Sunday 7 October 2012

ပြည်ပရောက် မြန်မာများအနေဖြင့် ပြည်သူပြည်သားများနှင့်အတူ ၀ိုင်းဝန်းရုန်းကန်မည်ဟူသော စိတ်ဖြင့်သာ ပြည်တွင်းသို့ ပြန်ဝင်ရောက်ခဲ့ပါဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ပြည်ပရောက် မြန်မာများအနေဖြင့် ပြည်သူပြည်သားများနှင့်အတူ ၀ိုင်းဝန်းရုန်းကန်မည်ဟူသော စိတ်ဖြင့်သာ ပြည်တွင်းသို့ပြန်ဝင်ရောက်ခဲ့ပါဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ သော အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို မြန်မာမိသားစုများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို ကယ်တင်ရန်ဟုဆိုကာ ပြည်ပကလူများ ပြန်ဝင်နေသည့်အပေါ် အကြံပြုချက် တောင်းခံသည့် အပေါ်တွင် ၎င်းကပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''ကျွန်မကိုယ်တိုင်လည်း မြန်မာနိုင်ငံကို ကယ်တင်နိုင်မယ်။ ကယ်တင်ရှင်ကြီးလို့ ဘယ်တုန်းကမှ စိတ်ထဲမှာ မထားခဲ့ပါဘူး။ ကျွန်မ တတ်နိုင်သလောက်ရုန်းကန်ပြီးတော့ ကျွန်မတို့ လိုလားတဲ့ နိုင်ငံတစ်ခုဖြစ်အောင် လုပ်သွားမယ်ဆိုတဲ့ စိတ်ပဲ ထားပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံကို ကယ်တင်ဖို့ ဆိုပြီးတော့ ပြန်မလာခဲ့ပါနဲ့။ မြန်မာနိုင်ငံမှာ ၀ိုင်းပြီးတော့ ပြည်သူပြည်သားတွေနဲ့အတူ ရုန်းကန်မယ်ဆိုတဲ့ စိတ်နဲ့ပဲပြန်လာခဲ့ပါလို့ ပြောချင်ပါတယ်''ဟု ၎င်းက ထည့်သွင်းဖြေကြားခဲ့သည်။

ဒီမိုကရေစီနိုင်ငံတော်တစ်ခု ထူထောင်ခြင်းဆိုသည်မှာ ပြည်သူပြည်သားများက ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများနှင့်အညီ ယဉ်ပါးရန် ဖြစ်ပါကြောင်း၊ ယခုအခါ ပြည်သူပြည်သား တော်တော်များများက ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများက ဘာလဲဆိုသည်ကိုတောင် မသိကြသေးကြောင်း၊ ယခု ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေသည်ဆိုသော်လည်း အများစုမှာ အာဏာသည် အစိုးရလက်ထဲတွင်သာရှိနေသည်ဟု မြင်နေကြသေးကြောင်း၊ ထို့ကြောင့် ပြည်သူပြည်သားများအနေဖြင့် အာဏာသည် ပြည်သူပြည်သားများ၏ လက်ထဲတွင်ရှိနေသည် ဆိုသည်ကို သေသေချာချာမြင်နိုင်မှ ဒီမိုကရေစီအဖွဲ့အစည်းတစ်ခုကို ထူထောင်နိုင်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ မြင်နိုင်ရန်အတွက် မြန်မာနိုင်ငံကို ကူညီသူများ အနေဖြင့် လုပ်ဆောင်ပေးကြရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းများမေးခြင်းမတိုင်မီ ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

''တချို့က ပြန်သွားပြီးလို့ရှိရင် ကိုယ်ဘာရနိုင်မလဲလို့ ကြည့်ကြတယ်။ အဲဒါကတော့ မသင့်တော်ပါဘူး။ ရေတိုမှာတော့ ရချင်ရမှာပေါ့။ ရေရှည်မှာတော့ တကယ့်စိတ်ကျေနပ်မှုရမှာ မဟုတ်ဘူး။ ကိုယ့်မှာ စိတ်ကျေနပ်မှုမရဘူးဆိုရင် ကိုယ်ရခဲ့တဲ့ ရလာဒ်တွေက အလကားပဲ။ အဲဒီတော့ ကိုယ်ဘာပေးနိုင်သလဲဆိုတာ သေသေချာချာစဉ်းစားပါ''ဟု ဒေါ် အောင်ဆန်းစုကြည်က မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

ပြည်သူများ၏အင်အားကို ပံ့ပိုးသည့်နည်းဖြင့်ကူညီကြရန်၊ အင်အားရှိပြီးသားသူများကို ပံ့ပိုးသည့် အနေဖြင့် မကူညီကြရန် မေတ္တာရပ်ခံလိုပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

By Eleven Media Group

Photo - Aye Chan Mon

No comments:

Post a Comment