Thursday 30 August 2012

မိုးနှောင်းကာလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


မိုးနှောင်းကာလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်၂၀၁၂ ခုနှစ် မိုးနှောင်းကာလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။ ခန့်မှန်းချက်အပြည့်အစုံမှာ -

၂၀၁၂ ခုနှစ် မိုးနှောင်းကာလသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက် (မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ဝါခေါင်လပြည့်နေ့)မှစ၍
မြန်မာနိုင်ငံတစ်ဝန်းလုံးမှ အနောက်တောင်မုတ်သုံလေ ဆုတ်ခွာသည့်နေ့အထိ ဖြစ်ပါသည်။

၁။ မုတ်သုံလေ ဆုတ်ခွာသည့်အခြေအနေ

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်မှ အောက်ပါအတိုင်း ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။

(က) ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၀-၂၅ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ လည်းကောင်း

(ခ) ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၆-၃၀ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ လည်းကောင်း

(ဂ) ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁-၅ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှ လည်းကောင်း

(ဃ) ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၆-၁၀ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှလည်းကောင်း အသီးသီးဆုတ်ခွာသွားဖွယ်ရာရှိပါသည်။

၂။ ဘင်္ဂလားပင်လယ်အော်အခြေအနေ 

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအနည်းငယ်မှ အသင့်အတင့်ရှိနိုင်သည်။

၃။ မိုးအခြေအနေ

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်ရွာနိုင်သည်။

၎။ မြစ်ရေအခြေအနေ

မိုးနှောင်းကာလတွင် ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့နှင့်ဇလွန်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် တစ်ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင်တစ်ကြိမ်ခန့်နှင့် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် တစ်ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

By Planet Myanmar Network

No comments:

Post a Comment