Monday 10 September 2012

"ပြန်ကြားရေးဝန်ကြီး စာနယ်ဇင်းအသင်းအဖွဲ့များနှင့်တွေ့ဆုံဆွေးနွေး"


ရန်ကုန်၊ စက်တင်ဘာ(၁၀)

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် စာနယ်ဇင်းအသင်းအဖွဲ့သုံးခုမှ ကိုယ်စားပြုပုဂ္ဂိုလ်များနှင့် စက်တင်ဘာ(၈)၊(၉) ရက်နေ့များကတွေ့ဆုံခဲ့သည်။


စက်တင်ဘာ(၈)ရက်နေ့ညနေပိုင်းတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)မှ ဒုဥက္ကဌ-၁ ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)နှင့်တွေဆုံခဲ့ကာ၊ စက်တင်ဘာ(၉)ရက်နေ့ နံနက်ပိုင်းတွင်မူ မြန်မာဂျာနယ်လစ်ကွန်ရက်(MJN)မှ တာဝန်ရှိသူများဖြစ်ကြသည့် ဦးမြင့်ကျော်၊ ဒေါ်တင်ဇာဇော်တို့နှင့်တွေ့ဆုံခဲ့ပြီး၊ မြန်မာနိုင်ငံသတင်းသမဂ္ဂ(MJU) မှတာဝန်ရှိသူများဖြစ်ကြသည့် ဒေါ်အေးအေးဝင်း၊ ဦးဇော်သက်ထွေး တို့နှင့်ပါ သီးခြားစီတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်နဲ့ မိနစ်လေးဆယ်လောက်တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ အဲဒီလိုဆွေးနွေးကြရာမှာ စာနယ်ဇင်းကောင်စီကိစ္စနဲ့ပတ်သက်လို့ အဆိုပြုထားတဲ့အဖွဲ့ဝင်တွေကို
အတည်ပြုလျာထားတာ၊ စာနယ်ဇင်းကောင်စီရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို အတည်ပြုတာတွေကိုဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ မီဒီယာ ဥပဒေတစ်ခုကို
မီဒီယာလောကသားတွေရဲ့ အကြံဥာဏ်ရယူပြီး ရေးဆွဲဖို့ရယ်၊ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို စွဲချက်တင်ထားတဲ့ကိစ္စနဲ့ပတ်သက်လို့
တတ်နိုင်သလောက် ညှိနှိုင်းကူညီပေးဖို့ရယ်တွေကိုလဲ တင်ပြဆွေးနွေးခဲ့ပါတယ်"ဟု ဦးကိုကိုကပြောသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်မှ ဦးမြင့်ကျော်က "မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ဖွဲ့စည်းမယ့် အကြောင်း၊ လျာထားတဲ့ ကောင်စီဝင်တွေရယ် တာဝန်နဲ့လုပ်ပိုင်ခွင့်တွေရယ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့သဘောထားတွေကိုမေးပါတယ်"ဟု ပြောသည်။

