Friday 2 November 2012

အစိုးရအရာရှိများနှင့် ရင်းနှီးသည် သည့် ကုမ္ပဏီ ဖြစ်ကြောင်းပြောဆိုကာ ငွေကျပ် သိန်း(၁၈၀) ကို လိမ်လည်သွားမှု


အမှုမှာ ၅-၈-၂ဝ၁၂ ရက်နေ့တွင် တရားလို ဒေါ်ဇိန်နမ်း၊ (၅ဝ)နှစ်၊ (တောင်ယာ လုပ်)၊ ချင်း/ခရစ်ယာန်၊ (ဘ)ဦးရန်အုပ်၊ အမှတ်(၁၈/R)၊ အခန်း(၂၃)၊ (၆)လွှာ၊ မာတလိလမ်း၊ (၁ဝ)ရပ်ကွက်၊ လှိုင်မြို့နယ် နေသူသည် မန္တလေးမြို့မှ ရန်ကုန်မြို့ သို့ '' အာကာသ ''
ခရီးသည်တင်ယာဉ်ဖြင့် စီးနင်းလိုက်ပါလာခဲ့ရာ ယာဉ်ပေါ်တွင် ဦးတင်ဝင်း(စုံစမ်းဆဲ)၊ ဒေါ်သန်းသန်းဌေး(စုံစမ်းဆဲ) ၊ အမည်မသိ အမျိုးသမီးတစ်ဦး တို့နှင့် ခင်မင်ရင်းနှီးသိကျွမ်းခဲ့ကြောင်း၊ ၎င်း ဦးတင်ဝင်း ပါ(၃)ဦး မှ ယခုအုပ်ချုပ် နေသော အစိုးရအရာရှိများနှင့်ပူးပေါင်း၍ ကုမ္ပဏီဖွင့်ထားကြောင်း၊ ၎င်းကုမ္ပဏီတွင် ငွေကျပ်သိန်း (၂ဝဝ)ရင်းနှီး မြှပ်နှံပါက ငွေကျပ်သိန်း(၆ဝဝ)ကုမ္ပဏီမှ ပြန်လည် ချေးငှားပေးကြောင်း၊ အဆိုပါ ချေးငွေအား အရစ်ကျပေးဆပ်၍ရကြောင်း စသည်ဖြင့် အမျိုးမျိုး ယုံကြည်အောင် ပြောဆိုသည့် အပြင် တရားလို ကိုင်ဆောင်သည့် ဖုန်းအမှတ် ဝ၉၄ဝဝ၃ဝ၃၄၄၅ သို့ အကြိမ်ကြိမ်ဆက်သွယ်၍ ကုမ္ပဏီသို့ ငွေကျပ်သိန်း (၂ဝဝ)ရင်းနှီးမြှပ်နှံရန်ပြောဆိုခဲ့သဖြင့် တရားလိုမှ ၎င်းပိုင်ငွေကျပ်သိန်း(၁၈ဝ) သာရှိကြောင်း ပြောပြရာ ဦးတင်ဝင်း ပါ(၃)ဦးမှ ငွေကျပ်သိန်း(၁၈ဝ)ဖြင့် ငွေကျပ်သိန်း(၆ဝဝ)အား ကုမ္ပဏီမှ ချေးယူနိုင်ရန် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ပြောဆိုပြီး ၁၇-၈-၂ဝ၁၂ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ အုတ်ပုံဆိပ်လမ်းရှိ ရွှေမင်္ဂလာ(၂)စားသောက်ဆိုင်တွင် တရားလို နှင့် ဦးတင်ဝင်း ပါ(၃)ဦးတို့ တွေ့ဆုံကာ တရားလိုယူဆောင်လာသော ငွေကျပ် သိန်း(၁၈ဝ)အား ဦးတင်ဝင်း ပါ(၃)ဦး သို့ပေးအပ်စဉ် ၎င်းတို့မှ တရားလိုအား ငွေကျပ်သိန်း(၆ဝဝ)ပါ အိတ်အား ပြန်လည်ပေးအပ်သဖြင့် နေအိမ်သို့ပြန် လာ ပြီး ငွေကျပ်သိန်း (၆ဝဝ) အား စစ်ဆေးခဲ့ရာ ၁ဝဝဝ ကျပ်တန် အရွက် အသေး (၁) သိန်းအုပ်၏အလယ်တွင် ၁ဝဝဝ ကျပ်တန်ဆိုဒ်တူ စက္ကူများထည့်၍ စီထား ကြောင်း တွေ့ရှိရ၍ မရမ်းကုန်းရဲစခန်း(ပ)၄၈၃/၂ဝ၁၂၊ ပြစ်မှုပုဒ်မ ၄၂ဝ ပါ အမှုဖြင့် အရေးယူဆောင်ရွက်မှုဖြစ်ပါသည်။

