Tuesday 2 October 2012

ဂျပန်နှင့် သံတမန်ဆက်ဆံရေး အနှစ် ၄၀ ပြည့် အခမ်းအနားကို တရုတ်ဘက်က ရွှေ့ဆိုင်း


ဂျပန်နှင့် သံတမန်ဆက်ဆံရေး ထူထောင်မှု အနှစ် ၄၀ ပြည့် အခမ်းအနားကို လတ်တလောတွင် ပိုင်နက်အငြင်းပွားမှုပြဿနာ မြင့်တက်နေသောကြောင့် ရွှေ့ဆိုင်းခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းအခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်တွင်ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး သင့်တော်သောအချိန်ရောက်မှသာ ပြန်လည်ပြုလုပ်မည်ဖြစ်ကြောင်း Chinese friendship association မှ အမည်မဖော်သော တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ ဆင်ဟွာက ဖော်ပြခဲ့သည်။ သို့ သော် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းခဲ့ရာ ယင်းရွှေ့ဆိုင်းမှုအပေါ်အတည်ပြုရန် ငြင်းဆန်ခဲ့သည်။

အရှေ့တရုတ်ပင်လယ်ရှိ တိုကျိုထိန်းချုပ်ထားသော ဆင်ကာကူကျွန်းစု ၊ တရုတ်အခေါ် Diaoyu ကျွန်းစု များနှင့်ပတ်သက်ပြီး အာရှအကြီး ဆုံး စီးပွားရေးနှစ်နိုင်ငံအကြား ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းစပြီး ငြင်းခုံလာခဲ့ကြသည်။ ယင်းကျွန်းစုများအနက် ကျွန်းတစ်ခုပေါ်သို့ နှစ်နိုင်ငံမှ တက်ကြွလှုပ်ရှားသူများက သြဂုတ်လတွင် တက်ရောက်ခဲ့ရာမှ အခြေအနေ တင်းမာလာခဲ့သည်။

ယင်းနောက် ဂျပန်အစိုးရက ယင်းကျွန်းစုပိုင်ရှင်များထံမှ ကျွန်းသုံးကျွန်းကို ၀ယ်ယူခဲ့ပြီးနောက် အခြေအနေမှာ အတင်းမာဆုံးရောက်ခဲ့ကာ တရုတ်တွင် ဂျပန်ဆန့်ကျင်ရေးဆန္ဒပြမှုများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။ ယင်းဆန္ဒပြမှုများမှာ တရုတ်ရှိ ဂျပန် စီးပွားရေးလုပ်ငန်းနှင့် စက်ရုံအချို့ ရပ်နားခဲ့ရသည်အထိ အခြေအနေ ဆိုးခဲ့သည်။

Ref:AFP

By Eleven Media Group

Photo - Aye Chan Mon

No comments:

Post a Comment