Friday 10 August 2012

ရွှေဆိုင်ဝင်လုသည့် မြန်မာအလုပ်သမား သေနတ်ဒဏ်ရာဖြင့် ထွက်ပြေး


ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်မြို့က ရွှေဆိုင်တခုမှာ ၀င်လုတဲ့  မြန်မာအလုပ်သမားတဦးကို ဆိုင်ရှင်က သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် ဒဏ်ရာနဲ့ ထွက်ပြေးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

သြဂုတ်လ ၈ ရက် ည ၇ နာရီခွဲက ဖူးကက်မြို့ ကလွန်ရပ်ကွက်ထဲမှာ
ရွှေဆိုင်တဆိုင် လုယက်ခံရကြောင်း တယ်လီဖုံးနဲ့ တိုင်ကြားချက်ရတဲ့အတွက်  တာဝန်ကျ စခန်းမှူးနဲ့ အဖွဲ့က ရွှေဆိုင်ကို ချက်ချင်း သွားရောက်စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ရှင်ဖြစ်သူ (နိုင်းပဖန်းအုမ့်) က “ရွှေဆိုင်ထဲကို  အသက် ၁၉ နှစ်အရွယ် လူတယောက်ဝင်လာပြီး မင်္ဂလာဆောင်ဖို့ ရွှေ ၀ယ်ချင်တယ်လို့ ပြောကြားခဲ့ကြောင်း၊ အလေးချိန် ၅ ဘတ်သားရှိ ဆွဲကြိုးတကုံးကို တောင်းကြည့်နေတုန်း မသင်္ကာဖွယ် အပြုအမူ တွေ့ရတဲ့အတွက် သူက ရွှေဆိုင်တံခါးကို အဝေးထိန်းခလုတ်နဲ့ ပိတ်လိုက်ကြောင်း၊ လူဆိုးက သေနတ်ထုတ် ခြိမ်းချောက်ပြီး ရွှေတွေ ထုတ်ပေးခိုင်းတယ်၊ ရွှေတွေ ကျုံးယူနေတုန်း ဆိုင်ရှင်က သေနတ်ပြေးယူပြီး ၃ ချက် ပစ်ခတ်ခဲ့တယ်၊ လူဆိုးရဲ့ ညာဘက်လက်မောင်းကို တချက်ထိမှန်တဲ့အခါ သေနတ်မှန်ထားတဲ့ မှန်တံခါးကိုခွဲပြီး ဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။

ဆိုင်ထဲက ရွှေချောင်း၊ လက်ကောက်၊ ဆွဲကြိုး၊ နားကပ် စတာတွေ အားလုံး ရွှေ ၁၃၀ ဘတ်သားလောက် ပါသွားတယ်လို့ ဆိုင်ရှင်က ပြောပါတယ်။

ရွှေဆိုင်က စောင့်ကြည့်ကင်မရာထဲမှာ လူဆိုးဟာ ပိန်ပိန်ရှည်ရှည် အသားညိုညို အပြာရင့်ရောင် ဂျာကင်အင်္ကျီနဲ့ ဂျင်းဘောင်းဘီဝတ်ဆင်ထားပြီး အနက်ရောင် ကျောပိုးအိတ် လွယ်ထားတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားပြီးနောက်တနေ့မှာ တာဝန်ကျရဲတွေဟာ ရာဝိုင်ရပ်ကွက် ဆုတ်ဆန်လမ်းထိပ်မှာ လူဆိုးစီးသွားတဲ့ ယာမာဟာ ဆိုင်ကယ် ရပ်ထားတာ တွေ့ရပြီး ဆိုင်ကယ်ရဲ့ နံပါတ်ပြားကို စတစ်ကာတွေနဲ့ကပ်ပြီး ပိတ်ထားကြောင်း၊ အနီးမှာ ကျောပိုးအိတ်တလုံးတွေ့ရပြီး ဂျာကင် အင်္ကျီကိုလည်း ချွတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လူဆိုးကျန်ခဲ့တဲ့ ကျောပိုးအိတ်ထဲမှာ သေနတ်အတုတလက်၊ ဓားမြောင်တချောင်း၊ အမည် LACHEMAN လို့ ရေးထားတဲ့  မြန်မာနိုင်ငံသား အလုပ်သမားကတ်တခုနဲ့ အိတ်ထဲမှာရော  အနီးတ၀ိုက်မှာ ရွှေတွေ ကျကျန်ခဲ့ပြီး အားလုံးပေါင်း ရွှေအလေးချိန် ၇၀ ဘတ်သား ပြန်ရတယ်လို့ စခန်းမှူးက ပြောပါတယ်။
လူဆိုးဟာ ရာဝိုင်ရပ်ကွက်အနောက်မှာရှိတဲ့ ရာဘာတောထဲမှာ ၀င်ရောက်ပုန်းခိုဖွယ်ရှိကြောင်း၊ သူရဲ့ အလုပ်သမားကတ်ပါ စာရွက်တွေကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲစခန်းတာဝန်ရှိသူနဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေကြား ဖြန့်ဝေပြီး ၀ိုင်းဝန်းကူရှာပေးဖို့နဲ့ ရာဘာတောကို ၀ိုင်းရံထားကြောင်း သြဂုတ် ၉ ရက် မွန်းတည့်ပိုင်း ထိုင်း အွန်လိုင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

By DVB Burmese

No comments:

Post a Comment