မှ မြို့နယ်တာဝန်ခံနှင့် အမှုထမ်း များအဖို့ စာရင်းဇယားဖြင့်လည်း ကောင်း၊ မနိုင်ဝန်ထမ်းခိုင်းခြင်း ဖြင့်လည်းကောင်း၊ အစည်းအဝေး များတွင် ပြင်းထန်စွာ ဆဲဆိုကြိမ်း မောင်း၊ မာန်မဲခြင်းဖြင့်လည်း ကောင်း၊ ပြောင်းမည်၊ ဖြုတ်မည် ရာထူးချမည်ဟူသော ခြိမ်းခြောက် အရေးယူမှုများ ကြုံတွေ့ရမည် ဖြစ်ပါသည်။
အထက်ပါအကြောင်းအရာ တို့မှာ အောက်ခြေ၀န်ထမ်း အ ဆင့်ဆင့်တို့၏ ဌာနတွင်းဘ၀၌ ကြုံတွေ့ရသည့် ဖြစ်စဉ်များထဲမှ အကြောင်းအရာတစ်ခုမျှသာဖြစ် ပါသည်။ ထို့ထက် မကသော အကြောင်းများစွာရှိပါသည်။ သို့ ရာတွင် ဌာနဆိုင်ရာတိုင်း ထိုဖြစ် စဉ်မျိုးရှိချင်မှရှိမည်ဖြစ်သော်လည်း ဌာနအများစု၌ အထက်ပါ ဒုက္ခ မျိုး၊ တစ်မျိုးမဟုတ်တစ်မျိုးရှိသည် သာဖြစ်ပါသည်။
ကျွန်တော့်အနေဖြင့် အကြံ ပြုလိုသည်မှာ အောက်ခြေ၀န် ထမ်းများ၏ အဂတိလိုက်စားခြင်း ကင်းရှင်းစေလိုပါက အထက်အ ဆင့်ဆင့်အရာထမ်းတို့၏ ဗျူရိုက ရက်တစ်ဆန်သော စိတ်ဓာတ် များကို ဦးစွာပြင်ဆင်ရန် လိုအပ် သည်ဟု ထင်မြင်ယူဆမိပါသည်။ အဆင့်ဆင့်သော အရာထမ်း အကြီးအကဲတို့မှ တက်ကြွနိုးကြား သနားသည်းခံ၊ ဝေဖန်ထောက်ရှု ဟူသော နာယက ဂုဏ်ခြောက် ပါးကို အပြည့်အ၀ လိုက်နာကျင့် သုံးနိုင်ပြီဖြစ်ပါက အောက်ခြေ ၀န်ထမ်းငယ်များ၏ အဂတိလိုက် စားမှုများ ထက်ဝက်ခန့် လျော့ နည်းသွားမည်ဟု ထင်မြင်မိပါ ကြောင်း တင်ပြအပ်ပါသည်။

ပင်စင်စားတစ်ဦး

By Hot News Weekly

No comments:

Post a Comment