"ပြီးခဲ့တဲ့ အမြုတေစာနယ်ဇင်းကောင်စီကိုနည်းနည်းပါးပါးပြန်ပြင်ပြီးတော့ လူလက်ခံနိုင်တဲ့အဖွဲ့အစည်းဖြစ်အောင် ပြန်လုပ်ချင်တာပေါ့လေ။ သူတို့သုံးတဲ့စကားကတော့ all inclusive ပေါ့နော်။ အဲဒီလိုဖြစ်အောင်လုပ်ချင်ပါတယ်ပေါ့။ ပြီးတော့ အဖွဲ့ရဲ့ တာဝန်ဝတ္တရားတွေကို အကြမ်းဖျဉ်းလေးပြောပါတယ်။ အဲဒါတွေအနက်ကမှ
ကိုယ်လက်ခံနိုင်မှာ လက်မခံနိုင်မှာလေးတွေကိုလဲကြည့်ပါပေါ့။ ၀န်ကြီးက ပေါ့ပေါ့ပါးပါးပဲပြောတာပါ။ အဲဒါတွေကိုဖတ်ကြည့်လိုက်တဲ့အခါ ကိုယ့်စိတ်ထဲ သိပ်ပြီးတော့မကြိုက်တဲ့အပိုင်းလေးတွေပေါ့ ဥပမာ အဖွဲ့ဝင်များသည် အစိုးရကဲ့သို့ အာဏာရှိရမည်ဆိုတဲ့အချက်ပေါ့ အဲဒါကတော့ မီဒီယာသမားအချင်းချင်းသိပ်လက်ခံနိုင်မယ့်အချက်မဟုတ်တော့ ပြင်ပေးပါပေါ့။ ပြီးတော့ စာနယ်ဇင်းကောင်စီကနေ သမ္မတဆီကို စာတင်ရမယ်ဆိုတဲ့အချက်ပေါ့ အဲဒါကိုလဲ သိပ်မကြိုက်ဘူးလို့ပြောခဲ့ပါတယ်။ ကျွန်မတို့ကို ရှင်းပြပြီးတော့ အကြံဥာဏ်ယူတဲ့သဘောပါပဲ။ မကြာခင်ရက်ပိုင်းအတွင်းမှာ အားလုံးဆုံကြပြီးတော့ ထပ်စဉ်းစားဆွေးနွေးပေးကြပါပေါ့။ သဘောကတော့ အရင်တစ်ခေါက်က လက်မခံနိုင်ခဲ့ကြတာ အခုတစ်ခေါက်မှာ လက်ခံနိုင်ကြအောင် သူကအကြံပြုကြည့်တဲ့သဘောပါပဲ"ဟု မြန်မာနိုင်ငံသတင်းသမဂ္ဂ(ယာယီ)မှ ဒေါ်အေးအေးဝင်းကပြောသည်။

မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းလိုက်ကြောင်းကို သြဂုတ်လ(၁၀)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြခဲ့ပြီးသည့်နောက်ပိုင်းဝယ် ယင်းတွင်ပါဝင်နေသည့်အဖွဲ့ဝင်အချို့၊ တာဝန်နှင့်လုပ်ပိုင်ခွင့်အချို့ အပေါ် လက်မခံနိုင်ကြောင်း မီဒီယာလောကမှ အသံများထွက်ပေါ်လာခဲ့သည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)ကလည်း အမြုတေစာနယ်ဇင်းကောင်စီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်အချို့ကို ပြင်ဆင်ပြောင်းလဲပေးခြင်းမပြုပါက
မိမိတို့အသင်းကိုယ်စားပြုသူများ စာနယ်ဇင်းကောင်စီတွင်ပါဝင်နိုင်မည်မဟုတ်ကြောင်းကို သဘောထားကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

မြန်မာဂျာနယ်လစ်ကွန်ရက်ကမူ သြဂုတ်လ(၃)ရက်နေ့တွင်ကျင်းပသည့် လုပ်ငန်းကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ စာနယ်ဇင်းကောင်စီတွင်ပါဝင်ဆောင်ရွက်ရန်ကိစ္စကို ပြန်လည်ရုပ်သိမ်းကြေ င်း သတင်းထုတ်ပြန်ချက် ၇/၂၀၁၂ ကိုသြဂုတ်လ(၄)ရက်နေ့ကတည်းကပင် ထုတ်ပြန်ခဲ့သည်။

သတင်းစာဆရာ ဦးကိုကိုကြီး(ကြေးမုံ)ကလည်း "ကျွန်တော်ကတော့ အဲဒီအဖွဲ့ကို လုံးဝ(လုံးဝ)သဘောမတူဘူးဗျာ။ တကယ်ဆိုရင် အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့
စာရေးဆရာတွေ သတင်းစာဆရာတွေကို ကိုယ်စားပြုတယ်လို့ ကျွန်တော်မထင်ဘူးဗျာ။ အဲဒီမှာ ပါနေတာက ကျွန်တော်ရှင်းရှင်းပြောမယ်ဗျာ။ ခရိုနီ ဂျာနယ်လစ်တွေပဲဗျ။
အဲဒီလူတွေပဲ အဲဒီတော့ ကျွန်တော် လုံးဝမထောက်ခံဘူး။
နောက်ပြီး အစိုးရဖွဲ့စည်းတယ်ဆိုတာကိုက သဘာဝမကျဘူး။ ဟိုတုန်းကလည်း အစိုးရဖွဲ့ပေးတဲ့ စာပေစာနယ်ဇင်း ဘာညာဆိုတာတွေရှိခဲ့တာပဲ။ အစိုးရဖွဲ့တော့ အစိုးရပုံသဏ္ဍာန်နဲ့ အစိုးရအလိုကျ လိုက်လုပ်မယ့်သူတေံကိုဗျ။ သတင်းစာဆရာ၊ စာနယ်ဇင်းလောကအတွက် အကျိုးပြုပြီးတော့လုပ်ပေးတာထက် သူတို့အကျိုးစီးပွားနဲံ အစိုးရမျက်နှာရဖို့ လုပ်ကြမယ့်သူတွေပဲလေ။ ကျွန်တော်တို့ကတော့ ဘယ်လိုမှ လက်မခံနိုင်ဘူးဗျာ"

ဟုပြောခဲ့ကြောင်း သြဂုတ်လ(၁၅)ရက်နေ့ထုတ် Weekly Eleven ဂျာနယ် အမှတ်(၄၅)၊ အတွဲ(၇) တွင်ဖေါ်ပြခဲ့သည်။

ယခုအသစ်ထပ်မံဖွဲ့စည့်မည့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အတွက်လျာထားသည့်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်ကြကြောင်းသိရသည်။

၁။ဦးခင်မောင်အေး(တရားရုံးချုပ်တရားသူကြီး/ငြိမ်း)
၂။ဒေါက်တာအောင်ထွန်းသက်
၃။ဦးခင်အေး(မောင်ခင်မင်-ဓနုဖြူ)။
၎။ဒေါက်တာမျိုးသန့်တင်
၅။ဒေါက်တာတင်လှိုင်(ဘိုးလှိုင်)
၆။ဒေါက်တာကျော်ဇော်နိုင်
၇။ဦးစိုးသိမ်း(မောင်ဝံသ)
၈။ဦးခင်မောင်လေး(ဖိုးသောကြာ)
၉။ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)
၁၀။ဦးသီဟစော
၁၁။ဦးအောင်လှထွန်း
၁၂။ဦးကိုကိုကြီး(၈၈)
၁၃။ဦးမော်သန်း
၁၄။ဦးရဲမင်းဦး(Sky Net)
၁၅။ ဒေါ်အေးအေးဝင်း
၁၆။ဦးဇော်သက်ထွေး
၁၇။ ဦးချစ်ဝင်းမောင်
၁၈။ဒေါက်တာသိန်းမြင့်
၁၉။ဦးသောင်းစုငြိမ်း
၂၀။ဒေါ်နန်းကလျာဝင်း(ငွေသော်တာ)
၂၁။ဦးကျော်မင်းဆွေ
၂၂။ဦးကိုကိုကြီး(ကြေးမုံ)
၂၃။ဦးဖေမြင့် (ပြင်ပ)
၂၄။ ဦးတင်လှိုင်(လယ်တွင်သားစောချစ်)
၂၅။ဒေါ်ချိုချိုတင်(မစန္ဒာ)
၂၆။ဒေါက်တာတင်ထွန်းဦး
၂၇။ဒေါက်တာသာထွန်းဦး
၂၈။ဦးမြင့်ကျော်
၂၉။ ဒေါ် တင်ဇာဇော်
၃၀၊ဦးခင်မောင်ဌေး(ရုပ်သံ)

By Popular Myanmar

No comments:

Post a Comment