Thursday 9 August 2012

မိုးခေါင်၍ အညာတောင်သူများ ဒုက္ခရောက်


  မိုးခေါင်၍ အညာတောင်သူများ ဒုက္ခရောက်မြန်မာနိုင်ငံရှိ မြစ်အများစု မြစ်ရေ ကြီးနေသဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်း ဒေသ အချို့၌ ရေလွှမ်းမိုးမှု ကြုံတွေ့နေရချိန်တွင် အလယ်ပိုင်းဒေသများမှာ မိုးကောင်းစွာ မရွာသွန်းသဖြင့် ဒေသခံတောင်သူများ ဒုက္ခရောက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ကာလတစ်ခုတည်းမှာပင် အစွန်းရောက် ရာသီဥတုနှစ်ခု ကြုံတွေ့နေရခြင်းဖြစ်သည်။ မိုးရာသီရောက်သည်မှာ နှစ်လကျော်သည့်တိုင် မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်အများစုတွင် မိုးကောင်းစွာ မရွာသွန်းသေးပေ။ ထိုဒေသများတွင် မိုးသည်းထန်စွာ တစ်ကြိမ်ခန့်သာ ရွာသေးပြီး ကျန်ကာလတစ်လျှောက်လုံး မိုးကောင်းစွာ မရွာသွန်းသေးပေ။ မိုးတိမ်များ ထူလာပါကလည်း တိမ်များ လေနှင့်ပါသွားကာ အနည်းငယ်သာရွာခြင်း၊ နေပူပြီး မိုးမရွာခြင်း စသဖြင့် ပုံစံမျိုးစုံဖြင့် မိုးခေါင်နေသည်။ ထိုဒေသများမှာ ပဲမျိုးစုံ၊ နှမ်း အဓိကစိုက်ပျိုးသည့် ဒေသဖြစ်၍ မိုးခေါင်ခြင်း၏ နောက်ဆက်တွဲ ပဲနှင့်နှမ်းမျိုးစုံ အထွက်လျော့မည်ဖြစ်သည်။ အထူးသဖြင့် ဒေသခံများ ၀မ်းစာအတွက် စိုက်ပျိုးသော ပြောင်းဖူး၊ နေကြာ၊ ဟင်းသီးဟင်းရွက်ကဲ့သို့ သီးနှံများမှာလည်း ပျက်စီးကုန်၍ မိုးတွင်းဖြစ်သော်လည်း လူစာနှင့်နွားစာ ရှားပါးစေသည်။ ၂၀၁၁ မတ်လကုန်မှစ၍ တာဝန်ယူခဲ့သော အစိုးရသစ်အတွက်လည်း ရာသီဥတုက တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အနှောင့်အယှက်ဖြစ်နေသည်။ ၂၀၁၁ မိုးရာသီတွင် မိုးများလွန်းသဖြင့် မြန်မာနိုင်ငံအောက်ပိုင်းရှိ မိုးစပါးများစွာ ပျက်စီးခဲ့ပြီး ၂၀၁၂ တွင်လည်း မိုးခေါင်ခြင်း၊ ရေကြီးခြင်း တစ်ပြိုင်နက် ကြုံနေရပြန်သည်။

ဘားအံ၊ ရွှေကျင်၊ တနင်္သာရီ စသောမြို့များတွင် ရေလွှမ်းမိုးနေချိန်တွင် မိုးခေါင်၍ ဒုက္ခရောက်နေသော တောင်သူများ၏အခြေအနေကို ကွင်းဆင်းသတင်းရယူထားသော အထူးသတင်းပေးပို့ချက်များကို တင်ဆက်ပေးလိုက်ရပါသည်။

မန္တလေးတိုင်းဒေသကြီးတွင် မိုးခေါင်နေမှုကြောင့် ကျေးလက်နေတောင်သူများ အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် သီးနှံအထွက်နှုန်း လျော့နည်းလာကြောင်း သြဂုတ် ၆ ရက် ပြုလုပ်သည့် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားသည်။

ကျောက်ပန်းတောင်းမြို့နယ်မှ တောင်သူတစ်ဦးက “မိုးကို အားပြုစိုက်နေရတဲ့ သီးနှံတွေ သိသိသာသာ အထွက်နှုန်း ကျဆင်းသွားတယ်။ သီးနှံကလည်းမရ၊ သီးနှံဈေးနှုန်းတွေကလည်းကျ၊ မိုးကခေါင်နဲ့ တော်တော်စိတ်ဆင်းရဲရပါတယ်”ဟု ပြောသည်။