စုံစမ်းဆောင်ရွက်ချက်

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ဦးစီး(၁)ဌာနခွဲ၊ မှုခင်းအကူဌာနစု မှ ဌာနစုမှူး ရဲအုပ် ဘုန်းမင်းစိုး ကြီးကြပ်မှုဖြင့် ဒုရဲအုပ် လင်းဟုန် နှင့်အဖွဲ့သည် အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများ ကိုင်ဆောင်အသုံးပြုခဲ့သည့် တယ်လီဖုန်းအမှတ် ဝ၉၄၂၁ဝ၄၉၈၄၁ နှင့် ပတ်သက်၍ ဆက်သွယ်မှု မှတ်တမ်းများ စစ်ဆေးခြင်း၊ ပြစ်မှုကျူးလွန်သူများ စီးနင်းခဲ့သည့် အာကာသ ခရီးသည်တင်ယာဉ်လိုင်းမှ လက်မှတ်ဝယ်ယူမှုမှတ်တမ်းပါ မှတ်ပုံတင် နံပါတ်များနှင့် ပတ်သက်သည့် အချက်အလက်များ စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် အလားတူပြစ်မှုကျူး လွန်တတ်ကြောင်း သတင်းရရှိသည့် ထွန်းစော၊ (၆ဝ)နှစ်၊ (ကျောက်သွေး)၊ (ဘ)ဦးသိန်းမြ၊ မ(၄၇၆/က)၊ အင်ကြင်းလမ်းသွယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ လွန်းမောင်၊ (၆ဝ)နှစ်၊ (နာရီပြင်)၊ (ဘ)ဦးစိန်ပန်း၊ မ/၃၄၊ သီရိလမ်း၊ (၂)ရပ်ကွက်၊ လှိုင်မြို့နယ် နှင့် ဒေါ်နွဲ့(ခ)ဒေါ်လှမြင့်၊ (၅၆)နှစ်၊ (ဈေးရောင်း)၊ (ဘ)ဦးချစ်၊ မ/၃၄၅၊ ခေမာ(၂)လမ်း၊ (ဌ)ရပ်ကွက်၊ မ/ဥက္ကလာပမြို့နယ် တို့အား တိုက်ဆိုင်စစ်ဆေးခဲ့ရာမှ ပြစ်မှု ကျူးလွန်သူများမှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် နေ အောင်မြင့်(ခ)တင်ဝင်း၊ ခင်ဝင်းမြင့်(ခ)သန်းသန်းဌေး(ခ)ဘုတ်ဆုံ နှင့် မနန်းအမ်ခေါင် တို့ဖြစ်နိုင်ကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ၎င်းတို့ နေအိမ်များတွင် လက်ရှိနေထိုင်ခြင်းမရှိကြောင်း သိရှိရသဖြင့် ဆက်လက် စုံစမ်းဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ကန်/တောင်ရပ်ကွက်၊ သိမ်ကုန်းဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ရတနာ သိင်္ခကျောင်းတွင် တည်းခိုနေထိုင်လျက်ရှိကြောင်း သတင်းအတည်ပြု ရရှိခဲ့ပါသည်။

တရားခံများ ဖမ်းဆီးခြင်း

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ဦးစီး(၁)ဌာနခွဲ၊ မှုခင်းအကူဌာနစု မှ ဌာနစုမှူး ရဲအုပ် ဘုန်းမင်းစိုး ကြီးကြပ်မှုဖြင့် ဒုရဲအုပ် လင်းဟုန် နှင့်အဖွဲ့သည် အမှုမှတရားခံများ ဖမ်းဆီးရမိရေးအတွက် မြို့နယ်သံဃာ့နာယကအဖွဲ့၊ အတွင်းရေးမှူး ဆရာတော် ဦးဝိမလ အားလျှောက်ထားပြီး တရားခံများ တည်းခိုနေထိုင်လျက်ရှိကြောင်း သတင်းရရှိသည့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/တောင်ရပ်ကွက်၊ သိမ်ကုန်းဘုန်းကြီးကျောင်းသို့ ၂၃-၈-၂ဝ၁၂ ရက်နေ့ ၂၁၃ဝ အချိန် သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေရာ အောက်အမည်ပါ တရားခံ(၃)ဦးတို့အား ဖမ်းဆီးရမိခဲ့ပါသည်-

