Thursday 16 August 2012

ပြင်သစ်အနုပညာရှင် ကိုယ်တိုင် အခမဲ့ပို့ချမည့် သရုပ်ဆောင်သင်တန်း


မြန်မာနိုင်ငံမှ ဝါသနာရှင်များအတွက် အခမဲ့သင်ကြားပို့
ချပေးမည့် သရုပ်ဆောင်သင်တန်းများအား (၂၅)ရက်
တိုင် ပြင်သစ်နိုင်ငံ Drama School မှ ပညာရှင်တစ်ဦးက မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးတွင် သင်ကြားပို့
ချပေးမည်ဖြစ်သည်။


သင်ကြားပို့ချပေးမည့် ဘာသာရပ်များမှာအခြေခံနှင့်အဆင့်မြင့်သရုပ်ဆောင်အတတ်ပညာများ ဖြစ်ပြီး ပြင်သစ် Drama School မှ Mr. Thierry Bleu က သြဂုတ်လ (၂၁)ရက်နေ့မှ စတင်၍ သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ပြည်ပမှပထမအကြိမ်အဖြစ် အခြေခံနှင့် အဆင့်မြင့်သရုပ်ဆောင်သင်တန်းအား အခမဲ့လာရောက်ပို့ချပေးခြင်းဖြစ်သည်ဟု မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

''သူ့စရိတ်နဲ့သူလာပြီး အခမဲ့သင်ကြားပေးမှာပါ။ စာရွက်စာတမ်းကြေးတွေ ဘာတွေပဲ ကုန်ကျမယ်။ သင်တန်းအချိန်လည်း သတ်မှတ်ထားပြီးပြီ။ သင်တန်းကိုနှစ်မျိုးတော့ ခွဲထားတယ်။ လျှောက်တဲ့သူ တွေထဲကနေ ရွေးချယ်ပြီး သင်တန်းပေး သွား မှာဖြစ်တယ်''ဟု မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ ဦးအေးကြူလေးက ပြောသည်။

သင်တန်းအားတက်ရောက်လိုသူ (၂ဝဝ)ဦးဝန်းကျင် လာရောက်လျှောက်ထားပြီး အဆိုပါ လျှောက် ထားသူများထဲမှ စီစစ်ရွေးချယ်ကာ အခြေခံသရုပ်ဆောင်သင်တန်းအတွက် (၃ဝ)ဦး၊ အဆင့်မြင့် သရုပ်ဆောင်သင်တန်းအတွက် (၃ဝ)ဦးရွေးချယ် သင်ကြားပေး မည်ဖြစ်သည်။

သရုပ်ဆောင်ပညာအတွက်လိုအပ်သော  စိတ်သွင်းခြင်း၊ကိုယ်နေဟန်ထားအမူအယာများ၊ အခြေခံသရုပ်ဆောင်သင်တန်းအတွက် မျက်နှာသစ်(သရုပ်ဆောင်မလုပ်ဖူးသူ)များ၊ အဆင့်မြင့် သရုပ်ဆောင်သင်တန်းအတွက် သရုပ်ဆောင်လောကထဲမှ သင်တန်းသားများ (သရုပ်ဆောင် သင်တန်းတက်ဖူးသူ)အား ရွေးချယ်မည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

''အပြင်မှာတက်ရင် တစ်လကို တစ်သိန်း၊ နှစ်သိန်းလောက်ပေးရတာ။ အခုက အခမဲ့ဆိုတော့ အများကြီးကောင်းတာပေါ့။ ပြီးတော့ သူများနိုင်ငံက ပညာရှင်က လာသင်ပေး မှာဆိုတော့ သူတို့ရုပ်ရှင်လောကနဲ့ ပတ်သတ်ပြီးတော့လည်း အများကြီးလေ့လာလို့ ရတာပေါ့ ''ဟု အခြေခံသရုပ်ဆောင်သင်တန်းအတွက် ပုံစံလာဖြည့်သူတစ်ဦးက ပြောသည်။

မြန်မာ့ရုပ်ရှင်အစည်းအရုံးအနေဖြင့် နိုင်ငံခြားသရုပ်ဆောင်ပညာရှင်များမှ သင်ကြားပေးရန် ကမ်းလှမ်း လာပါက သရုပ်ဆောင် သင်တန်းများအား ထပ်မံဖွင့်လှစ် သင်တန်းပေးသွားမည် ဖြစ်သည်။    

(မြစ်မခ)

ရွှေမြန်မာ

No comments:

Post a Comment