ရမည်းသင်းမြို့နယ် စံပြသိမ်ကုန်းကျေးရွာ နတ်စင်(၁) ရပ်ကွက်မှ တောင်သူဦးကျော်ဝင်းစိန်က “မိုးဦး ပဲတီစိမ်းစိုက်တာ မိုးကခေါင်နေတော့ အဆင်မပြေဘူး။ အရင်ကတော့ ပဲတီစိမ်းကနေ ရလာတဲ့ငွေနဲ့ မိုးနှောင်းချည်မျှင်ရှည် ၀ါစိုက်တာ။ ဒီနှစ် ပဲတီစိမ်းက မအောင်မြင်တော့ ၀ါစိုက်ဖို့ အခက်အခဲရှိတယ်။ ၀ါအတွက် ချေးငွေရချင်ပါတယ်”ဟု ပြောသည်။

“နွားစာတောင် တော်တော်ရှားနေပြီ။ အခုဆိုင်ကနေ ၀ယ်ကျွေးနေရတာ မတတ်နိုင်တော့လို့ တမာရွက်၊ ညောင်ရွက်တွေ ရောကျွေးနေရတယ်”ဟု ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာမှ အသက် ၆၀ ကျော် တောင်သူကြီး ဦးသော်ကကဆိုသည်။

ယခုအချိန်အထိ ပခုက္ကူမြို့နယ်တွင် မိုးရွာခြင်းမရှိသေးသဖြင့် သီးနှံများ စိုက်ပျိုးနိုင်ခြင်း မရှိသေးဘဲ လူများသာမက တိရစ္ဆာန်အတွက်ပါ အစာရှားပါးလာသည်။ စိုက်ပျိုးခြင်းအတွက် အဓိကအရေးကြီးသည့် မိုးရေမရသဖြင့် ကုန်းတွင်းပိုင်းကျသည့် ဒေသများတွင် ယာမြေကို ဘာမျှမစိုက်ဘဲ တောင်သူများက မိုးကိုမျှော်နေရသည်။

“မိုးရဖို့ လွန်ဆွဲတယ်။ မိုးနတ်တင်တယ်။ ဆရာတော်တွေကလည်း ငရံ့မင်းပရိတ်တွေဘာတွေ ရွတ်နေတာပဲ။ ဒါပေမဲ့ မိုးက ဘယ်သွားပုန်းနေလဲ မသိဘူး”ဟု အသက်၆၀ ၀န်းကျင် တောင်သူကြီးဦးညွန့်ရွှေကဆိုသည်။

မြန်မာပြည်အလယ်ပိုင်း၌ လက်ရှိအချိန်တွင် မိုးပဲ(သြဂုတ်ပဲ)ဟုခေါ်သည့် ပဲစင်းငုံ၊ ပဲတီစိမ်း၊ မြေပဲ စသည့်သီးနှံများ စိုက်ပျိုးချိန်ဖြစ်သည်။ ယခုအချိန်ထိ မိုးမရွာပါက အဆိုပါသီးနှံများ ဆက်လက်စိုက်ပျိုးရန် မဖြစ်နိုင်တော့ပေ။ တောင်သူများသည် ဧပြီလပိုင်းက မိုးရသဖြင့် စိုက်ပျိုးခဲ့သည့် နှမ်း၊ ပဲမျိုးစုံတို့မှာလည်း နောက်ပိုင်းမိုးမရတော့သဖြင့် သေကျေပျက်စီးခဲ့ရသည်။ မျိုးဖိုးများ ဆုံးရှုံးမှုနှင့် ကြုံခဲ့ရသည်။

“ပလပ်ထားသူက ကိစ္စမရှိဘူး။ လုပ်တဲ့သူကသာ ရှုံးကြတယ်”ဟု ဦးသော်ကကမှတ်ချက်ချသည်။

ယခင်နှစ်က သီးနှံများရခဲ့သော်လည်း ရောင်းချရာတွင် ဈေးကောင်းမရသဖြင့် တောင်သူများ ထိခိုက်ခဲ့ရသည်။ ယခု ပဲဈေး၊ နှမ်းဈေးများ ကောင်းလာသော်လည်း ရာသီဥတုကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရသည်။