(က) အောင်မြင့်(ခ)တင်ဝင်း၊ (၅၄)နှစ်၊ (ကျဘမ်း)၊ (ဘ)ဦးဖိုးကီ၊ (ဗမာ/ဗုဒ္ဓ) မ/၅၇၊ (၅၇x၅၈) လမ်းကြား၊ (ဗ)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊

( ခ ) မခင်ဝင်းမြင့်(ခ)မသန်းသန်းဌေး(ခ)ဘုတ်ဆုံ၊ (၄၇)နှစ်၊ (မှီခို)၊ (ဘ)ဦးမြမောင်၊(လိပ်စာတူ)၊ (ဗမာ/ဗုဒ္ဓ)

( ဂ ) မနန်းအမ်ခေါင်(ခ)မရွှေ၊ (၅၇)နှစ်၊ (ကျဘမ်း)၊ (ဘ)ဦးကံငင်း၊ (-/-) မ/မရှိ၊ နေပူရွာရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

စစ်ဆေးပေါ်ပေါက်ချက်

ဒုရဲအုပ် လင်းဟုန် နှင့်အဖွဲ့သည် အမှုမှတရားခံ အောင်မြင့်(ခ)တင်ဝင်း၊ မခင်ဝင်းမြင့်(ခ) မသန်းသန်းဌေး(ခ)ဘုတ်ဆုံ နှင့် မနန်းအမ်ခေါင်(ခ) မရွှေ တို့(၃)ဦးအား စစ်ဆေးရာ အောက်ပါအတိုင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်-

(က) တရားခံ အောင်မြင့်(ခ)တင်ဝင်း၊ မခင်ဝင်းမြင့်(ခ) မသန်းသန်းဌေး (ခ)ဘုတ်ဆုံနှင့် မနန်းအမ်ခေါင်(ခ)မရွှေ တို့(၃)ဦးသည် ၁၂-၈-၂ဝ၁၂ ရက်နေ့ ၂၁ဝဝ အချိန်ခန့် အာကာသယာဉ်လိုင်းဖြင့် မန္တလေးမှ ရန်ကုန်သို့ ထွက်လာခဲ့ကြောင်း၊ မိထ္ထီလာမြို့၊ ထမင်းဆိုင်တွင် ထမင်းစားစဉ် ဒေါ်ဇိန်နမ်း နှင့် ရင်းနှီးခဲ့ကြောင်း၊ ဒေါ်ဇိန်နမ်း မှ မသိုးပုဂံပြား(၄)ချပ်ရောင်းရန်ရှိကြောင်း ပြောဆိုသဖြင့် ၎င်းတို့မှ ဖုန်းအမှတ် ဝ၉၄၂၁ဝ၇၉၈၄၁ အားပေးထားခဲ့ ကြောင်း၊ ရန်ကုန်သို့ရောက်ရှိပြီးနောက် တရားခံ အောင်မြင့်(ခ)တင်ဝင်း ပါ(၃)ဦးသည် ဦးအိန္ဒာဆာရ သတင်းသုံးနေထိုင်သည့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရတနာ သိင်္ခကျောင်းတွင် တည်းခိုနေထိုင်ခဲ့ကြောင်း စစ်ဆေးသိရှိရပါသည်။

