Friday 10 August 2012

 ဖိလစ်ပိုင်တွင် လူတစ်သန်းကျော် ရေဘေးဒုက္ခနှင့် ကြုံတွေ့နေရ


မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဖိလစ်ပိုင်မြို့တော် မနီလာအနီးတစ်ဝိုက်တွင် လူတစ်သန်းကျော် ရေဘေးဒုက္ခနှင့် ကြုံတွေ့နေရပြီး သေဆုံးသူအရေအတွက်မှာ သြဂုတ်လ ၈ ရက်နေ့အထိ ၁၉ ဦးထက်မနည်း ရှိလာခဲ့ကြောင်း အာဏာပိုင်များက
ပြောကြားခဲ့သည်။

မနီလာတွင် သြဂုတ်လ ၇ ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြို့၏ ထက်ဝက်ခန့်တွင် ရေကြီးမှုများ ဖြစ်ပွားခဲ့သည်။
လွန်ခဲ့သောသုံးနှစ်ခန့်က လူရာပေါင်းများစွာသေဆုံးစေခဲ့သည့်  တိုင် ဖွန်းမုန်တိုင်းတိုက်ခဲ့ပြီးနောက် ကာလအရှည်လျားဆုံး ရေကြီးမှုကို ဖိလစ်ပိုင်မြို့ အများအပြားတွင် ကြုံတွေ့နေရပြီး မြေပြိုမှုများလည်း ဖြစ်ခဲ့သည်။

မြို့တော်၏ နေရာအချို့တွင် လည်ပင်းအထိနက်သော ရေကြီးမှုများဖြစ်ပေါ်နေပြီး မြို့တော်၏ အဓိကလမ်းများရှိ ကျောင်းများ၊ ငွေကြေးဈေးကွက်များနှင့် အစိုးရရုံးများလည်း ပိတ်ထားရလျက်ရှိသည်။

ဒေသခံရုပ်မြင်သံကြားမှ ရေကြီးမှုအခြေအနေများကို ရိုက်ကူးပြမှုများရှိခဲ့ပြီး ဖိလစ်ပိုင်သမ္မတ ဘီနစ်နီအကွီနိုကလည်း အစိုးရအဖွဲ့သည် ကူညီမှုပေးနိုင်သည့် အရာအားလုံးကို ကူညီပေးနေကြောင်း ပြောကြားခဲ့သည်။ အနောက်တောင် မုတ်သုံလေတိုက်ခတ်သော ရာသီအတွင်း မနီလာနှင့် အနီးတစ်ဝိုက်မြို့များတွင် ရာသီဥတုဆိုးရွားနေသည်မှာ တစ်ပတ်ခန့်ရှိပြီးဖြစ်ပြီး မိုးလေ၀သပညာရှင်များ၏ ပြောပြချက်အရ မြို့အတွင်းတွင် ၂၄ နာရီပတ်လုံးမိုးမပြတ်သည်မှာ လ၀က်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၇ ရက်နေ့ မိုးကြီးမှုကြောင့် သေဆုံးသူဦးရေနှင့် ပေါင်းလျှင် ပြီးခဲ့သည့်တစ်ပတ်ခန့်အတွင်း ဖိလစ်ပိုင်နိုင်ငံ တစ်ဝှမ်းတွင် သေဆုံးသူ ၆၈ ဦးခန့်ရှိပြီးဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရုံးမှ ထုတ်ပြန်ခဲ့သည်။ သြဂုတ်လ ၈ ရက်နေ့အထိ ၄၈ နာရီအတွင်း ရွာသွန်းခဲ့သော မိုးရေချိန်မှာ ၂၇ လက်မ(၇၀ စင်တီမီတာ)ကျော်ရှိခဲ့ပြီး သြဂုတ်လတစ်လလုံး ပျမ်းမျှ မိုးရေချိန်ထက်ကျော်လွန်ခဲ့ကြောင်း မိုးလေ၀သဌာန ခန့်မှန်းသူများက ပြောကြားခဲ့သည်။

By Eleven Media Group

No comments:

Post a Comment