Tuesday 7 August 2012

 အိန္ဒိယတွင် ရေလွှမ်းမှုများကြောင့် လူ ၃၀ ကျော်သေဆုံး


အိန္ဒိယမြောက်ပိုင်းရှိ တောင်ထူထပ်သော Uttarakhand ပြည်နယ်တွင် ရေလွှမ်းမှုများကြောင့် အနည်းဆုံးလူ ၃၄ ဦး သေဆုံးခဲ့ပြီး ဟိန္ဒူဘုရားဖူး ရာပေါင်းများစွာမှာ ပိတ်မိနေခဲ့ကြောင်း တာဝန်ရှိသူများက သြဂုတ်လ ၅ ရက်တွင် ပြောကြားခဲ့သည်။


ယင်းပြည်နယ်ရှိ ရေအားလျှပ်စစ်စက်ရုံသို့ သြဂုတ်လ ၄ ရက်တွင် ရေများ ၀င်ရောက်ခဲ့ပြီးနောက် လုပ်သား ၂၃ ဦးမှာ သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာဝန်ကြီး Yashpal Arya က ပြောကြားခဲ့သည်။ ဟိမ၀န္တာတောင်ခြေတွင် တည်ရှိသော ယင်းပြည်နယ်ရှိ မြစ်ဘေးနားတည်ရှိသည့်ရွာမှ မီးသတ်တပ်ဖွဲ့ဝင်သုံးဦးလည်း သေဆုံးခဲ့ကြောင်း Arya က ပြောကြားခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် သြဂုတ်လ ၄ ရက် အစောပိုင်းမှစတင်ပြီး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ကာ ဒေသတစ်ခုလုံးတွင် အခြား လူခုနစ်ဦးမှာလည်း သေဆုံးခဲ့သည်ဟု Arya က ပြောကြားခဲ့သည်။ ယင်းပြည်နယ်မှာ ဟိန္ဒူဘုရားဖူး အများအပြား လာရောက်သည့်နေရာဖြစ်ပြီး ရေကြီးမှုကြောင့် ဘုရားဖူးလာရောက်သူ ၇၀၀ ခန့်မှာ ပိတ်မိနေကြောင်း Arya က ပြောကြားခဲ့သည်။

မိုးသည်းထန်ပြီး ရေကြီးမှုဖြစ်ခဲ့ပြီးနောက် လမ်းများစွာ ရေဖုံးလွှမ်းမှုဖြစ်ပွားခဲ့ပြီး ယင်းပြည်နယ်ရှိ ရွာ ၈၀ ခန့်မှာ အခြားနေရာများနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ကြောင်း သိရသည်။ ရေကြီးမှုကြောင့် အိမ် ၉၀ နှင့် တည်းခိုခန်း ၅၀ ခန့် ပျက်စီးခဲ့ပြီး ယင်းထက် ပိုမိုပျက်စီးနိုင်ခြေကြုံနေရကြောင်း Arya က ပြောကြားခဲ့သည်။

သြဂုတ်လ ၃ ရက်ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနီးရှိ Himachal Pradesh ပြည်နယ်တွင် ရေကြီးခဲ့ပြီး လူတစ်ဦးမှာ ရေနစ်ခဲ့ကာ တံတားများစွာမှာ ရေထဲမျောပါသွားခဲ့ကာ အဓိကအဝေးပြေးမတစ်ခုမှာလည်း အချို့နေရာများတွင် ပျက်စီးခဲ့သည်။

Ref:AFP

By Eleven Media Group

No comments:

Post a Comment