( ခ ) ၁၃-၈-၂ဝ၁၂ ရက်နေ့တွင် တရားခံ အောင်မြင့်(ခ)တင်ဝင်း ပါ(၃)ဦး မှ ဒေါ်ဇိန်နမ်း၏ ဖုန်းအမှတ် ဝ၉၄ဝဝ၃ဝ၃၄၄၅ သို့ ဆက်သွယ်ပြီး မရမ်းကုန်း မြို့နယ်၊ ကုလားဘုရား ကျောင်း အနီးရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်သို့ ချိန်းဆိုကာ ဒေါ်ဇိန်နမ်း နှင့် တွေ့ဆုံခဲ့ ကြောင်း၊ တရားခံ အောင်မြင့်(ခ)တင်ဝင်း ပါ(၃)ဦး မှ ယခုအုပ်ချုပ်နေသော အစိုးရအရာရှိများ နှင့်ပူးပေါင်း၍ ကုမ္ပဏီဖွင့်ထားကြောင်း၊ ၎င်းကုမ္ပဏီတွင် ငွေကျပ်သိန်း(၂ဝဝ) ရင်းနှီး မြှပ်နှံပါက ငွေကျပ်သိန်း(၆ဝဝ) ကုမ္ပဏီမှ ချေးငှားပေး ကြောင်း၊ ငွေကျပ်သိန်း (၆ဝဝ)အား အရစ်ကျပေးဆပ်၍ ရကြောင်း တို့အား အမျိုးမျိုးယုံကြည်အောင် ပြောဆို၍ ပြန်လာခဲ့ကြောင်း စစ်ဆေးသိရှိရပါ သည်။

( ဂ ) ၁၆-၈-၂ဝ၁၂ ရက်နေ့တွင်လည်း တရားခံ အောင်မြင့်(ခ)တင်ဝင်း ပါ(၃)ဦး မှ ဒေါ်ဇိန်နမ်း ၏ ဖုန်းအမှတ် ဝ၉၄ဝဝ၃ဝ၃၄၄၅ သို့ဆက်သွယ်ပြီး ဗဟန်း မြို့နယ်၊ အာဇာနည်ကုန်း အနီးရှိ ယိုးဒယားထမင်းဆိုင်တွင် တွေ့ဆုံခဲ့ကာ ငွေကျပ် သိန်း (၂ဝဝ) ရင်းနှီးမြှပ်နှံ ပါက ငွေကျပ်သိန်း(၆ဝဝ)ကို ကုမ္ပဏီမှ ချက်ချင်း ပြန်ထုတ်ချေး မည်ဖြစ်ကြောင်း ယုံကြည်အောင် ပြောဆို၍ ပြန်လာခဲ့ကြောင်း စစ်ဆေးသိရှိရပါသည်။

(ဃ) ၁၇-၈-၂ဝ၁၂ ရက်နေ့ ဝ၉ဝဝ အချိန် ဒေါ်ဇိန်နမ်း မှ တရားခံ အောင်မြင့်(ခ)တင်ဝင်းပါ(၃)ဦး ထံ ဖုန်းဆက်သွယ်ပြီး ရင်းနှီးမြှပ်နှံရန် ငွေကျပ် သိန်း(၁၈ဝ)သာရှိကြောင်း ပြောဆိုရာ တရားခံ အောင်မြင့်(ခ)တင်ဝင်း ပါ(၃)ဦးမှ ငွေကျပ် သိန်း (၁၈ဝ)ဖြင့် ငွေကျပ်သိန်း (၆ဝဝ)အား ကုမ္ပဏီမှ ချေးယူနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆို သဖြင့် ၁၁ဝဝ အချိန် မရမ်းကုန်း မြို့နယ်၊ အုတ်ပုံဆိပ်လမ်းရှိရွှေမင်္ဂလာ(၂) စားသောက်ဆိုင်တွင် တရားခံ အောင်မြင့်(ခ)တင်ဝင်း ပါ(၃)ဦး နှင့် ဒေါ်ဇိန်နမ်း တို့ တွေ့ဆုံခဲ့ပြီး ၎င်းမှ ယူဆောင်လာသော ငွေကျပ်သိန်း (၁၈ဝ)အားတရားခံ တင်ဝင်း ပါ(၃)ဦးသို့ပေးအပ်ခဲ့ရာ ၎င်းတို့မှ ငွေကျပ်သိန်း (၆ဝဝ)ပါ အိတ်အားပြန်လည် ပေးအပ်ပြီး ဒေါ်ဇိန်နန်း အား အငှားယာဉ်ဖြင့် နေအိမ်သို့ ပြန်ခိုင်းခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

