Friday 2 November 2012

အမေရိကန်တွင် ဆန်ဒီမုန်တိုင်းကြောင့် သေဆုံးသူ ၇၂ ဦးထိရှိလာ


အမေရိကန်နိုင်ငံတွင် ဝင်ရောက် တိုက်ခတ်သွားသည့် ဆန်ဒီမုန်တိုင်းကြောင့် အနည်းဆုံး လူပေါင်း (၇၂)ဦးထိ အသေအပျောက် ရှိလာကြောင်း သိရသည်။ အလွန်အင်အား ပြင်းထန်သော ဟာရီကိန်း အဆင့် မုန်တိုင်းကြီးကြောင့်
နယူးယော့ခ်မြို့တော် အပါအဝင် အမေရိကန် ပြည်နယ်အချို့တွင် ဆိုးရွားသော ပျက်စီးမှုများ ပေါ်ပေါက်လာခဲ့သည်။ ဟာရီကိန်း မုန်တိုင်းအပြင် ဆောင်းရာသီ မုန်တိုင်းများလည်း ဝင်ရောက် မွှေနှောက်ခဲ့ခြင်းက အမေရိကန် အရှေ့ဘက် ကမ်းခြေ ဒေသကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်။

ယခုအချိန်ထိ အပျက်အစီးများကြား ပိတ်မိနေသူများနှင့် သေဆုံးနေသူများကို ကယ်ဆယ်ရေးများက လိုက်လံ ရှာဖွေနေဆဲ ဖြစ်သည်။ အက်စ်တန် အရပ်တွင် အကူအညီပေးရန် အရေးပေါ် မောင်းနှင်လာသည့် မီးသတ်ကားပေါ် သစ်ပင် လဲကျသဖြင့် မီးသတ်အရာရှိ ရက်ဆဲလ် နီအာရီ သေဆုံးခဲ့သည်။ ၎င်းသည် အခြား မီးသတ် ဝန်ထမ်းများနှင့်အတူ မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သော အပျက်အစီးများကို ရှင်းလင်းရန် ကြိုးစားနေခြင်း ဖြစ်သည်။

 

မုန်တိုင်းကြောင့် နေအိမ် (၇)သန်းကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့သလို အိမ်များ၊ တံတားနှင့် အခြားအဆောက်အအုံများ ပျက်စီးခဲ့သည်။ ထို့အပြင် သစ်ပင်ပေါင်းများစွာ လဲပြိုခဲ့သည်။ အမေရိကန် သမ္မတ ဘာရတ် အိုဘားမားသည် မုန်တိုင်းဒဏ်သင့် ဒေသများသို့ ကိုယ်တိုင် သွားရောက်ကာ ဒေသခံများနှင့် တွေ့ဆုံ အားပေးခဲ့သည်။ လက်ရှိတွင် အမေရိကန် ရွေးကောက်ပွဲအတွက် မဲဆွယ်မှုများကို ရပ်ဆိုင်းထားပြီး ကြာသပတေးနေ့တွင်မူ ပြန်လည် စတင်ဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Source: Yahoo

By Planet Myanmar Network

No comments:

Post a Comment