Friday 2 November 2012

အမေရိကန် သံအမတ်ကြီးနှင့် အဖွဲ့ ရမ်းဗြဲရောက်စဉ်မှာ ရခိုင်လူမျိုး တစ်ဦး သတ်ဖြတ်ခံရ


အမေရိကန် သံအမတ်ကြီး ဒဲရစ် မက်ချယ် ( Derek Miitcheel) အဖွဲ့ ရမ်းဗြဲမြို့ကို လာရောက်လည်ပတ် ကြည့်ရှု့သည့် နေ့တွင်ပင် အဆိုပါ မြို့နယ်တွင် ရခိုင်အမျိုးသား တစ်ဦး လည်ပင်း ဓါးနှင့်လှီး သတ်ဖြတ် ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

ရှေးဟောင်း အမွေအနှစ် ရမ်းဗြဲမှ ကိုရန်တောင် ဘုရား။
အမေရိကန် သံအမတ်ကြီးသည် ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ နေ့လည် တစ်နာရီတွင် ရမ်းဗြဲမြို့ကို နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး အပါအ၀င် တစ်ခြား အနောက်နိုင်ငံ သံအမတ်ကြီးများနှင့် အတူ လာရောက် လည်ပတ်ကြည့်ရှု့ခဲ့သည်။

“ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ အမေရိကန် သံအမတ်ကြီး ရမ်းဗြဲကို မရောက်မှီ နာရီ အနည်းငယ် အလိုမှာ ရမ်းဗြဲမြို့နယ် ရမ်းပေါက်အုပ်စု ရွေရွာသစ်က ရခိုင်လူကြီး တစ်ယောက် အသတ်ခံရတယ်။ အခုတော့ အဲဒီ အလောင်းက ရမ်းဗြဲမြို့နယ် ပြည်သူ့ ဆေးရုံကို ရောက်ရှိနေပြီ “ ဟု ရမ်းဗြဲဒေသခံ ဦးကျော်က နိရဉ္စရာသို့ ပြောသည်။

သေဆုံးသွားသူမှာ ရမ်းဗြဲမြို့နယ် ရမ်းပေါက် ကျေးရွာ အုပ်စု ရွေရွာသစ်ရွာမှ ဦးထွန်းမြ (၅၄) ဖြစ်သည်။

“ သူက ရွာကနေ ၄၅ မိနစ်ခန့်ဝေးတဲ့ ကွမ်းခင်းမှာ အလုပ် လုပ်နေစဉ် မနေ့က နံနက် ၁၁ နာရီက အသတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ သူရဲ့ ညာဘက်ပါးမှာ ဓါးဒဏ်ရာ တချက်တွေ့တယ်။ နောက် လည်ပင်းကို ဓါးနဲ့ လှီးထားပါတယ်။ သူအသတ်ခံရတာကို ကြည့်ရင် ရခိုင်တွေ သတ်တာ မဟုတ်ဘူးဆိုတာ သေချာသလောက် ပြောနိုင်ပါတယ်” ဟု သူက ပြောသည်။

ယခုကဲ့သို့ ရခိုင် တစ်ဦး သတ်ဖြတ်ခံရမူကြောင့် ရမ်းဗြဲမြို့နယ်တွင် ဒေသခံ ပြည်သူများ အထူး ဒေါသထွက်နေကြပြီး အာဏာပိုင်များ အပေါ် မကျေနပ်မူများလည်း ရှိနေကြောင်း သိရသည်။

“ အခု ရမ်းဗြဲမြို့ပေါ်မှာ ကမန် လူမျိုး ၄၀၀ ခန့်ကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ စုထားတယ်။ သွားချင်သလို သွားလာနေကြတယ်။ စစ်ဆေးတာ၊ လူစာရင်း စစ်တာတွေ ဘာမှ မရှိဘူး။ အာဏာပိုင်တွေက ခုလို လုပ်နေရင် အချိန် မရွှေးပြဿနာ ပေါ်နိုင်တယ်။ ဒီအပေါ်မှာ မြို့လူထု တော်တော်ခံပြင်းနေကြတယ်” ဟု သူက ပြောသည်။

မြို့ပေါ်တွင် စစ်သားများ လုံခြုံရေး ယူထားသော်လည်း နယ်များတွင် လုံခြုံရေး လုံးဝ ကင်းမဲ့နေသည်ဟု သူက ဆိုသည်။

ထိုကဲ့သို့ လုံခြုံရေး ကင်းမဲ့နေသော အခြေအနေမျိုးတွင် တုတ်ဓါးလက်နက်များကို သုံးရက်အတွင်း အပ်ရမည်ဟု အာဏာပိုင်များက ကျေညာချက်ထုတ်ပြန်သဖြင့် အဆိုပါ လုပ်ရပ် အပေါ်တွင်လည်း မေးခွန်းများ ထွက်ပေါ်နေကြောင်းသိရသည်။

အမေရိကန်သံအမတ်ကြီး Derek Mitchell သည် ဗြိတိန်သံအမတ်ကြီး Andrew Heyn, ၊ သြစတေးလျသံ အမတ်ကြီး Ms. Bronte Moules တို့နှင့် အတူ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး လိုက်ပါလျှက် အရေးအခင်း ဖြစ်ပွားရာ ရခိုင်ပြည်နယ်မှ နေရာ ဒေသများကို လိုက်လံ ကြည့်ရှု့နေကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် ကြာသပတေးနေ့မှ စပြီး ရခိုင်ပြည်နယ်ကို ရောက်ရှိနေကြောင်း သိရသည်

By  Narinjara

No comments:

Post a Comment