Monday 10 September 2012

တိမ်းရှောင်နေသော အီရတ်ဒုတိယသမ္မတ တာရစ်အယ်ဟာရှီမီ မျက်ကွယ်ကြိုးမိန့် ချမှတ်ခံရ


တိမ်းရှောင်နေသော အီရတ်ဒုတိယသမ္မတ တာရစ်အယ်ဟာရှီမီကို အီရတ်တရားရုံးတစ်ခုက စက်တင်ဘာလ ၉ ရက်နေ့တွင် မျက်ကွယ်ကြိုးမိန့်ပေးခဲ့ကြောင်း သိရပြီး ယင်းဆုံးဖြတ်ချက်ကြောင့် နိုင်ငံရေးတင်းမာမှု ပြန်လည်ဖြစ်ပွားစေမည်ဖြစ်သည်။


ဟာရှီမီကို မေလမှစတင်၍ မျက်ကွယ်၌ ရုံးတင်စစ်ဆေးနေခြင်းဖြစ်ပြီး ရှေ့နေတစ်ဦးနှင့် ဗိုလ်မှူးချုပ်တစ်ဦးတို့ကို သတ်မှုဖြင့် ဟာရှီမီအား ယင်းပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဟာရှီမီ၏အတွင်းရေးမှူးနှင့် သားမက်ဖြစ်သူ အာမက်ကာတန်ကိုလည်း ဘဂ္ဂဒက်တရားရုံးက မျက်ကွယ်စစ်ဆေးနေခဲ့ပြီး သူ့ကိုလည်း သေဒဏ်ချမှတ်ခဲ့သည်။ အီရတ်ဝန်ကြီးချုပ် နူရီအယ်မာလီကီကို ဝေဖန်ရာတွင် နာမည်ကြီးသောဟာရှီမီက သူ့အပေါ် စွဲချက်အားလုံးကို ငြင်းဆန်ခဲ့သည်။

ဆွန်နီလူမျိုးများထဲမှ အစိုးရ အကြီးတန်းတာဝန်ရှိသူတစ်ဦးဖြစ်သော ဟာရှီမီကို ယင်းစီရင်ချက်ချမှတ်ခဲ့မှုအတွက် သူ၏ရှေ့နေများက ရုံးတင်စစ်ဆေးမှုမှာ တရားမျှတမှုမရှိဘဲ တရားရုံးမှာလည်း နိုင်ငံရေးဆိုင်ရာ ဖိအားရှိနေကြောင်း ပြောကြားခဲ့ကြသည်။

၁၉၄၂ ခုနှစ်တွင် မွေးဖွားခဲ့သော ဟာရှီမီသည် ၂၀၀၆ ခုနှစ်၊ ဧပြီလတွင် ဒုတိယသမ္မတတစ်ဦး ဖြစ်လာခဲ့သည်။

ဒုတိယသမ္မတတာဝန် စတင်ထမ်းဆောင်ချိန်က ဟာရှီမီသည် အီရတ်အစ္စလာမ်မစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး ယင်းပါတီမှာ အီရတ်ဆွန်နီအကြမ်းဖက်သမားတို့၏ အဖွဲ့အချို့နှင့် ပတ်သက်မှုများရှိကြောင်း စွပ်စွဲခံရသည်။ ယင်းပါတီသည် ဆွန် နီများဦးဆောင်သော National Concord Front ပါတီကို နိုင်ငံရေးလောကထဲ ပြန်ဝင်နိုင်ရန် တွန်းအားပေးနိုင်ခဲ့သည်။

ဟာရှီမီသည် နောက်ပိုင်းတွင် Tajdid (Renewal)ပါတီကို ထူထောင်ခဲ့ပြီး ယင်းပါတီမှာ ၂၀၁၀ ပြည့်နှစ်၊ လွှတ်တော်ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံး အနိုင်ရခဲ့သော ဆွန်နီများ ကျောထောက်နောက်ခံပြုသည့် လောကီသီးသန့်ဝါဒီ Iraqiya ပါတီ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ဒုတိယအမတ်အများဆုံးရခဲ့သော မာလီကီ၏ State of Law ညွန့်ပေါင်းက အစိုးရအဖွဲ့ကို ဆက်လက် ဦးဆောင်နိုင်ခဲ့သည်။

ဟာရှီမီသည် ၂၀၁၀ ပြည့်နှစ်တွင် ဒုတိယသမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရသော်လည်း လက်မရွံ့ တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည်ဟု ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလလယ်တွင် စွပ်စွဲခံရပြီးနောက် အီရတ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာ့ဒ်လူမျိုးဒေသသို့ ထွက်ပြေး ခဲ့သည်။ ယင်းနောက် ဧပြီလနောက်ပိုင်းမှစ၍ တူရကီတွင် ခိုလှုံနေခဲ့သည်။

Ref:AFP

By Eleven Media Group

No comments:

Post a Comment