Saturday 3 November 2012

မိုးထိ မိုးမိ ရွှေလုပ်သားများ ဆက်လက်ဆန္ဒပြ


အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ရုံးချုပ်ရှေ့တွင် ဒုတိယအကြိမ် ထပ်မံဆန္ဒဖော်ထုတ်မှုပြုလုပ်သော ရမည်းသင်းမြို့နယ်
မိုးထိ မိုးမိဒေသမှ ရွှေလုပ်သားများသည် ကုမ္ပဏီမှ
ဖြေရှင်းပေးမှုမရှိပါက ၎င်းတို့အနေဖြင့် ရုံးဖွင့်ရက်များတွင် ရက်ဆက်ဆန္ဒဖော်ထုတ်မှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေလုပ်သားခေါင်းဆောင် ကိုနေအောင်ထက်က ပြောကြားသည်။

ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မှုတွင် မိုးထိမိုးမိဒေသမှ ရွှေလုပ်သား ၁၀၀ ဦးခန့် ပါဝင်ကာ ခွင့်ပြုချက်တင်ပြီး ဆန္ဒပြတောင်းဆိုခြင်းဖြစ်ကြောင်း၊
ယခုကဲ့သို့ ထပ်မံဆန္ဒပြတောင်းဆိုခြင်းမှ ကုမ္ပဏီက မည်သို့မျှဖြေရှင်းပေးခြင်းမရှိသောကြောင့်ဖြစ်ကြောင်း၊ တောင်းဆိုမှုများ လိုက်လျောခြင်းမရှိပါက
ရက်ရှည်ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကိုနေအောင်ထက်က ဆက်လက်ပြောသည်။

ကုမ္ပဏီက ဆန္ဒပြခေါင်းဆောင်များကို တွေ့ဆုံညှိနှိုင်းခြင်း မပြုလုပ်သော်လည်း ကုမ္ပဏီ၏ မျက်နှာစာတွင် ဆန္ဒပြသူများ၏ တောင်းဆိုမှုများကို
တန်ပြန်တုံ့ပြန်သည့် စာများ ရိုက်နှိက်ထားသော ဗီနိုင်းများ ချိတ်ဆွဲထားသည်။ ၎င်းတို့၏ ရုံးတွင်းဧရိယာအတွင်း အချောင်လိုချင်စိတ်သည် မိမိလူမျိုးနှင့်
တိုင်းပြည်အကျိုးကို ထိခိုက်စေပါသည်။ ဒီမိုကရေစီနိုင်ငံဖြစ်ပါသည်။ လူအများ၏ဆန္ဒကို လေးစားပါ။ လူ့အလို နတ်မလိုက်နိုင်၊ တရားဥပဒေဖြင့်သာ
မျှတမှုကိုရယူပါ အစရှိသည့် စာတန်းများကပို ချိတ်ဆွဲထားသည်ကို တွေ့ရခြင်းဖြစ်သည်။

`သူတို့ဗီနိုင်းထဲမှာ ကျွန်တော်တို့ကို လူတစ်စုလိုပြောတယ်။ ရမည်းသင်းမှများ ဆန္ဒထုတ်ဖော်ခွင့်ပြုကြည့် အခုပမာဏထက်များတယ်။ လူနည်းစုလောက်ပဲ
ဒုက္ခရောက်ရင် ကျုပ်တို့တောင်ပေါ်က (ရွှေလုပ်ခွင့်ရုပ်သိမ်း)ဆင်းပေးမယ်။ လူများစုဖြစ်ရင် သူတို့ကုမ္ပဏီ ဆင်းပေးမှာလား´ဟု ရွှေလုပ်သားအဖွဲ့
တစ်ဦးက အသံချဲ့စက်ငယ်ဖြင့် အဖွဲ့သားများကအော်ပြောရာ အဖွဲ့သားများက သဘောတူကြောင်း တုံ့ပြန်ပြောကြားသည်။

ယခုတစ်ကြိမ် ဆန္ဒထုတ်ဖော်ရာတွင် ယခင်တောင်းဆိုမှုများဖြစ်သော ရမည်းသင်းမြို့ မိုးထိမိုးမိဒေသ ကာကွယ်စောင့်ရှောက်ရေး၊ အနိုင်ကျင့်ဗိုလ်ကျသော
ကုမ္ပဏီဝန်ထမ်းများအား အရေးယူရေး၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု အရေးယူရေး၊ ကုမ္ပဏီကြောင့် ဆက်လက်မလုပ်နိုင်သူများအား နစ်နာကြေး
ပေးရေး၊ ရွှေလုပ်သားတို့ အရေးတော်ပုံအောင်ရမည်၊ ရွှေမြင်တင်စာချုပ်အား အပြည့်အ၀လိုက်နာရေးစသည့် ကြွေးကြော်သံများကို
ကြွေးကြော်ခဲ့ကြသည်။

ဓာတ်ပုံ- ထက်ပိုင်ဖြိုး

By 7Day News Journal

No comments:

Post a Comment