Thursday 19 July 2012

နွားထိုးကြီးမြို့နယ် မင်းစုံတောင်ခြေရှိ တောင်ကုန်းများ အလိုအလျောက် မြေလွှာအက်ကွဲပြိုကျမှုဖြစ်ကာ စိမ့်ရေထွက်ရှိခြင်းများ ဖြစ်ပေါ်လျက်ရှိ


မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် မင်းစုံတောင်ခြေရှိ တောင်ကုန်းများ မိုးရွာခြင်း၊ ငလျင်လှုပ်ခြင်းမရှိဘဲ အလိုလျောက် မြေလွှာအက်ကွဲပြိုကျမှုဖြစ်ကာ စိမ့်ရေထွက်ရှိခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ဇူလိုင်လ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သော အဆိုပါတောင်ပြိုကျရာ တောင်ကုန်းနေရာတွင် ယခုအခြေအနေထိ မြေလွှာအက်ကွဲကြောင်းများ ဖြစ်ပေါ်လျက်ရှိပြီး သစ်ပင်များ ပြိုလဲခြင်း၊ ပြိုပျက်ပြီး မြေသားများမှာ လှိုဏ်ခေါင်းသဖွယ် ဖြစ်ပေါ်လျက်ရှိခြင်း၊ စိမ့်ရေများ ထွက်ရှိလျက်ရှိရာ မြေပြိုကျမှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည့် အခြေအနေများကြောင့် လာရောက်ကြည့်ရှုသူ ဒေသခံများအား သတိပေးစာတန်းများ ကပ်ထားသည်ကို တွေ့ရသည်။
''အခုလိုမဖြစ်ခင်ကလည်း မိုးသဲကြီးမဲကြီးရွာတာမျိုးလည်း မရှိသလို ငလျင်လှုပ်တာလည်း မရှိဘူး။ အခုဖြစ်တဲ့တောင်ကုန်းပေါ်မှာ ဘုန်းကြီးကျောင်းတို့ လူနေအိမ်ခြေတို့ မရှိတဲ့အပြင် လူသူလေးပါးလည်း အရောက်နည်းတော့ ထိခိုက်ဒဏ်ရာရရှိတာမျိုးတော့ မရှိခဲ့ပါဘူး''ဟု လာရောက်ကြည့်ရှုသည့် နွားထိုးကြီးမြို့နယ် ကိုင်းလယ်ကျေးရွှာမှ ဒေသခံတစ်ဦးက ပြောကြားပါသည်။
ယင်းကဲ့သို့ အလိုအလျောက် မြေပြိုကျခြင်းဖြစ်ပေါ်ခဲ့ရာတွင် အလျားပေ ၃၅၀ခန့်၊ အနံပေ ၁၃၀ ခန့်၊ အနက် ၂၅ပေ ခန့်အောက်သို့ မြေကျွံကျခဲ့ခြင်းဖြစ်ပြီး မြေအက်ကြောင်းများမှာ ၂ ပေ အကျယ် ပေ ၃၀ ကျော်အထိ ရှည်လျားကြောင်း သိရသည်။ တောင်ပြို၊ မြေကျွံသည့် တောင်ကုန်းများမှာ အမြင့်ပေ ၅၀၀ ခန့်ရှိကြောင်း၊ အကျယ်အ၀န်းမှာ သုံးဧကခန့်ရှိကြောင်း၊ ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

''တောင်ပေါ် တောရဆရာတော်ကတော့ ရေတွင်းတူးတုန်းက ပေ ၂၄၀ မှာကို ရေမတွေ့ရဘူး။ ဒီမှာရေတွေ့တယ်ဆိုတော့ အံသြမိတယ်ဆိုပြီး ပြောတယ်။ ထွက်တဲ့ရေက ငံပြီးခါးတယ်။ တောင်ပေါ်မှာပေါက်နေတဲ့ အပင်တွေကလည်း ခြောက်သွေ့နေတယ်။ တောင်မပြိုခင်က အတွင်းပိုင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာ ကိုယ်တွေ့မှ မသိနိုင်တာ''ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
ထိုကဲ့သို့ ဖြစ်ပေါ်ရာနေရာသည် နွားထိုးကြီးမြို့အရှေ့ဘက် ရှစ်မိုင်အကွာနှင့် မန္တလေး-မြင်းခြံလမ်းမှ တောအတွင်း နှစ်မိုင်ခန့်အကွာတွင်တည်ရှိပြီး မင်းစုံတောင်ရှိ တောင်ကုန်း ၉၉လုံး အနက်မှ တောင်လေး၊ ငါးလုံးခန့် မြေကြီးအက်ကွဲပြိုကျမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ အနီးဝန်းကျင်ရှိ စင်္ကြာ တောင်၊ မိုးစက်တောင်နှင့် မင်းစုံတောင်တို့မှာ တြိဂံပုံသဏ္ဍာန် အနေအထားတည်ရှိလျက်ရှိကြောင်း  သိရသည်။

No comments:

Post a Comment