Thursday 16 August 2012

တရုတ်နိုင်ငံထုတ် ဆေးဝါးတုများအား အာရှတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများသို့ အများဆုံးတင်ပို့ကြောင်း ထုတ်ပြန်

လူ့အသက် အန္တရာယ်ကိုပါ ထိခိုက်စေသည့် ငှက်ဖျားဆေး အပါအ၀င် တရုတ်နိုင်ငံထုတ် ဆေးဝါးအတုများကို အာရှတွင် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံများသို့ အများဆုံး တင်ပို့နေကြောင်း နိုင်ငံတကာ သတင်းများအရ သိရပါသည်။ တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ဆေးဝါးတု ထုတ်လုပ်မှု
အမြင့်ဆုံးနိုင်ငံ ဖြစ်ကြောင်းကိုလည်း အမေရိကန် အခြေစိုက် IMS Health မှ ထုတ်ပြန်ထားသည်။ IMS Health မှာ အမေရိကန်အပြင် ကနေဒါ၊ ဂျပန်၊ တရုတ်၊ လက်တင်အမေရိက၊ အာရှပစိဖိတ်ဒေသ၊ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း နိုင်ငံများတွင်ပါ အခြေစိုက်ရုံးများ ဖွင့်လှစ်ထားသည့် ဆေးဝါးနည်းပညာ ကုမ္ပဏီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံ၌ ဆေးဝါးတု ထုတ်လုပ်သူများအား ရဲဝန်ထမ်းအင်အား ၁၈၀၀၀ ကျော် အသုံးပြု ဖမ်းဆီးခဲ့ရာ ဆေးဝါးတုနှင့် သက်ဆိုင်သူ ၂၀၀၀ ဦးနီးပါး ဖမ်းဆီးထားပြီးဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် ဆေးဝါးတု ထုတ်လုပ်နေသည့် နည်းလမ်းနှစ်မျိုးရှိကြောင်း တစ်မျိုးမှာ ဆေးဝါးအတု သီးသန့်ထုတ်ပြီး နောက်တစ်မျိုးမှာ နာမည်ကြီးတံဆိပ်များအား တုပထုတ်လုပ်သည့် နည်းလမ်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဆေးဝါးတုကြောင့် နှစ်စဉ် လူ ၇၀၀၀၀၀ နီးပါး သေဆုံးနေကြောင်း နိုင်ငံတကာ ၀က်ဘ်ဆိုက်များတွင် ဖော်ပြခဲ့သည်။ ၂၀၀၈ ခုနှစ်မှစ၍ ယခုနှစ်အထိ ငါးနှစ်အတွင်း တရုတ်နိုင်ငံမှ ဆေးဝါးတု ထုတ်လုပ်သည့်နှုန်းမှာ ယခင် ၁၉ ရာခိုင်နှုန်းမှ ယခု ၂၂ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်းကိုလည်း IMS Health မှ လေ့လာ ထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ဆေးဝါးအတုများ၏ ၅၀ ရာခိုင်နှုန်းကို အန်ဂိုလာ၊ ဘူရွန်ဒီ၊ ကွန်ဂိုနိုင်ငံများသို့ အများဆုံးတင်ပို့ပြီး ကျန် ၅၀ ရာခိုင်နှုန်းမှ သုံးပုံနှစ်ပုံကို မြန်မာ၊ လာအို၊ ကမ္ဘောဒီယား နိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း Policy-network.net တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ တင်သွင်းနေသည့် ဆေးဝါးများမှာ အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေး၊ အစာအိမ်ဆေးကဲ့သို့ ဆေးဝါးများ အများဆုံးတင်သွင်းနေကြောင်း၊ ငှက်ဖျားဆေးတုကဲ့သို့ လူ့အသက်အန္တရာယ် ထိခိုက်နိုင်သည့် ဆေးဝါးများကိုလည်း မြန်မာနိုင်ငံသို့ တရုတ်လုပ်ငန်းရှင်များမှ တင်သွင်းနေကြောင်း သိရသည်။ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ၀င်းစည်သူက “ကျွန်တော်တို့က အသင်းအဖွဲ့ ဖြစ်တဲ့အတွက် ဒီလိုဆေးဝါးတု ပြဿနာမျိုးတွေကို စည်းရုံး ဆောင်ရွက်တဲ့နည်းနဲ့ပဲ သွားလို့ရတယ်။ သိထားတာကို တင်ပြပြီး သက်ဆိုင်ရာကို စစ်ဆေးဖို့၊ ကြပ်မတ်ဖို့ တိုက်တွန်းတာမျိုး လုပ်ပါတယ်။ ဥပမာ FDA ကို တစ်လတစ်ကြိမ်၊ နှစ်ကြိမ် ဈေးကွက်ထဲက ဆေးဝါးတုတွေကို စစ်ဆေးဖို့ တင်ပြတာမျိုးပါ။ FDA ဘက်ကလည်း အန္တရာယ်ရှိတဲ့ ဆေးဝါးတွေ့တယ်ဆိုရင် အသင်းကို အကြောင်းကြားပြီး ဆေးကုန်သည်တွေ အနေနဲ့ ဆေးတွေပြန်သိမ်းပေးဖို့ ပြောတယ်။ ဒီလို အပြန်အလှန် လုပ်နေပါတယ်” ဟု ပြောပြခဲ့သည်။ FDA မှ တာဝန်ရှိသူတစ်ဦးကလည်း “အခု တရုတ်ပြဿနာမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဈေးကွက်ထဲမှာ ပုံမှန်ဆေးတုတွေကို စစ်နေတယ်။ တွေ့ရင် အရေးယူတယ်။ ဒါက ပြည်တွင်း ဈေးကွက်မှာ လုပ်တာ။ နိုင်ငံတကာမှာ ဆေးဝါးတု ပြဿနာအတွက်ကျတော့ အင်တာပိုလ်၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၊ ကမ္ဘာ့အကောက်ခွန် အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်နေတာရှိတယ်။ မြန်မာကိုတော့ တရုတ်နိုင်ငံက သွင်းတဲ့ ဆေးအတုထဲမှာ လူ့အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ ငှက်ဖျားဆေးလို ဆေးမျိုးတွေ ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့တွေ တစ်နိုင်ငံလုံးမှာ စစ်ဆေးတယ်။ နိုင်ငံတကာက ငှက်ဖျားနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေပါ ကျွန်တော့်တို့ဆီကို အရင်တစ်ပတ်ကပဲ လာကြည့်ရှုခဲ့သေးတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ တောက်လျှောက် စစ်နေပါတယ်” ဟု ပြောပြခဲ့သည်။ တရုတ်နိုင်ငံထုတ် ဆေးဝါးအတု သုံးစွဲမိသူများအနေဖြင့် ကင်ဆာ၊ သွေးတိုး၊ ဆီးချိုအပြင် အရေပြား ရောဂါများကိုပါ ဖြစ်ပေါ်စေနိုင်သည်ဟု Yahoo.com တွင် ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

By Khitluunge

No comments:

Post a Comment