အဆိုပါစီးပွားရေး ကိုယ်စားလှယ်အဖွဲ့ကို US-ASEAN စီးပွားရေးကောင်စီမှ ဦးဆောင်ခဲ့ခြင်း ဖြစ်ပြီး အမေရိကထိပ်တန်း ကုမ္ပဏီ ၃၈ ခုမှ အဆင့်မြင့်အမှုဆောင်ပေါင်း ၇၀ ဦးကျော်ပါဝင်ခဲ့ပြီး သည်ကာ မြန်မာနိုင်ငံအပေါ် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများ ဖြေလျော့အပြီးတွင် ပထမဆုံး လာရောက်ခဲ့သော စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ဖြစ်သည်။
၎င်းကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင်ကို လေ့လာရန်နှင့် မြန်မာအစိုးရ၏ စီးပွားရေး အစီအစဉ်များမှ သတင်းအချက်အလက်များ စုစည်းရန်ဖြစ်ကြောင်း သိရသည်။
ကိုယ်စားလှယ် အဖွဲ့ လာရောက်ခြင်းနှင့် အတူ စီးပွားရေးကောင်စီ၏ အဖွဲ့ဝင် GE ကုမ္ပဏီ က ရန်ကုန်မြို့ရှိ ဆေးရုံနှစ်ရုံသို့ ဆေးပစ္စည်းများ တင်ပို့ရန် သဘောတူညီချက်ရထားပြီ ဖြစ်သည်။
“ ပြီးခဲ့တဲ့လတွေထဲမှာ ကျွန်တော်တို့ အမေရိကန်ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်ဖို့ ဖွင့်ပေးခဲ့တဲ့ နည်းလမ်းကို ကျွန်တော်တို့ အလွန်ပဲကျေနပ်မိပါတယ်။ ဒါပေမယ့် ဒါဟာလုပ်ငန်းစဉ်ရဲ့ အစပဲ ရှိပါသေးတယ်။ အတူ တကွလက်တွဲ လုပ်ကိုင်ဖို့ နှစ်ဘက်စလုံးကအများကြီး လေ့လာရဦးမှာပါ။ ဒါ့ကြောင့် ကောင်စီက အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ရေရှည်တည်ဆောက်ဖို့ မြန်မာအစိုးရနဲ့ နီးကပ်စွာ ဆက်လက် လုပ်ဆောင်သွားချင်ပါတယ်” ဟု US-ASEAN စီးပွားရေးကောင် စီ၏ ဥက္ကဌဖြစ်သူ Alexander Feldman ကပြောကြားခဲ့သည်။
အမေရိကန် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့၏ လေ့လာ ချက်အရ မြန်မာနိုင်ငံတွင် စီးပွား ရေးလုပ်ငန်းများလုပ်ကိုင်ရန်မှာ နိုင်ငံ၏ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများမှာ နိုင်ငံခြားမှ စီးပွားရေးလာရောက်လုပ် ကိုင်မည့်သူများအတွက် စိန်ခေါ်မှု များဖြစ် သည်ဟု USASEAN စီးပွားရေး ကောင်စီ၏ ပူးတွဲဒါရိုက်တာ Anthony Nelsonက ဇူလိုင်လ ၁၆ ရက်နေ့က ဆီဒိုးနားဟိုတယ် တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။
၎င်းက ဖြေရှင်းရမည့် ကိစ္စများစွာ ကျန်နေသေးကြောင်း၊ မြန်မာနိုင်ငံကိုယ်၌က ဒေသတွင်း နှင့် ကမ္ဘာကြီးကို မည်သို့ဆက်စပ်နိုင်မည်ကို အချိန်နှစ်အနည်းငယ် ယူရဦးမည်ဖြစ်ကြောင်း သုံးသပ်သည်။
“ ဆက်စပ်တဲ့နေရာမှာ ရထားလမ်း၊ ကားလမ်းတွေလို ရုပ်ပိုင်းဆိုင်ရာအခြေခံ အဆောက်အဦတွေတင် မဟုတ်ပဲ ဒစ်ဂျစ်တယ် အခြေခံအဆောက်အဦနဲ့ ICT အခြေခံအဆောက်အဦတွေလည်း လိုအပ်ပါတယ်။ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း ခရက်ဒစ်ကဒ် တွေ လုပ်ကိုင်ခွင့်ပေးဖို့၊ လူတွေ ကို ခရက်ဒစ်ကဒ်တွေ အသုံးပြု ခွင့်ပေးဖို့တွေလည်း လုပ်ဆောင်ပေး ဖို့လိုပါတယ်။ ဒါမှ ငွေကြေးတွေ ကိုအလွယ်တကူ ရွှေ့ပြောင်းနိုင်မှာပါ” ဟု ၎င်းကဆက်လက်ပြော ကြားခဲ့သည်။
၎င်းက စီးပွားရေးကိုယ်စားလှယ်အဖွဲ့တွင် ကဏ္ဍပေါင်းစုံ မှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်လာသဖြင့် မည်သူတွေက အမြန် လှုပ်ရှားမည်၊ မည်သူတွေက မှန်ကန်သည့် အခွင့်အရေးကို ရှာဖွေနိုင်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်ဟု ဆိုသည်။
ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သော ကုမ္ပဏီကြီးများအနက် Chevron ကုမ္ပဏီမှာ အမေရိကန်၏ ဒုတိယအကြီးဆုံးစွမ်းအင် ကုမ္ပဏီကြီးဖြစ်ပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများကြောင့် ၎င်း၏ လုပ်ငန်းများကို မချဲ့ထွင်နိုင်ခြင်း ဖြစ်သည်။
“ မြန်မာနိုင်ငံထဲမှာရှိတဲ့ အခွင့်အလမ်းတွေကို ကျွန်တော်တို့ ရရှိနိုင်ဖို့၊ ရှေ့ဆက်နိုင်ဖို့ အမေရိကန် က ရှေ့ကိုတစ်လှမ်းတိုးမယ်လို့ မျှော်လင့်ပါတယ်” ဟု Chevron ကုမ္ပဏီ၏ ဒုဥက္ကဌဖြစ်သူ George Kirkland အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
US-ASEAN စီးပွားရေး ကောင်စီသည် အမေရိကန်အစိုးရ နှင့်လည်း နီးကပ်စွာဆောင်ရွက် လျှက်ရှိသော အဖွဲ့အစည်းဖြစ်ပြီး သက်တမ်း ၂၇ နှစ်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment