Tuesday 17 July 2012

“ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ လုပ်ကြံမှု ဇူလိုင် ၁၉”



ခုနှစ်မှာ- ၁၉၄၆ခုနှစ်။
ထိုနှစ်၊ အချိန်အခါမှာ ဗမာပြည်သို့ ပြန်လည်ရောက် ရှိလာသောဘုရင်ခံ”ဆာဟူး ဘတ် ရန့်(စ်)”သည် ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီး၏ ဥက္ကဋ္ဌ ဦးအောင်ဆန်းနှင့် အစိုးရ အဖွဲ့ သစ် ဖွဲ့စည်းရေးအတွက် လုံးပန်းနေချိန်။ထိုအချိန်၏ တစ်နေ့သော နံနက်မှာ ထုတ်ဝေသည့် သတင်းစာ အသီးသီးတွင် ဂဠုန်ဦးစော သေနတ်ပစ်ခံရသည့် သတင်း ပါရှိ လာခဲ့သည်။ ဦးစောကား သေကံမရောက်၊ သက်မပျောက်ခဲ့။ သို့သော် ဦးစောသည် ဂျစ်ကားအစိမ်းတစ်စီးတွင် စီးလာသော အမည်မသိ လူတစ်စု က သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်သွားခြင်း ခံရသည့် အချိန်မှစ၍ သူ့အားဤသို့လုပ်ကြံခြင်းမှာ ဦးအောင်ဆန်း ၏ ညွှန်ကြားချက်အရသာဖြစ်ရမည်ဟု တစ်ထစ်ချယူဆသည်။


ကြံစည်မှု၊ စီမံချက်များကို ဦးစော စတင်ဆောင်ရွက်သည်။ ဦးစောသည် သူ၏ ခုနစ်မိုင်၊ အေဒီလမ်းနေအိမ်တွင် ခင်မောင်ရင်၊ သက်တော်   စောင့် မောင်သန်းကြီး၊ မောင် ရင်ဖေနှင့် အခြားလိုအပ်သူအချို့ကိုသာနေစေသည်။ ဇနီးနှင့်သမီးကို အင်းစိန်တွင် သွားရောက်နေ ထိုင်စေ၏။ ထို့နောက် နယ်ရှိ မျိုးချစ်နှင့် ဂဠုန်အဖွဲ့ဝင်များထံမှ လူသတ် ရဲသော လူငယ်များ သူ့ထံအမြန်ဆုံး ပို့ပေးရန် အကြောင်းကြား သည်။သူ၏အိမ်ဝင်းကိုလည်း အထူးစီမံချက် များပြုလုပ်သည်။ တိုက်အိမ်ဘေး၊ ရေစပ် အနားရှိ အဆောက်အအုံအား နယ်ဆက်သွယ်   ရေးဌာန၊ သူ့ဝင်းအတွင်းရှိ တိုက်ဖြူ ကလေးကို၊ ဂဠုန်ဗိုလ်များ နေထိုင်ရာဌာန၊ သူ၏တိုက်အိမ်ရှေ့၊ တဲငယ်ကို လျှို့ဝှက် စိစစ်ရေး ဌာနဟူ၍ စီမံသည်။ များမကြာမီ နယ်မှပို့လိုက်သော လူငယ်များရောက်လာသည်။ သတ်ရဲသည်ထင်ရသော လူငယ်လေးယောက်ကို ပထမဆုံး အကြိမ်ရွေးချယ်သည်။ ဦးစောက.. ဦးအောင်ဆန်းမှာ သူ၏ ရန်သူဖြစ်ကြောင်း၊ သူ့ကိုသေနတ်ဖြင့် ပစ်သည်မှာလည်း ဦးအောင်ဆန်း အကြံပင် ဖြစ်ကြောင်း၊ သူနန်းရင်းဝန်ဖြစ် ရေးမှာလည်း ဦးအောင်ဆန်း ရှိနေသမျှ မဖြစ်နိုင်ကြောင်း၊ သို့ဖြစ်၍ ဦးအောင် ဆန်းအား သတ်ရန်လိုနေကြောင်း၊ ထို့အတွက် ဦးအောင်ဆန်းအား သတ်ပေးနိုင်မည်လား ဟု မေးသည်။ နေ အိမ်ပြန်ရောက်သောအခါ လူငယ် များအား အကြံအစည်မပေါက်ကြားစေရန် သစ္စာရေတိုက်သည်။ စတင်းဂန်း၊ တော်မီဂန်း၊ ရိုင်ဖယ်၊ ခြောက်လုံးပြူးနှင့် လက်ပစ်ဗုံး ပစ်နည်းများကို  သူကိုယ်တိုင်သင်ကြားပေးသည်။ထိုအချိန်အထိ ဦးစောမှာ ပညာရေး အတိုင်ပင်ခံဝန်ကြီးရာထူး ရယူနေထိုင်ဆဲ။

ထိုအချိန်မှာ.. မျက်နှာဖြူများ အုပ်ချုပ်သည့် အေ၊အို၊ဒီ စစ်တပ်မှ ဘရင်းဂန်း အလက် ၂ဝဝပျောက် ဆုံးသွား၏။ နေ့ခင်းကြောင်တောင် ပိရိစွာ လိမ် လည်ထုတ်ယူသွားခြင်း။ ရန်ကုန်ပုလိပ်အဖွဲ့ ကြီးနှင့် မြန်မာပြည်စုံထောက်အဖွဲ့တစ်ခုလုံးရှိ သက်ဆိုင်ရာ အာဏာပိုင်များ သည် လက် နက်လိမ်လည်ထုတ်ယူမှုအား မနေမနားစုံ စမ်းထောက် လှမ်းနေကြသည်။ မသင်္ကာသော နိုင်ငံရေး အသင်းအဖွဲ့ များ၏ အရိပ်အခြည်ကိုလည်း မပြတ်စောင့် ကြည့်နေကြ၏။ ထိုသို့ဖြင့် မြန်မာအမျိုးသားထု တစ်ရပ်လုံးအတွက် ယူကျုံးမရဖြစ်ရမည့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့အား ရောက်မှန်းမသိ ရောက်ခဲ့ပြီ။ ဇူလိုင်လ ၁၉ရက်နေ့ နံနက်မိုးလင်းသည် ဆိုသည်နှင့် ဦးခင်မောင်ရင်၊ ကိုယ်ရံတော် သက်တော်စောင့်နှစ်ဦးနှင့် အခြားတပည့်များ ကို ခေါ်ယူစုရုံးလိုက်၏။ ”ကဲ မင်းတို့သတ္တိ ဘယ်လောက်ရှိသလဲ ဆိုတာ ဒီနေ့သိရတော့မယ်။ သတ္တိတွေ သွေးထားကြ”ဟု ပြောရင်း လက်ရွေးစင်တပည့် (ဗိုလ်ချုပ်တို့အား ပစ်ခတ်မည့် သူများ) အား အရက် တစ်ခွက်စီတိုက်သည်။ ထို့နောက် သေနတ်များအား တိုက်ချွတ် ခြင်း၊လိုအပ်သော ယမ်းကပ်များအား ရွေးချယ်ထည့်ပေးခြင်း၊ လူသတ် သမားများ ဝတ် ဆင်ရမည့် ၁၂ နံပါတ်ခြင်္သေ့စစ်တပ် ယူနီ ဖောင်းများ အား ပြင် ဆင်ပေးခြင်း၊ ဂျစ်ကားကို ထုတ်၍အဆင်သင့်ထားခြင်း စသောကိစ္စအဝဝ ကိုသက်ဆိုင်သူများကလုပ်ကိုင်ကြရ၏။

ဇူလိုင် ၁၉ရက်နေ့သည်ကား… ကြမ္မာဆိုးဝင်မည့် နေ့ရက်၊ အချိန်နာရီ ဖြစ်သည်ဟု မသိရှာသော ဦးအောင်ဆန်းနှင့် ဝန်ကြီးအဖွဲ့ဝင် များသည် တိုင်းရေးပြည်ရာ စိတ်မအေးနိုင်ဘဲ အတွင်းဝန်ရုံးရှိ ဦးအောင်ဆန်း အခန်းသို့ အလျှိုအလျှို ရောက်လာ၏။ ခုနစ်မိုင်၊  အေဒီ လမ်းရှိ ဦးစော၏ အိမ်သို့ လှမ်းကြည့်ပြန်လျှင်ကား ၁၂ နံပါတ်၊ ခြင်္သေ့ စစ်တပ်သားသဏ္ဌာန် ဝတ်ဆင်ထားသူ ငါးယောက်တို့သည် ဦးစော၏ရှေ့မှောက်တွင် ရှိနေ၏။ဦးစောက..”မင်းတို့ကတော့ ဗိုလ်ချုပ် အောင်ဆန်း ကို မြင်ဖူးတာ မဟုတ်ဘူး ၊ ဟောဒီက မောင်စိုး ပစ်တဲ့နောက်ကိုသာ မင်းတို့က လိုက်ပစ်။ ငါလိုချင်တာက အစည်းအဝေးခန်း မကြီးထဲမှာတွေ့သမျှလူအားလုံး တစ်ယောက်မှ မကျန်စေ နဲ့၊ အကုန်ပစ်သတ်၊ နောက်ပြီး ဘညွန့်ကိုလည်း..မီးထိုးပေး၊ သခင်နုကို မလွတ်စေနဲ့ ..” ထိုသို့ပြောဆိုနေစဉ်” အတွင်းဝန်ရုံးမှာ ယနေ့ အစည်းအဝေးရှိသည်”ဆိုသော သတင်း ရောက်လာသည်။  ဦးစောသည် သူအလိုရှိသော အချိန် နာရီသို့ ရောက်အောင် ခေတ္တ ခဏမျှ   စောင့်ဆိုင်းသည်။ ပြီးမှ “ကဲ ငါ့တပည့်များ၊ အောင်မြင်ပါ စေကွာ”ဟုပြောကာ ဂျစ်ကားပေါ် တက်ခိုင်းသဖြင့် လူသတ်သမား ငါးယောက် တို့သည် ဂျစ်ကားပေါ် တက်ထိုင်မိကြပြီ။ ဂျစ်ကားကား အတွင်းဝန်ရုံးရှိရာ အရှိန်ပြင်းစွာမောင်းနှင်ခဲ့ပြီ။ သြော်.. ဇူလိုင် ၁၉ အဖြစ်ဆိုး၏။ စဦး၊ ခြေလှမ်းပြင်၊ လှုပ်ရှားမှု။


နောက်ဆုံး ဦးအောင်ဆန်းတို့ စည်းဝေးရာခန်းမကြီးသို့ တက်ရောက်ရမည့် လှေ ကားရင်းသို့ ဂျစ်ကားထိုးဆိုက်ခဲ့ပြီ။ လူသတ်သမားများ သည် စတင်းဂန်းနှင့် တော်မီ ဂန်းသေနတ်များကို ကိုယ်စီမောင်း တင်ကာ ကားပေါ်မှ ခုန်ဆင်းကြ၏။လူသတ်သမား ငါးဦးအနက် တစ်ယောက်က..”အဆင်သင့်စောင့်နေ၊ တို့ခုပဲ ဆင်းလာခဲ့မယ်” ကားဆရာကို အမိန့်ပေး၏။ ပြီးတော့ “ကဲ လာ တို့တက်ကြရအောင်” ဟု ဆိုကာသူကဦးဆောင်တက်သွား၏။အခြေအနေ  ဖြောင့်ဖြူးလိုက်ပုံမှာ အပေါ်သို့ တက်လာစဉ် (အစီအစဉ်ရှိစွာ) ကြိုတင်၍တာဝန်ချ ထားသော၊ ၄င်းတို့၏ အရပ်ဝတ်၊အရပ်စားနှင့် လက်နက်ကိုင်များကို နေရာအနှံ့အပြား၌ တွေ့ရ၏။ထိုသူများအနက် အထူးသဖြင့် ဗိုလ် ချုပ်အောင်ဆန်းတို့၏ အစည်းအဝေးခန်းမ အနီးရှိ လူက..အစည်းအဝေးခန်းမအား မေးငေါ့ပြ အချက်ပေး၏။  ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအဝတွင် မင်းစေကလေး တစ်ယောက်စောင့်နေရာ လူ သတ်သမားများက အစည်းအဝေးခန်းမ တံခါးအား တွန်းဖွင့်ရန် ပြုလုပ် သဖြင့် မင်း စေကလေးက တားမြစ်၏။ “မဖွင့်ပါနဲ့ဗျာ။ အထဲမှာ အစည်းအဝေး လုပ်နေတယ်” “ဖွင့်တယ်ကွာ ဘာဖြစ်လဲ၊ မင်းအသာနေ စမ်း” ဟုဆိုကာ မင်းစေအားကြိမ်းမောင်းလျက် ဘေးသို့တွန်းပစ်၏။ ထို့နောက် တံခါးဖွင့်၍ အထဲသို့ လူသတ်သမားများ ခေါင်းပြူကြည့် လိုက်စဉ်..အစည်းအဝေးလုပ်နေသော ဝန်ကြီးများ လူသတ်သမားများဘက် တအံတသြ လှည့် ၍ ကြည့်ကြသည်။

ဦးအောင်ဆန်း အခန်းတွင်းသို့..စတင်းဂန်းသမားများ ပြေးဝင်လာရာ၊ ဦးအောင်ဆန်းမှာ လူသတ်သမားများအား မြင်လျှင်မြင်ချင်း ၄င်း အား သတ်ရန်လာသူ များဟု ယူဆပုံရသည့်အတိုင်း ထိုင်ရာမှထ လျက် လူသတ်သမားများဘက် လက်ကာ လျက်..။ တစ်ခုခုကို ရှင်းပြ မည့်ဟန် တွေ့ရ လင့်သော်လည်း သွေးဆာနေသော ဦးစော ၏ တပည့်များက စတင်းဂန်းနှင့် စတင်ပစ်ခတ်တော့သည်။ နောက်တစ် ပြိုင်နက် ပစ်ခတ်မှုကြီး စတင်ရာ ဝန်ကြီးတစ်စုမှာ မိုးပေါက်များပမာ ‘ဖြာ’ထွက်လာသည့် ကျည်ဆံများ အကြား ဗလုံးဗထွေး အလဲလဲ အပြိုပြို။ ဗိုလ်ချုပ်အောင်ဆန်းကား ပထမဆုံး လူသတ်သမား၏ လက်ချက်ဖြင့် ၃၊ ၄ ချက်မျှ  ကျည်သင့်သွား သော်လည်း ရုတ်တရက် ထိုင်ချ ကာ စားပွဲနှင့် ၄င်း၏ကိုယ်ကို အကာအကွယ်ယူသေး၏။ သို့သော် လူသတ်သမားက စားပွဲအောက်သို့ ပင် ဒူးထောက်၍ သဲသဲမဲမဲ ပစ်သွင်းရာ ဗိုလ်ချုပ်အောင်ဆန်းမှာ တစ်ကိုယ်လုံး ကျည်သင့်၍ အသက်နှင့်ကိုယ်ကွဲရသော အဆင့်သို့ ရောက်ရရှာသည်။ ဝန်ကြီး သခင်မြ၊ ဦးဘချို၊ မန်းဘခိုင်၊ ဗိုလ်ချုပ်အစ်ကို ဦးဘဝင်း၊ ဆရာကြီး ဦးရာဇတ်တို့မှာလည်း ရင်မှာသွေးပွက်ပွက်ဆူလျက် ဘဝလမ်းဆုံး   ရောက်ရရှာ၏။ မိုင်းပွန်စော်ဘွားကြီး၊ ICS ဦးအုန်းမောင်၊ ဝန်ကြီးဦးရာဇတ်၏ သက်တော်စောင့် ကိုထွေး တို့မှာလည်း လူသတ်သမား များ၏ ဆက်လက်ပစ်ခတ်ခြင်းကို ခံခဲ့ ရရှာသည်။