ယခုအချိန်တွင် ရောင်းချနေသည့် ပဲ၊ နှမ်းများမှာ ယခင်နှစ်က စိုက်ပျိုးထားသည်များဖြစ်ပြီး ယခုနှစ် ရာသီဥတုအခြေအနေကြောင့် လာမည့်နှစ်တွင် တိုင်းကြီးသုံးတိုင်းမှ ပဲအထွက် လျော့နည်းမည်ဖြစ်ကြောင်း ပဲ၊နှမ်းကုန်သည်များက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်မှ ဒေသခံတောင်သူတစ်ဦးကလည်း “ဒီနှစ် မိုးဦးကခေါင်တာ ဆယ်စုနှစ်တစ်ခုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အပူဆုံးနှစ်၊ ကောက်ပဲသီးနှံတွေ ပျက်စီးမှုအများဆုံးလို့ ပြောနိုင်တယ်။ မိုးဦးမှာ စိုက်တဲ့နှမ်းတွေဆို ရေသွင်းစိုက်မှ အဆင်ပြေတယ်။ ပြောင်းဖူး၊ မြေပဲစတဲ့ ကောက်ပဲသီးနှံတွေလည်း ရေသွင်းစိုက်လို့ရတယ်။ ရေမလွယ်တဲ့ ကုန်းမြင့်ပိုင်းမှာ ပဲစင်းငုံ၊ ပြောင်း၊ နှမ်းစိုက်ခင်းတွေ ခြောက်ကုန်ပြီ။ ပြီးခဲ့တဲ့နှစ်က မိုးဦးနည်းတယ်ဆိုပေမယ့် အခုလို သီးနှံမပျက်ဘူး။ ဒီနှစ်ရေသွင်းတော့လည်း စိုက်စရိတ်တက်တယ်။ ရေမသွင်းတော့လည်း မျိုးဆုံးတဲ့အထိဆိုတော့ မိုးဦးမကောင်း မိုးလယ်ကောင်းနိုး မျှော်နေရတယ်”ဟု ပြောသည်။

“မုတ်သုံက ခါးပြတ်သွားတယ်။ မဖြစ်ဘူးတာတွေ ဖြစ်ခဲ့ရတယ်။ ဒီအချိန်မှာ မိုးမရရင်တော့ နောက်ပိုင်းရဖို့ လွယ်မှာမဟုတ်ဘူး”ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သုံးသပ်သည်။

လက်ရှိမြန်မာနိုင်ငံ၏ မုတ်သုံရာသီဥတု အခြေအနေမှာ မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းတွင် မိုးများနေပြီး အလယ်ပိုင်းတွင် မိုးပြတ်နေသည်။ နောက်ပိုင်းမိုးရာသီမှာလည်း အယ်နီညိုရာသီဥတုဘက်သို့ အားသာနေသဖြင့် မိုးကောင်းရန် မလွယ်ပေ။ ဘင်္ဂလားပင်လယ်မှ မုန်တိုင်းများက ကူညီမှသာ နောက်ပိုင်းကာလများ၌ မိုးရွာနိုင်မည်ဖြစ်သည်။

မြန်မာပြည်၏ ၇၀ ရာခိုင်နှုန်းနီးပါး လူဦးရေမှာ စိုက်ပျိုးရေးကို အားထားနေကြသည်။ စိုက်ပျိုးရေးတွင် အဓိကအရေးကြီးသည်မှာ မိုးရေဖြစ်သည်။

အစိုးရက စီးပွားရေးဖွံ့ဖြိုးအောင် နည်းဗျူဟာများ ချမှတ်နေချိန်တွင် တောင်သူများက ဈေးနှုန်းနှင့် ရာသီနှိပ်စက်၍ နဂိုအခြေအနေထက် ပိုဆင်းရဲလာသည်။

အလယ်ပိုင်းဒေသအချို့ မိုးခေါင်မှုကြောင့် ကြုံတွေ့နေရသော အခက်အခဲကို အစိုးရက ယခုထက် ပိုမိုဂရုစိုက်သင့်ကြောင်း အညာမှ ခေတ်ပညာတတ်အချို့ကလည်း ပြောသည်။

“ဒီတစ်ရာသီလည်း သွားပြီထင်ပါတယ်”ဟု တောင်သူကြီးဦးသော်က တစ်ယောက်ကတော့ ညည်းတွားနေလေသည်။

By ရိုးရာလေး

No comments:

Post a Comment