( င ) တရားခံ အောင်မြင့်(ခ)တင်ဝင်း ပါ(၃)ဦးသည် လိမ်လည်ရရှိခဲ့သည့် ငွေကျပ်သိန်း (၁၈ဝ)အနက် ငွေကျပ် သိန်း(၁၅ဝ)အား ၁၇-၈-၂ဝ၁၂ ရက်နေ့တွင်ပင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်း ရှိ မြန်မာ့ရှေ့ဆောင်ဘဏ် မှတစ်ဆင့် မန္တလေးမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်ဝန်ထမ်းဖြစ်သူ မနန်းခမ်းလင်း ထံသို့ အောင်မြင့်(ခ)တင်ဝင်း အမည်ဖြင့် လွှဲပြောင်းပေးခဲ့ ကြောင်း၊ မန္တလေးမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်တွင် အောင်မြင့်(ခ) တင်ဝင်း ၏ သမီးဖြစ်သူ မစုစန္ဒီအောင် အမည်ဖြင့် ငွေကျပ်သိန်း(၁ဝဝ)အား လည်းကောင်း၊ မနန်းအမ်ခေါင် ၏သမီးဖြစ်သူ မခင်သက်ဝင်း အမည်ဖြင့် ငွေကျပ်သိန်း(၅ဝ)အား လည်းကောင်း ငွေစာရင်းဖွင့်လှစ်ပြီး စုဆောင်းထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

သက်သေခံပစ္စည်းသိမ်းဆည်းခြင်း

ဒုရဲအုပ် လင်းဟုန် နှင့်အဖွဲ့သည် တရားခံ အောင်မြင့်(ခ)တင်ဝင်း ပါ(၃)ဦးထံ မှ အောက်ပါသက်သေခံ ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ပါသည်-

(က) ငွေကျပ် ၁ဝဝဝဝ တန် (၃)ရွက်

( ခ ) ငွေကျပ် ၅ဝဝဝ တန် (၆ဝ၉)ရွက်

( ဂ ) ငွေကျပ် ၁ဝဝဝ တန် (၂၆၄)ရွက်

(ဃ) ၅-၈-၂ဝ၁၂ ရက်စွဲပါ ဒေါ်ခင်ဝင်းမြင့် အမည်ဖြင့် အာကာသယာဉ်လိုင်းကားလက်မှတ်(၁)စောင်

( င ) ပြစ်မှုကျူးလွန်စဉ် တရားခံများ အသုံးပြုခဲ့သည့် ဝ၉၄၂၁ဝ၇၉၈၄၁ နံပါတ်ပါလက်ကိုင်ဖုန်း(၁)လုံး

( စ ) အောင်မြင့်၊ မခင်ဝင်းမြင့်၊ မနန်းအမ်ခေါင် အမည်များပါ နိုင်ငံသားစိစစ်ရေးကဒ် (၃)ခု

(ဆ) ငွေစက္ကူအရွယ်ပုံစံတူပြုလုပ်ရာတွင် အသုံးပြုသည့် အလျား(၈)လက်မ၊ အနံ(၃)လက်မရှိ အညိုရောင်စက္ကူပိုင်းငယ် (၂၂ဝ)ရွက်

( ဇ ) ငွေစက္ကူပါကင်ထုပ်ရာတွင် အသုံးပြုသည့် အလျား(၁၄)လက်မ၊ အနံ(၁)လက်မ ခွဲရှိအညိုရောင်စက္ကူပိုင်းငယ်(၅၅)ရွက်

(ဈ) မနန်းခမ်းလင်း၊ ၁၃/သပန(နိုင်)ဝ၂၉၁၄၇၊ ဦးအောင်မြင့်၊ ၉/မနတ(နိုင်)ဝ၇၂၇၃၂၊၁၅ဝ,ဝဝ,ဝဝဝ စသည့် စာများရေးသားထားသည့် စာရွက်ပိုင်းငယ်(၁)ရွက်

(ည) ရွှေရောင် ဆွဲကြိုး(၂)ကုံးနှင့် လက်ကောက်(၂)ကွင်း

တင်ပြချက်

တရားခံ အောင်မြင့်(ခ)တင်ဝင်း ပါ(၃)ဦးအားဖမ်းဆီးစစ်ဆေးခဲ့ရာ ငွေကျပ် သိန်း(၁၈ဝ) လိမ်လည်ရယူမှုအား ဖော်ထုတ်နိုင်ခဲ့ပြီး တရားခံများထံမှ ငွေကျပ်စုစုပေါင်း ၃၃၄၉ဝဝဝ အား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပါသည်။

By မြန်မာနိုင်ငံရဲတပ်ဖွဲ့ 

No comments:

Post a Comment