ကျွန်တော်သည် စာစုနိဂုံးအား ဗိုလ်ချုပ် တို့ကျဆုံးပြီး ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် နေ့၌ ဗိုလ်ချုပ်၏မိခင်၊ အမေဒေါ်စု၏ တိုင်း ပြည် သို့ ရေဒီယိုမှပြောကြားခဲ့သော စကား၊ အပိုဒ်တစ်ပိုဒ်ဖြင့် နိဂုံးပြုလိုသည်။ ယင်း မှာ..”လွန်ခဲ့သည့်နှစ်က ဂဠုန်အဖွဲ့ ခေါင်း ဆောင် ဦးစောအား သူခိုးကျင့်၊ သူခိုးကြံ၊ လူမသမာတစ်စုက ချောင်းမြောင်း လုပ်ကြံ ပစ်ခတ်ခဲ့စဉ်က သားဖြစ်သူဗိုလ်ချုပ်အောင်ဆန်းသည် များစွာရှုတ်ချ၊ ကဲ့ရဲ့စကားများ ပြောခဲ့ တယ်။ မိမိထံကို နယ်လှည့်လာရင်း ဝင် ရောက်ကန်တော့စဉ်အခါက မိမိကစိုးရိမ်ကာ”လူဆိုတာ အထက်ရောက်နေလျှင် မနာ လိုဖြစ်ပြီး မလိုသူများက မကောင်းကြံစည် တတ်တယ်။ အစစအရာရာသတိထားပါ” ဟု ပြောမိသေးတော့ သူက  “ဗျာ..ဘုရားတောင်မှ အတိုက်အခံရှိ သေးတာပဲ။ အမှန်မှာတော့ ကိုယ်ကသာ လမ်းမှန်ဘက်ကနေပြီး အကြောင်းမှန်ကို ကိုယ်က လက်ကိုင်ထားရင် ဘာမှကြောက် စရာမလိုပါဘူး။ စစ်တိုက်တုန်းကတောင် မသေခဲ့သေးတာ မစိုးရိမ်ပါနဲ့။ အခု တိုင်း ပြည်လူထုဟာ အရင်လိုမဟုတ်ဘူး။ ဝေဖန် တတ်လာပါပြီ” ဟု အားရပါးရ ရယ်မော ၍ ပြန် ပြောခဲ့ပါသေးတယ်။ ခု အောင်ဆန်းဟာ သူအလွန် မုန်းတီး ရွံရှာတဲ့ချောင်းမြောင်းလုပ်ကြံ တဲ့နည်းနဲ့ပဲသေလွန်သွားရှာတယ်”[ရည်ညွှန်း-မြဝတီမဂ္ဂဇင်းစာတည်းအဖွဲ့မှ ပြုစုသော ယခင် ပြည်သူ့ ဟစ်တိုင်၁၉၄၇ခုနှစ်ထုတ်သတင်းစာများမှ ဦးစော လုပ်ကြံမှုသတင်းများ၏အချက်အလက်များအား ရည်ညွှန်းကိုး ကား၍ဤစာကိုရေး ပါသည်။]
စည်သူမြသန်း

No comments:

Post a Comment